မင်းလှ ၃၀ ဧပြီ
ကရင်တိုင်းရင်းသားများမိမိတို့၏ ကရင်စကားများ ကျွမ်းကျင်စွာ ပြောဆိုတတ်စေရန်နှင့် သင်ကြားနည်းစနစ်များပိုမို အဆင်ပြေ ပေါက်မြောက်စေရန်ရည်ရွယ်ပြီး ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊အမှတ်(၇) ရပ်ကွက်၊ မြို့ဦးဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၈ နာရီက ခရိုင်ကိုယ်စားပြု စကောကရင်စာပေ(Grade One) သင်ရိုးသစ်သင်တန်းကိုဖွင့်လှစ်သင်ကြားခဲ့ကြောင်းသိရသည်။
သင်တန်းဖွင့်ပွဲတွင် တိုင်းဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမူကော်မတီနာယကဆရာတော် ဦးသုန္ဒရက လူမျိုးတိုင်း စာပေနှင့် ယဉ်ကျေးမူကို ထိန်သိမ်းကြရန်အမှာစကားပြောကြားသည်။ ထို့နောက် ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌ စောသောင်းကြီးက ကရင်စာသင်ဆရာမများ အမျိုးသားရေးကိုရှေးရှု၍ အနစ်နာခံ ကြိုးစားသင်ကြားပေးနေကြသည်ကိုကျေးဇူးတင်ကြောင်းနှင့် နောင်တွင်လည်း အမျိုးသားရေးအတွက် ကြိုးစားဆောင်ရွက်ပေးကြရန်အားပေးစကားပြောကြားသည်။
မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမူကော်မတီ ဒု- ဥက္ကဌ စစ်ပြန်ကွင်းအသင်းတော် ဆရာစောထူးဝေက သင်တန်းသား သင်တန်းသူများကို မိမိတို့ မြို့နယ်တွင် အောင်မြင်ပေါက်မြောက်စွာ ပြန်လည်ပို့ချနိုင်ရန်အတွက် သင်ရိုးသစ်သင်ခန်းစာများအား ကြိုးစားသင်ယူကြရန် တိုက်တွန်းပြောကြားသည်။
အဆိုပါသင်တန်းတွင် ခရိုင် (၈)မြို့နယ် အတွင်းမှ စကောကရင်စာပေသင်ကြားနေသော ဆရာမများ တစ်မြို့နယ်လျှင် (၃)ဦးစီနှင့် မင်းလှမြို့ခံဆရာမများ စုစုပေါင်း(၃၆)ဦးတက်ရောက်သင်ကြားရာ နည်းပြဆရာမနှစ်ဦးက Grade One သင်ရိုးသစ်သင်ခန်းစာတွင် ပါဝင်သော သင်ကြားနည်း အသစ်များကိုသင်ကြားပို့ချပေးမည်ဖြစ်ကြောင်းနှင့် သင်တန်းကို နေစဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲချိန်ထိ(၅)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းပြီးဆုံးပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
ပေါက်စ(မင်းလှ)