မကွေး ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်အတွင်းရှိ တောင်တွင်းကြီး၊ မြို့သစ်၊ နတ်မောက် မြို့နယ်များ၏ ပြည်သူ့ဆေးရုံများနှင့် Quarantine Center များအား ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းက မကွေးခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ ဦးမောင်ထူးက ကြည့်ရှု့စစ်ဆေး ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌသည် တောင်တွင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး အစီအမံများ ဆောင်ရွက်နေမှုအခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်ပြီး ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌသည် မြို့နယ်ပြည်သူ့ဆေးရုံနှင့် ကိုဗစ်-၁၉ ရောဂါ လူနာများထားရှိသော ပရပ်ကြယ်တိုက်နယ်ဆေးရုံသို့ သွားရောက်ကြည့်ရှုရာ တာဝန်ရှိသူများက ကိုဗစ်-၁၉ရောဂါ လူနာများအား ရောဂါကုသပေးနေမှု အခြေအနေနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြမှုအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌသည် မြို့သစ်မြို့နယ်နှင့် နတ်မောက် မြို့နယ်များရှိ Quarantine Centerများနှင့် မြို့နယ်ပြည်သူ့ဆေးရုံများသို့ သွားရောက်ကြည့်ရှုခဲ့ရာ မြို့နယ်ပြည်သူ့ဆေးရုံ အသီးသီးမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေနှင့် ပိုးတွေ့လူနာများအား ကုသပေးနေမှုများနှင့် လိုအပ်နေသော အခက်အခဲများအား ရှင်းလင်းတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌက လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စည်သူလွင်(ပြန်/ဆက်)




