ပုသိမ် ၂၇ ဖေဖော်ဝါရီ
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များနှင့် သတင်းမီဒီယာများ တွေ့ဆုံပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပုသိမ်ခရိုင် ရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးဇော်နိုင်ဦးက တွေ့ဆုံပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များ၊ အတွင်းရေးမှူးတို့နှင့် တက်ရောက်လာကြသော မီဒီယာများနှင့် တစ်ဦးချင်း မိတ်ဆက်သည်။
၎င်းနောက် ဥက္ကဋ္ဌ ဦးတင့်လွင်က ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသော ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများအကြောင်းကို လည်းကောင်း၊ အတွင်းရေးမှူး ဦးဇော်နိုင်ဦးက နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် ဆောင်ရွက်ရမည့် ကိစ္စရပ်များကိုလည်းကောင်း၊ အဖွဲ့ဝင်များက လွှတ်တော်ကိုယ်စားလှယ်လောင်း သတ်မှတ်ချက်နှင့်အညီ ရွေးချယ်မှုများကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော သတင်းမီဒီယာများက သိလိုသည်များကိုမေးမြန်ကြရာ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
တွေ့ဆုံပွဲသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပုသိမ်အခြေစိုက် ရုပ်သံ၊ သတင်းစာ၊ ဂျာနယ်များမှ သတင်းမီဒီယာသမားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ပုသိမ်ခရိုင် ၇ မြို့နယ်၌ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် မဲရုံပေါင်း ၁၂၆၅ ရုံရှိပြီး မဲဆန္ဒရှင် ၁၁၃၄၈၇၀ ဦးရှိကြောင်း ခရိုင်ရွေးကောက်ပွဲကော်မရှင်ရုံးမှ သိရသည်။
သတင်း/ဓာတ်ပုံ- မောင်မောင်မြင့်(ပြန်/ဆက်)


