‌နေပြည်တော်၊ မတ် ၁၈

ခရိုင်သစ်တောအရာရှိများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၉)နှင့် သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်မှ ယခုနှစ်တွင် ကျောင်းဆင်းပြီး လုပ်ငန်းခွင်ဝင်မည့် တောအုပ်ကြီး လုပ်ငန်းခွင်အကြိုသင်တန်း အမှတ်စဉ် (၂/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သစ်တောသုတေသနဌာန စုဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနအကြီးအကဲများ၊ သင်တန်းဆရာများနှင့် သင်တန်းသားများ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက အမျိုးသားသစ်တောကဏ္ဍ နှစ် (၃၀) ပင်မစီမံကိန်းအရ နိုင်ငံဧရိယာ၏ ၃၀ ရာခိုင်နှုန်းကို ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအဖြစ်လည်းကောင်း၊ ၁၀ ရာခိုင်နှုန်းကို သဘာဝထိန်းသိမ်းရေး နယ်မြေများအဖြစ်လည်းကောင်း ဖွဲ့စည်းရန် လျာထားဆောင်ရွက်လျက်ရှိရာ ရည်မှန်းချက် ပြည့်မီအောင် တိုးချဲ့ဖွဲ့စည်းနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် အထူးအလေးထား ဆောင်ရွက်ကြစေလိုကြောင်း၊ မြန်မာနိုင်ငံ၏ ရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေးအတွက် ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဒီရေတောများ ကာကွယ်ထိန်းသိမ်းရေးလုပ်ငန်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ၊ တရားမဝင်သစ် ဖမ်းဆီးရေးလုပ်ငန်းများ၊ ကားလမ်းဘေးဝဲယာနှင့် မြစ်ချောင်းများ ဘေးဝဲယာတစ်လျှောက် စိမ်းလန်းစိုပြည်ရေး၊ အာဆီယံလမ်းမကြီးနှင့် ရထားလမ်းဘေးဝဲယာ သစ်ပင်စိုက်ပျိုးထိန်းသိမ်းခြင်း၊ ကျေးလက်နေ ပြည်သူများအတွက် ကျေးရွာထင်းစိုက်ခင်းများ တည်ထောင်ခြင်း လုပ်ငန်းများနှင့် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးလုပ်ငန်းများတွင် ဆက်စပ်ဌာနဆိုင်ရာများ နှင့် ပေါင်းစပ်ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်ကြစေလိုကြောင်း။

သင်တန်းသားများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချမှုများကို သေချာစွာလေ့လာမှတ်သားရန်နှင့် ဌာနအကျိုး၊ နိုင်ငံအကျိုးကို စွမ်းဆောင်ရည်မြင့်မားစွာဖြင့် ကောင်းစွာသယ်ပိုးနိုင်သော ဝန်ထမ်းကောင်းများ ဖြစ်လာအောင် ကြိုးစားလေ့ကျင့်သင်ယူသွားကြရန် တိုက်တွန်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

အဆိုပါ သင်တန်းများကို သစ်တောသုတေသနဌာန၊ ရေဆင်းတွင် မတ် ၁၈ ရက်မှ ၂၉ ရက်အထိ ရက်သတ္တ ၂ ပတ်ကြာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးရုံးချုပ်တွင် မတ် ၁၁ ရက်မှ ဧပြီ ၅ ရက်အထိ ဖွင့်လှစ်ပို့ချလျက်ရှိသော ဒုတိယဦးစီးမှူးများ လုပ်ငန်းခွင် မွမ်းမံသင်တန်းသို့ သွားရောက်၍ နေပြည်တော်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ သင်တန်းများကို In Person / Online စနစ်ဖြင့် သင်ကြားပို့ချနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်