ခရမ်းချဉ်စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့သည့်အတွက် အသီးထွက်ချိန် ဈေးနှုန်းအတက်ဘက်သို့ ဆက်တိုက်ဦးတည်နေ

ဇွန် ၂၃

ရာသီဉတုပူပြင်း၍ ခရမ်းချဉ်စိုက်ဧကများ လျှော့ချစိုက်ပျိုးခဲ့သည့်အတွက် အသီးထွက်ချိန်တွင် ဈေးနှုန်းများ အတက်ဘက်သို့ ဆက်တိုက်ဦးတည်နေခြင်းဖြစ်ကြောင်း ကိုယ်တိုင်စိုက်ပျိုးသူများထံမှ သိရသည်။

ယခုနှစ်ရာသီချိန်တွင် အပူချိန်ပြင်းထန်သည့်အတွက် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး စသည့် အပူပိုင်းဒေသများရှိ ခရမ်းချဉ်စိုက်ပျိုးသူအများစု စိုက်ပျိုးဧက လျော့ချစိုက်ပျိုးခဲ့ကြသည်။

သို့ဖြစ်၍ မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ခရမ်းချဉ်သီးအထွက်နှုန်းများ ကျဆင်းပြီး ဝယ်လိုအားနှင့် ရောင်းလိုအား မမျှတကာ ခရမ်းချဉ်သီးဈေးကွက် ဆက်တိုက်အတက်ဘက်သို့ ဦးတည်နေသည်။

"ရှမ်းသီးပဲဖြစ်ဖြစ်၊ ဘယ်ခရမ်းချဉ်သီး အမျိုးအစားဖြစ်ဖြစ် ဈေးတက်နေပါတယ်။ မနှစ်ကတုန်းက ခရမ်းချဉ်စိုက်ပျိုးသူတွေ အရမ်းရှုံးခဲ့ကြတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့ ဈေးကောင်းရနိုင်မယ်လို့ ခန့်မှန်းမိပါသေးတယ်။ သို့သော် တောင်သူတွေအနေနဲ့ ခရမ်းချဉ်သီးစိုက်မယ်ဆိုရင် မတ်လမှာ စိုက်ပျိုးခဲ့မှ ဒီအချိန်မှာ ကောင်းကောင်းမွန်မွန် ခူးရောင်းရမှာကိုး။ ဒီနှစ် မတ်လက နေတအားပူပြင်းတယ်၊ ရာသီဉတု အရင်ထက်ပိုပူတော့ စိုက်တဲ့သူဆိုလည်း ထပ်ရှုံးဦးမှာပါပဲလေ။ ဒါ့ကြောင့် စိုက်ဧက လျော့စိုက်သူများတယ်"ဟု မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မှ စီးပွားဖြစ် သီးနှံစုံစိုက်ပျိုးသူ ဦးဟန်ဇော်သက်က ပြောသည်။

ခရမ်းချဉ်သီးပင် စိုက်ပျိုးရာတွင် အစေ့စတင်ပျိုးထောင်ချိန်မှစပြီး အသီးထွက်ရှိချိန်အထိ ရက်ပေါင်း (၈၀)မှ (၉၀)အတွင်း အချိန်ပေးစိုက်ပျိုးကြရသည်။

စီးပွားဖြစ်စိုက်ပျိုးသူများအနေဖြင့် မိမိဒေသ၏ ရာသီဉတုအခြေအနေနှင့် ရရှိလာမည့် အထွက်နှုန်း၊ တင်ပို့ရောင်းချမည့် ဈေးကွက်၏ ဝယ်လိုအား၊ တစ်နိုင်ငံလုံးရှိ ခရမ်းချဉ်သီးပင် စိုက်ပျိုးဧကစုစုပေါင်းတို့အပေါ် ချင့်ချိန်နှိုင်းဆ စိုက်ပျိုးသင့်ကြောင်း ကျွမ်းကျင်သူများက ဆိုသည်။

"အညာဘက်မှာ ဒီနှစ် ခရမ်းချဉ်သီးတွေ များများစားစား မထွက်တဲ့အတွက် အခုလိုမျိုး ဈေးတွေ တက်ကုန်တာပါ။ သို့သော် ရာသီဉတုပူပြင်းတာကြောင့်အပြင် အကြောင်းအရင်း နောက်တစ်ခုရှိတာတော့ တောင်သူအများစုက ဈေးကောင်းရတဲ့အချိန်မှာမှ သီးနှံကိုလိုက်ပြီး စိုက်လေ့ရှိတာပါ။ မနှစ်က ဈေးကွက်မကောင်းတော့ ဒီနှစ်မှာ သိပ်မစိုက်ကြတော့ဘူး။ ဒီနှစ်မှာ ဈေးကွက်ကောင်းပြန်တော့ ခရမ်းချဉ်တွေကို အခုလည်း တအားစိုက်နေကြပြန်တယ်။ အင်တာနက်မှာလည်း တွေ့မှာပေါ့နော်။ ခရမ်းချဉ်ချည်းပဲကို ဆယ့်နှစ်ဧကလောက် စိုက်တဲ့သူတောင် ရှိပါတယ်"ဟု ဦးဟန်ဇော်သက်က ဆက်လက်ပြောသည်။

လက်ရှိ ခရမ်းချဉ်သီးဈေးနှုန်းများမှာ အရည်အသွေးပေါ်မူတည်၍ လက်ကားဈေး တစ်ပိဿာလျှင် (၁၄၀၀)ကျပ်မှ (၂၄၀၀)ကျပ်အတွင်း ပေါက်ဈေးရှိနေကြောင်း သိရသည်။

နန်းထက်ထက်ချစ်