မင်းဘူး၊ ၁၁ ဖေဖော်ဝါရီ

 

ခရမ်းချဉ်စိုက်ခင်းများ ဖြစ်ထွန်းပြီး လှိုင်လှိုင်ပေါ်နေချိန်တွင် ကိုဗစ်-၁၉ ကပ်ရောဂါများ ဖြစ်နေသော်လည်း ခရမ်းချဉ်သီးဈေး ပြန်တက်လာသဖြင့် မင်းဘူး(စကု)မြို့နယ်မှ ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။

 

"ခရမ်းချဉ်က မီးဖိုချောင်သုံး စားစရာ ရောင်းကုန်အဖြစ်နဲ့ အဓိကရောင်းချရတာပါ။ စောစောပိုင်းက ခရမ်းချဉ်သီးဈေး ၈၀၀/၁၀၀၀ ကနေ ၁၀၀/၂၀၀ ကျပ်ဈေးအထိ ထိုးကျသွားတော့ ကျွန်တော်တို့ တောင်သူတွေ တော်တော်ဒုက္ခရောက်ကျတယ်။ အခုတော့ ဈေးပြန်တက်လာတဲ့အတွက် အဆင်ပြေကြပါတယ်'' ဟု ခရမ်းချဉ်စိုက်တောင်သူ ကိုဘအေးက ပြောသည်။

 

မင်းဘူးမြို့နယ်ရှိ ကျေးရွာများအနက် ကျောက်တန်းကျေးရွာမှာ ခရမ်းချဉ်ကို အဓိကထားစိုက်ပျိုးသည့် ဒေသဖြစ်ပြီး မိုးခရမ်းချဉ်၊ ဆောင်းခရမ်းချဉ်ရယ်လို့ အမျိုးမျိုးစိုက်ပျိုးကြပြီး ယခုမင်းဘူး ခရမ်းချဉ်သီး ဈေးကွက်မှာ လက်ကားဈေး တစ်ပိဿာလျှင် ၄၀၀ ကျပ်နှင့် လက်လီဈေး တစ်ပိဿာလျှင် ၅၀၀ ကျပ် ရောင်းချနေရကြောင်း စိုက်ပျိုးလုပ်ကိုင်သူများထံမှ သိရသည်။

 

"ဒီနှစ်က အသွားအလာကန့်သတ်တဲ့ နယ်မြေတွေလည်းရှိတော့ ဈေးတော့နည်းနည်းအေးတာပေါ့။ ဒါပေမဲ့ အခုရက်ပိုင်း ခရမ်းချဉ်သီးဈေး ပြန်တက်လာတော့ တောင်သူတွေ အသက်ရှူချောင်တာပေါ့'' ဟု ကျောက်တန်းကျေးရွာမှ စိုက်ခင်းပိုင်ရှင် မနွယ်နွယ်ဌေးက ဆိုပြန်သည်။

 

အပင်ငယ်ငယ်အချိန်မှာ မိုရောဂါကျရောက်ပြီး ပျက်စီးဆုံးရှုံးမှုများနဲ့ ကြုံတွေ့ရသူတွေရှိသဖြင့် အထူးဂရုစိုက်ပြီး မိုရောဂါအတွက် ပိုးသတ်ဆေးဖျန်း အပင်ကြီးလာတဲ့အခါမှာလည်း ရွက်လိပ်ပိုးနှင့် မိုရောဂါများ ကျရောက်တတ်တာကြောင့် အထူးဂရုစိုက်ပျိုးရကြောင်းလည်း ခရမ်းချဉ်စိုက်ပျိုး လုပ်ကိုင်သူများထံမှ သိရသည်။

 

ဇေယျာထက် (မင်းဘူး)

 

mdn