ရန်ကုန် မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နွေရာသီအခြေခံပန်းချီရေးဆွဲနည်းအခမဲ့ သင်တန်းကို မတ် ၄ ရက်မှ ၁၇ ရက်အထိ၊ အခြေခံကာတွန်းရေးဆွဲနည်း အခမဲ့သင်တန်းကို မတ် ၆ ရက်မှ ၁၅ ရက်အထိ ဖွင့်လှစ်ခဲ့ရာ ယမန်နေ့မွန်းလွဲပိုင်းတွင် သင်တန်းဆင်းပွဲအခမ်းအနားကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာ ပန်းချီပညာရှင် ပန်းချီဌေးဝင်း (မြန်မာ့ရိုးရာ ပန်းပညာရှင်များ အစည်းအရုံးမြို့နယ်ဒုတိယဥက္ကဋ္ဌ)က ပန်းချီရေးဆွဲပြိုင်ပွဲမှ ပန်းချီပုံများ၏ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စိတ်ကြိုက်ပန်းချီရေးဆွဲနည်းပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး သင်တန်းနည်းပြဆရာ ပန်းချီဌေးဝင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ခရမ်း)


