ခရမ်း    ၅  အောက်တိုဘာ

 

ရန်ကုန် တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင်  လုံခြုံရေးတာဝန်ထမ်းဆောင်မည့် အထူးရဲသင်တန်းကို အောက်တိုဘာ ၁ ရက်မှ စတင်ကာ မြို့နယ်အားကစားခန်းမနှင့် မြို့နယ်အတွင်းရှိ ရဲကင်းစခန်းခွဲများတွင် ဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။

 

အခမ်းအနားတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးကျော်ဟန်မှ အထူးရဲသင်တန်းနှင့် ပတ်သက်၍ သင်တန်းသား တစ်ဦးချင်းစီတိုင်း လိုက်နာကျင့်သုံးရမည့် စည်းကမ်းကျင့်ဝတ်များ၊ မဲရုံလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ရမည့် အကြောင်းအရာများနှင့် သင်ကြားမည့် ဘာသာရပ်များအား ကြိုးစားသင်ယူလေ့ကျင့်ကြရန်တို့ကို ပြောကြားခဲ့သည်။

 

အဆိုပါသင်တန်းတွင် လူ့အခွင့်အရေး၊ ပြည်သူလူထု ပူးပေါင်းပါဝင်သော ရဲလုပ်ငန်းစနစ်၊ ရဲစည်းကမ်း ထိန်းသိမ်းရေး ဥပဒေ၊ ရဲကျင့်ဝတ်၊ ရာဇသတ်ကြီးဥပဒေ၊ ရဲအက်ဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ ရဲလက်စွဲဥပဒေ၊ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ သတင်းမီဒီယာဥပဒေနှင့် အခြေခံစစ်ရေးပြသခြင်းတို့ကို သင်ကြားပို့ချပေးမည်ပြီး သင်တန်းကာလမှာ (၄) ပတ်ဖြစ်ကြောင်း သိရသည်။

 

ခရမ်းမြို့နယ်ရှိ ရပ်ကွက်(၁၃)ရပ်ကွက်နှင့် ကျေးရွာများတွင် ပြည်သူအများ ဆန္ဒမဲပေးနိုင်မည့် မဲရုံ(၂၀၄)ရုံအတွက် အထူးရဲ (၂၀၄)ဦး ခန့်အပ်သွားမည်ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကာလဖြစ်သဖြင့် သင်တန်းကို ကျန်းမာရေး လမ်းညွှန်ချက်များနှင့်အညီ လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ခရမ်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)နဲ့ အမှတ် (၂)တို့မှာ လျာထားမဲရုံ (၂၀၄)ရုံရှိပြီး မဲရုံလုံခြုံရေးအတွက် အထူးရဲ (၂၀၄) ဦးကို ခန့်အပ်သွားမှာပါ၊ အထူးရဲတွေအနေနဲ့ သက်ဆိုင် ရာရပ်ကွက်/ ကျေးရွာကော်မရှင်ခွဲ၊ အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး ပြည်သူများ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရေးအတွက် မဲရုံလုံခြုံရေး တာဝန်ယူဆောင်ရွက်ရန်ဖြစ်ပြီး နယ်မြေခံ ရဲတပ်ဖွဲ့အနေနဲ့ကတော့ ရွေးကောက်ပွဲကာလမှာ မဲဆန္ဒရှင်တွေ မဲမပေးနိုင်အောင် ဟန့်တားမှုများ မဖြစ်ပေါ်စေရေး၊ မဲရုံပရဝုဏ်နဲ့ ကိုက်(၅၀၀)အတွင်း အသံချဲစက်များ ဆူညံစွာ ဖွင့်လှစ်မှုမရှိစေရေး၊ မူးယစ်သောက်စားရမ်းကားမှုများ မဖြစ်ပေါ်စေရေးအတွက် လှည့်ကင်း၊ ရပ်ကင်းများဖြင့် လုံခြုံရေး ဆောင်ရွက်ပေး သွားမှာ ဖြစ်ကြောင်း မြို့မရဲစခန်းထံမှ သိရသည်။  

 

ကိုမင်း(ခရမ်း)