ခါတစ်ခေါက် လာရောက်လည်ပတ်စေချင် စစ်ကိုင်းတစ်ခွင်

 

 

ဒေါက်တာ တင်မာမာဦး (စစ်ကိုင်း)

 

 

စစ်ကိုင်းတိုင်းဒေသကြီးသည် သာသနာ ထွန်းကားရာနယ်မြေတစ်ခုဖြစ်ပြီး   မြန်မာနိုင်ငံရှိ ထင်ရှားကျော်ကြားသော ဘုရားများ ကိန်းဝပ်ရာဒေသလည်း ဖြစ်သည်။ စစ်ကိုင်းတိုင်းဒေသကြီး၏  ထူးခြားသော ယဉ်ကျေးမှုများကို ကမ္ဘာတစ်ဝန်းရှိ ဧည့်သည်များ လာရောက်လေ့လာနိုင်သည်။ သမိုင်းဝင်နေရာများဖြင့် လှပသော စစ်ကိုင်းတိုင်း ဒေသကြီးသည် တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းအမွေအနှစ်များနှင့်အတူ ရှေးဟောင်း အဆောက်အအုံများလည်း များစွာရှိသည်။

 

ရာပေါင်းများစွာသောဘုရားများကို  ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖူးတွေ့မြင်နိုင်

 

စစ်ကိုင်းဟုဆိုကြလျှင် စစ်ကိုင်းတောင်၊ မင်းဝံတောင်နှင့် မင်းကွန်းဒေသများသည်လည်း ခွဲခြား၍ မရသော အရာများဖြစ်သည်။ စစ်ကိုင်းတောင်ပေါ်တွင် ရာပေါင်းများစွာသောဘုရားများကို ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ဖူးတွေ့မြင်နိုင်သည်။ စစ်ကိုင်းတောင်နှင့် မင်းကွန်းဒေသများသည် တရားအားထုတ်ရာ စခန်းများဖြင့်လည်း လူသိများလှသည်။ ဧရာဝတီမြစ်နှင့်အပြိုင်တည်ရှိနေသော စစ်ကိုင်းတောင်ရိုးပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ဘုရားစေတီ ပုထိုးများ၏ ခံ့ညားလှပသောရှုခင်းများသည်လည်း လာရောက်လည်ပတ်သည့် ဧည့်သည်များအား ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။

 

ဇေယျာရွှေမြေသို့ လာရောက်လည်ပတ်သည့် ဧည့်သည်များအနေဖြင့် ရွှေရောင်လွှမ်းနေသော ဘုရားများ၏ အံ့မခန်းဖွယ်ရာ မြင်ကွင်းများကို စစ်ကိုင်းတစ်ဝိုက်တွင် ဖူးတွေ့နိုင်သလို တိုင်းဒေသကြီးအတွင်းရှိ  နာမည်ကြီး ဘုရားတစ်ဆူဖြစ်သော မင်းကွန်းပုထိုးတော်ကြီးကို လေ့လာနိုင်ရန်အတွက် မင်းကွန်းသို့လည်း ခရီးဆက်နိုင်သည်။

 

သမိုင်းမှတ်တမ်းများအရ မင်းကွန်းပုထိုးတော် ကြီးအား ၁၁၅၂ ခုနှစ်တွင် စတင်အုတ်မြစ်ချ ဆောက်လုပ်ခဲ့ပြီး အမြင့် ၁၆၂ ပေရှိ၍ ဌာပနာတိုက် ပေါင်း ၂၁ တိုက်တွင် ဘုရား၊ ရဟန္တာတို့၏ဓာတ်တော် မွေတော်များ၊ နှစ်ကျိပ်ရှစ်ဆူသော ဘုရားရှင်တို့၏ ရွှေ၊ ငွေရုပ်တုများ၊ ဗုဒ္ဓဝင်ရွှေ၊ ငွေရုပ်တုများ၊ ကုန်းဘောင်မင်းဆက်ဘုရင်များနှင့်  ဆွေတော် မျိုးတော်များ၏ ရွှေရုပ်တုများကို  ထည့်သွင်းပူဇော် ထားရှိကြောင်းသိရသည်။

 

မင်းကွန်းပုထိုးတော်ကြီးအား ဖူးမြော်ကြည်ညိုပြီးပါက အနီးရှိဘုံခုနစ်ဆင့်ဝန်းရံထားသော မြသိန်းတန်စေတီ၏ ခမ်းနားမှုများကိုလည်း တွေ့နိုင်သည်။ အဆိုပါ မြသိန်းတန်စေတီတော်မြတ်ကြီးမှာ  မင်းကွန်းခေါင်းလောင်းတော်ကြီး၏ မြောက်ဘက် ကိုက် ၅ဝဝ ခန့်အကွာတွင် တည်ရှိ၍ ၁၁၆၃ ခုနှစ်တွင်  ဘကြီးတော်ဘုရား  တည်ထားကိုးကွယ်ခဲ့သည်။

 

mdn

 

 

မင်းကွန်းဒေသ၏အလှအပကို ကြည့်ရှုခံစားနိုင်

 

ဘုရားအတွင်းနှင့်တန်ဆောင်းများတွင် ဗုဒ္ဓဘာသာဝင်တို့၏ ဒဏ္ဍာရီလာ မာရုတောင်တန်းများနှင့် စူဠာမဏိဘုရားပုံတို့ကို ပုံဖော်ရေးဆွဲထားခြင်းသည် အခြားသောမြန်မာဘုရားများနှင့်မတူဘဲ ကွဲပြားနေသည်။ ဉာဏ်တော်အမြင့်မှာ ၃၂၁ ပေ မြင့်မားပြီး စေတီတော်တည်ဆောက်ပုံ ဆန်းကြယ်ခြင်းနှင့် စေတီတော်ပေါ်မှ မင်းကွန်းဒေသ၏အလှအပကို  ကြည့်ရှုခံစားနိုင်သဖြင့်  ပြည်တွင်း၊ ပြည်ပ ဘုရားဖူးခရီးသွားဧည့်သည်များ  လာရောက် လည်ပတ်လေ့ရှိသည်။

 

မြသိန်းတန်ဘုရားသည် ၁၈၃၈ ခုနှစ်တွင် ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော်လည်း ၁၈၇၄ ခုနှစ်တွင် မင်းတုန်းမင်းတရားကြီးသည် နဂိုမူလအတိုင်း ပြန်လည်မွမ်းမံခဲ့သည်။

 

စစ်ကိုင်းနှင့်အတူ နာမည်ကြီးသည်က စစ်ကိုင်းပြတ်ရွေ့ (Sagaing Fault) ဖြစ်သည်။ အဆိုပါစစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ တောင်ဘက်သို့ ရွေ့လျားနေသော India Plate နှင့် Eurasian Plate တို့နှစ်ခုတေ့ဆက်မှုကြောင့် ဖြစ်ပေါ်နေသော ပြတ်ရွေ့တစ်ခုဖြစ်သည်။ အဆိုပါ စစ်ကိုင်းပြတ်ရွေ့သည် အဆိုးရွားဆုံးငလျင်ကြောကြီးတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံမြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုအနီးမှစတင်ကာ စစ်ကိုင်းဂန့်ဂေါတောင်တန်း၏ အနောက်ဘက်ခြမ်း ပဲခူးရိုးမအရှေ့ခြမ်းအားဖြတ်၍ မုတ္တမပင်လယ်ကွေ့ အထိတည်ရှိနေသည့် အလျား ၁၂၀၀ ကီလိုမီတာ အထက်ရှိသည့် ပြတ်ရွေ့ကြောကြီးတစ်ခုဖြစ်သည်။ ပညာရှင်များ၏ လေ့လာသုံးသပ်ချက်များအရ စစ်ကိုင်းပြတ်ရွေ့၏ သက်တမ်းသည် နှစ်ပေါင်း ၁၀ သန်းခန့်ရှိနေပြီး ပျမ်းမျှအားဖြင့် နှစ်စဉ် ၁၈ မှ ၂၀ မီလီမီတာခန့် ရွေ့လျားနေကာ တစ်နှစ်ထက်တစ်နှစ် ငလျင်လှုပ်ခတ်မှုများ ပိုမိုစိတ်လာကြောင်း သိရှိရသည်။

 

လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများ

 

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ကုလားတန်ပြတ်ရွေ့၊ ကဘော်ပြတ်ရွေ့ စသည့်ပြတ်ရွေ့ကြောကြီးများပေါ်တွင် တည်ရှိနေပြီး ယင်းငလျင်ကြောကြီးများသည် အင်အားရစ်(ခ်) တာစကေး ခြောက်နှင့်အထက် လှုပ်ခတ်နိုင်သည့် ငလျင်ကြောကြီးများဖြစ်သည်။

 

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့အနီး တောင်မြောက်တန်းလျက်ရှိသည့် ကဘော်ပြတ်ရွေ့၊ ပြင်ဦးလွင်အနီးမှစတင်ပြီး တောင်ကြီးမြို့အနီး တောင်မြောက်တန်းလျက် တည်ရှိနေသည့် ကျောက်ကြမ်းပြတ်ရွေ့၊ ရှမ်းပြည်နယ်မြောက်ပိုင်း အရှေ့အနောက်တန်းလျက် တည်ရှိနေသည့် မိုးမိတ်ပြတ်ရွေ့ စသည့်ငလျင်ကြောကြီးများအပြင် ငလျင်ပြတ်ရွေ့အသေး ၄၀ ခန့်ရှိကြောင်း ပညာရှင်များ၏ ဖော်ပြချက်များအရ ငလျင်ဒဏ်အား အချိန်မရွေးခံစားရနိုင်သည်။ မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာပေါ်တွင် မြေငလျင်အန္တရာယ်အကြီးမားဆုံး နိုင်ငံများစာရင်းတွင် ပါဝင်ကြောင်း သိရှိရသည်။

 

သို့ဖြစ်ရာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် နံနက် ၃ နာရီ ၁၆ မိနစ်တွင် တံတားဦးမြို့၏ အရှေ့ဘက်လေးမိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၁ ဒသမ ၈၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒသမ ၀၃ ဒီဂရီ၊ အနက် ၆၃ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်) တာစကေး ၅ ဒသမ ၂ အဆင့်ရှိ မြေငလျင် တစ်ခုလှုပ်ခပ်ခဲ့ပြီး အဆိုပါငလျင်ကြောင့် ရှေးဟောင်း အဆောက်အအုံများ၏ ထိခိုက်ပျက်စီးမှုအခြေအနေများအား ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး မင်းကွန်းဒေသအတွင်းရှိ မြသိန်းတန်စေတီ၏ စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် ပြုတ်ကျခြင်း၊ အဝင်မုခ်ဦးနှင့် သီတာခုနစ်တန် တောင်ဘက်တို့၏နံရံများ အနည်းငယ်ကွာကျခြင်း၊ တောင်ဘက်ရှိ ခြင်္သေ့ကြီး၏လက်မောင်းရင်း ယခင်ပဲ့ထားသော နေရာမှာ ထပ်မံ၍ အုတ်များပဲ့ကျခြင်း၊ မင်းကွန်းပုထိုးတော်ကြီး အနည်းငယ်အက်ကွဲခြင်း၊ စက်တော်ရာဘုရားမြောက်ဘက် အပေါ်ပိုင်းအက်ကွဲခြင်းနှင့် အင်္ဂတေပဲ့ကျခြင်းတို့သာ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့်လည်း ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်အဖွဲ့က မင်းကွန်းတောင်ရိုးရှိ စေတီပုထိုးများ ပြန်လည်ပြုပြင်မွမ်းမံနေမှုများအား လိုက်လံစစ်ဆေးခဲ့ရာ ရှေးဟောင်း သုတေသနပညာရှင်များက မင်းကွန်းဒေသတွင် အဆိုပါငလျင်ကြောင့် ပျက်စီးမှုများအနေဖြင့် အနည်းငယ်သာရှိကြောင်း၊ ကြီးမားသည့် ပျက်စီးမှုများမရှိကြောင်းတင်ပြခဲ့ရာ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မင်းကွန်းတောင်ရိုးမှ ဘုရားစေတီများအပါအဝင် ပျက်စီးမှုများအား ပြန်လည်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများမှ အမြန်ဆုံးဆောင်ရွက်လျက်ရှိသည်။

 

ခရီးသွားဇုန် ခြောက်ဇုန်

 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများ ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးသွားဇုန် ခြောက်ဇုန် ဖော်ထုတ်ထားရှိပြီးဖြစ်ရာ စစ်ကိုင်း၊ မင်းကွန်းဒေသသည်လည်း ခရီးသွားဧည့်သည်များအနေဖြင့် သွားရောက်လည်ပတ် ဗဟုသုတရှာမှီးနိုင်သည့် ဘုရားဖူးခရီးစဉ်များ၊ အခြားလည်ပတ်ရန် ခရီးစဉ်ဒေသများနှင့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ တည်ရှိသဖြင့် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များအနေဖြင့် လာရောက်လည်ပတ် ဘုရားဖူးကုသိုလ်ယူနိုင်ကြပါရန် နှိုးဆော်ရေးသားလိုက်ရပါသည်။