သန်းထိုက်

 

ယနေ့ ကမ္ဘာ့ကပ်ရောဂါဖြစ်သော ကိုရိုနာဗိုင်းရပ်စ်ရောဂါကို ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်နေရချိန်တွင် ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်သော AIDS ရောဂါအား ကမ္ဘာ့နိုင်ငံများက ခေတ္တမေ့လျော့နေဟန်ရှိသည်။ မြန်မာနိုင်ငံတွင် မမေ့မလျော့အစဉ်တစိုက်ဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မိတ်ဖက်အဖွဲ့အစည်းများက အရှိန်မပျက် လက်တွဲဆောင်ရွက်လျက်ရှိသည်။ ထို AIDS ရောဂါကို ၁၉၈၀ ပြည့်နှစ်တွင် မြောက်အမေရိကတိုက် (အမေရိကန် နိုင်ငံ)၌ အမျိုးအမည်တပ်၍မရသော နမိုးနီးယားအဆုတ်ရောင်ရောဂါဖြင့် လူသေဆုံးမှုကို စတင်တွေ့ရှိခဲ့ရာမှ ကပ်ရောဂါအသွင် သတိပြုမိပြီး ၁၉၈၀ ပြည့်နှစ်ကျော် ကာလတွင် HIV ပိုးကို စတင်တွေ့ရှိခဲ့၍ AIDS ရောဂါအဖြစ် သတ်မှတ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုမှတစ်ဆင့် အာဖရိကနိုင်ငံများနှင့် အခြားကမ္ဘာ့နိုင်ငံများသို့ ဆက်လက် ကူးစက်ခဲ့သည်။


အသိအမှတ်ပြု
မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်၌ ထိုရောဂါပိုးကို နိုင်ငံခြားမှပြန်လာသူတစ်ဦးအား သွေးစစ်ဆေးရာမှ စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်မှ စ၍ ခုခံအားကျဆင်းမှုကူးစက်ရောဂါ (HIV/AIDS) တိုက်ဖျက်ရေးကို အမျိုးသား ရေးအသွင်ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့အချိန်ထိ စီမံချက်တစ်ရပ်အနေဖြင့် ဆက်လက် ဆောင်ရွက်လျက်ရှိသည်။ ထိုအချိန်က AIDS ရောဂါသည် ကုရာနတ္ထိဆေးမရှိ မုချသေရမည်ဟုသာ သိရှိခဲ့၍ ယနေ့အချိန်အခါ၌ ကုသနိုင်၍ အခြားသာမန်လူများကဲ့သို့ သက်တမ်းစေ့နေထိုင်နိုင်လျက်ရှိပြီဖြစ်သည်။ HIV ပိုး စတင်တွေ့ရှိချိန်တွင် ထိုရောဂါကုသရန် ထောက်ပံ့မှုလိုအပ်ချက်ကြောင့် အခက်အခဲများကြုံတွေ့ခဲ့ရကာ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံတော်၏ ဘဏ္ဍာငွေတိုးမြှင့်ထောက်ပံ့မှု၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ (Global Fund)၊ ခုခံအား ကျဆင်းမှုရောဂါ ကယ်ဆယ်ရေးအတွက် အမေရိကန်သမ္မတ၏ အရေးပေါ်စီမံကိန်း (PEPFAR)နှင့် အခြားနိုင်ငံ တကာလူမှုရေးအဖွဲ့အစည်းများ၏ ပံ့ပိုးမှုဖြင့် ကုသမှုပိုင်းကို အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ခဲ့သည်။ ၂၀၁၇ ခုနှစ်မှစ၍ နိုင်ငံတော်အစိုးရမှ နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၅ သန်းနှင့် ညီမျှသော ART ဆေးနှင့် မူးယစ်ဆေးအစားထိုး မက်သဒုန်းဆေးများကို ဝယ်ယူနိုင်ရန် နိုင်ငံတော်မှ ပုံမှန်ထောက်ပံ့လျက်ရှိသည်။ နိုင်ငံတစ်ဝန်း နှစ်စဉ်အသုံးပြုလျက်ရှိသော ရောဂါကာကွယ်ကုသရေးအတွက် ရန်ပုံငွေ ၂၀ ရာခိုင်နှုန်းကို နိုင်ငံတော်က ထည့်ဝင်ထားခြင်းဖြစ်ရာ နိုင်ငံတကာမှလည်း မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုအပေါ် အသိအမှတ်ပြုလျက်ရှိသည်။


U = U ဆိုသည်မှာ

ART ဆေးကုသမှုအတွက် လိုအပ်သော ဆေးဝါးများ၏ ၈၀ ရာခိုင်နှုန်းကျော်ကို နိုင်ငံတော်၏ ထောက်ပံ့မှုဖြင့် ဝယ်ယူခြင်းဖြစ်ရာ ယနေ့လက်ရှိ ကုသပေးနေသော လူနာ ၁၈၅၀၀၀ ၏ ၈၀ ရာခိုင်နှုန်းဖြစ်သော လူနာ ၁၄၅၀၀၀ ကျော်၏ AIDS ရောဂါကုသမှုအတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေဖြင့် ဆောင်ရွက်မှုသည် အထောက်အပံ့ ဖြစ်လျက်ရှိသည်။ ART ဆေးဝါးများကို အမေရိကန်နိုင်ငံနှင့် ဥရောပနိုင်ငံများမှ အဓိကထုတ်လုပ်လျက်ရှိပြီး ဖွံ့ဖြိုးဆဲနိုင်ငံများတွင် အသုံးပြုနိုင်ရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) နှင့် နိုင်ငံတကာ အဖွဲ့အစည်းများ စုပေါင်းဆွေးနွေး၍ ထိုနိုင်ငံတကာကုမ္ပဏီကြီးများ၏ ဆေးဖော်မြူလာဖြင့် Generic medicine ဆေးဝါးများကို အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် အခြားအာရှနိုင်ငံများတွင် ထုတ်လုပ်၍ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်လျက် ရှိသည်။ မြန်မာနိုင်ငံတွင် ကနဦးပိုင်းလူနာများကို ART ဆေး တစ်လတစ်ကြိမ်ဖြင့် ကုသပေးခဲ့ပြီးနောက်ပိုင်းတွင် သုံးလတစ်ကြိမ်မှ ယခု ကိုဗစ်-၁၉ ကာလ၌ ခြောက်လတစ်ကြိမ်ဖြင့် ဆေးခြောက်လစာ ထိပေး၍ ကုသလျက်ရှိသည်။ ART ဆေး သောက်သုံးခြင်းဖြင့် ရောဂါ ကာကွယ်နိုင်မှုနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုခံ အားကျဆင်းမှု ကူးစက်ရောဂါနှင့် ကာလသားရောဂါတိုက်ဖျက်ရေးစီမံချက် ဒါရိုက်တာဖြစ်သူ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းညွန့်ဦးက “ART ဆေးကုသမှုနဲ့ ပတ်သက်ပြီး နိုင်ငံတကာသိပ္ပံနည်းကျ အထောက်အထားတွေ ရှိပါတယ်။ ယခုပြောနေကြတဲ့ U=U ဆိုရင် အရေးပါတဲ့ သုတေသန လေးခုရှိတယ်။ HIV ကာကွယ်ရေးဆိုင်ရာ စမ်းသပ်ကွန်ရက်များ၊ ART ကုထုံး သောက်သုံးနေသူတွေရဲ့ ဆက်ဆံဖက်တွေမှာ ကူးစက်ခံရမှုအန္တရာယ်ကို အသစ်တစ်ဖန် အကဲဖြတ်လေ့လာမှု၊ ဆန့်ကျင်ဖက်ဆွဲဆောင်မှုများနှင့် ဆက်ဆံဖက်များ (၂)စသည့်သုတေသနများမှ ART ဆေး သောက်သုံးခြင်းသည် လိင်ဆက်ဆံမှုမှတစ်ဆင့် HIV ကူးစက်ခံရခြင်းကို ထိရောက်စွာ လျှော့ချနိုင်ကြောင်း သက်သေပြနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီသုတေသနတွေဟာ တစ်ဦးမှာ HIV ပိုးရှိပြီး အခြားတစ်ဦးမှာ ပိုးမရှိတဲ့စုံတွဲ ၅၀၀ နဲ့ တစ်ဦးမှာ HIV ပိုးရှိ၍ အခြားတစ်ဦးမှာ ပိုးမရှိတဲ့ အမျိုးသားချင်း လိင်တူဆက်ဆံသူ စုံတွဲ ၁၃၀၀ ကျော်ကို လေ့လာဆန်းစစ်ခဲ့တာပါ။ အဲဒီသုတေသနတွေ့ရှိချက်တွေဟာ ART ဆေးကို စွဲမြဲမှန်ကန်စွာ သောက်သုံးသွား မယ်ဆိုရင် ပိုးကို ထိန်းချုပ်နိုင်တာကြောင့် သိပ္ပံနည်းကျ သက်သေပြချက်ဖြစ်သလို လိင်ကတစ်ဆင့် HIV ပိုးကူးစက်မှု ကာကွယ်ရာမှာ အလားအလာကောင်းတဲ့ နည်းလမ်းတစ်ခုအဖြစ် ဖော်ထုတ်နိုင်ခဲ့ပါတယ်။ U=U ဆိုရာမှာ U တစ်ခုက Undetectable HIV ပိုးကောင်ရေ စစ်ဆေးမတွေ့ရှိခြင်းနဲ့ နောက် U တစ်ခု က Untransmittable HIV ပိုးကူးစက်နိုင်ခြေမရှိသလောက် နည်းသွားခြင်းကို ဆိုလိုတာပါ။”


မီဒီယာအကူအညီသည် ပိုမိုထိရောက်

HIV ပိုး ကာကွယ်တားဆီးရေးနဲ့ ကုသရေးလုပ်ငန်းတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တစ်ခုတည်းနဲ့ လုပ်ဆောင်လို့မရနိုင်ပါဘူး။ အားလုံး ပူးပေါင်းပါဝင်မှသာရနိုင်မှာပါ။ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေ၊ ICAP at Columbia University လို နည်းပညာပိုင်းထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ၊ အခြားမိတ်ဖက်အဖွဲ့ အစည်းများနဲ့ ကွန်ရက်အဖွဲ့အစည်းများ အားလုံးပူးပေါင်းပြီး ဟန်ချက်ညီညီ ကာကွယ်ရေး၊ ကုသရေးနဲ့ ပညာပေးကဏ္ဍများကို ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ အခြားရောဂါနဲ့မတူတဲ့ လူမှုရေးဆိုင်ရာရောဂါ (Social disease) ဖြစ်တာကြောင့် မိမိကိုယ်တိုင်၊ မိသားစုနဲ့ ပတ်ဝန်းကျင်ရဲ့ ပစ်ပယ်ခံရခြင်း၊ ခွဲခြားနှိမ်ချဆက်ဆံခံရခြင်း စတာတွေရှိနေတဲ့အတွက် ဒီရောဂါကို ကြောက်ကြပါတယ်။ အမှန်က ကူးစက်ရန် အန္တရာယ်ရှိတဲ့ အပြုအမူတွေကို လုပ်ဆောင်မှသာ ကူးစက်နိုင်တာဖြစ်ပါတယ်။ ရောဂါပိုးရှိသူရဲ့ သွေးကို မစစ်ဆေးဘဲ သွင်းမိတာ၊ ဆေးထိုးအပ်/ပြွန်တွေကို မျှပြီးသုံးတာ၊ အဓိက လိင်ဆက်ဆံတဲ့အခါ အကာအကွယ်မဲ့ ဆက်ဆံတဲ့ အခါမှာလည်း ကူးစက်နိုင်ပါတယ်။ ကာကွယ်ရေးကဏ္ဍအနေနဲ့ အသိပညာပေးတဲ့အခါမှာလည်း အစိုးရအဖွဲ့အစည်း၊ မိတ်ဖက်အဖွဲ့အစည်းနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေကို ပြည်သူတွေ လက်ထဲရောက်ရှိဖို့ မီဒီယာနဲ့ အခန်းကဏ္ဍဟာ အရေးပါပါတယ်။ ပြီးတော့ စာတတ်တာနဲ့ ကျန်းမာရေးအသိရှိတာ မတူပါဘူး။ ဒါကြောင့် ပိုပြီးထိရောက် အောင် မီဒီယာရဲ့အကူအညီနဲ့ ကျန်းမာရေးလုပ်ငန်းဆောင်ရွက်မှုဟာ ပိုပြီး ထိရောက်မှာ ဖြစ်ပါတယ်။

 

ပိုးကူးစက်မှုကိုထိန်းချုပ်နိုင်
ကျွန်တော်တို့နိုင်ငံမှာ HIV ပိုးရှိသူတွေကို ၂၀၀၅ ခုနှစ်ကစပြီး အစိုးရဆေးရုံ ဆေးခန်းနဲ့ ကျန်းမာရေးဌာနတွေမှာ ART ဆေးဝါးနဲ့ ကုသမှုပေးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကုန်ထိ HIV ပိုးလူနာ ၁၈၅၀၀၀ ခန့်ထိ ART ဆေးနဲ့ ကုသမှုပေးနိုင်ခဲ့ပါတယ်။ ယနေ့ထိလည်း ပိုပြီးကုသပေးနိုင်ခဲ့တယ်။ လွန်ခဲ့သော ၂၀၀၀ ပြည့်နှစ်ကာလက လူတစ်ဦးဟာ ART ဆေးကို သောက်မယ်ဆိုရင် တစ်နှစ်ကို အမေရိကန်ဒေါ်လာ တစ်သောင်းနီးပါး ကုန်ကျမှာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ်ကစပြီး နိုင်ငံတကာအထောက်အပံ့နဲ့ ဆေးကို အခမဲ့ ကုသနိုင်ခဲ့ပါပြီ။ အမြစ်ပြတ်အောင် မကုသနိုင်ပေမယ့် သွေးထဲမှာ ပိုးကူးစက်နိုင်မှုမရှိသလောက် နည်းသွားပြီး သက်တမ်းစေ့နေနိုင်အောင် ART ဆေး က ထိန်းထားပေးနိုင်ပါပြီ။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ခုခံအား ကျဆင်းမှုကူးစက်ရောဂါနဲ့ ကာလသား ရောဂါ တိုက်ဖျက်ရေးစီမံချက်နဲ့ ကုသသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေ၊ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လူမှုရေးအဖွဲ့အစည်းတွေ ပူးပေါင်းပြီး HIV ပိုး ကူးစက်မှုကာကွယ်ရေးအတွက် နှစ်တို နှစ်ရှည်စီမံကိန်းတွေရေးဆွဲပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံး HIV ပိုးရှိလူနာကို ၁၉၉၀ ပြည့်နှစ် ဝန်းကျင်မှာ စတင်တွေ့ရှိခဲ့တာပါ။ ဒါကြောင့် အဲဒီအချိန်ကစပြီး ပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့တာ ယနေ့အချိန်ထိပါပဲ။ U ညီမျှခြင်း U ဖြစ်တဲ့ Undetectable HIV ပိုးကောင်ရေ စစ်ဆေးမတွေ့ရှိပါက Untransmittable ပိုးကူးစက်နိုင်ခြေမရှိသလောက် နည်းသွားတယ်လို့ အဓိပ္ပာယ်ရတာကြောင့် ART ဆေးကို စနစ်တကျ နေ့စဉ်သောက်သုံးမယ်ဆိုရင် ပိုးကူးစက်နိုင်မှု မရှိသလောက်နည်းသွားပြီး သာမန်လူလို ကျန်းမာရေး လည်း ကောင်းမွန်နေ မှာပါ။ ဒါပေမယ့် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ အခြား ကာလသားရောဂါ တွေတော့ ကူးစက် နိုင်ခြေရှိနိုင်ပါတယ်။ နှစ် ၃၀ ကာလမှာ ပထမဆယ်စုနှစ်ဆိုရင် ART ဆေးဖြင့် ကုသမှုမပေး နိုင်သေးတဲ့အတွက် ကာကွယ်မှုဆိုင်ရာ လုပ်ငန်းတွေကိုသာ အဓိကဆောင်ရွက်ရပါတယ်။ ဒုတိယဆယ်စုနှစ်အစ ၂၀၀၂-၂၀၀၃ ခုနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးက မြို့နယ်နှစ်ခုမှာ လူနာရာဂဏန်းအနည်းငယ်ကို ART ဆေးနဲ့ စတင်ကုသခဲ့ပြီးတော့ ၂၀၀၅ ခုနှစ်မှ စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဆေးရုံ ဆေးခန်းတွေမှာ စတင် ကုသပေးနိုင်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှ ယနေ့အထိ ကမ္ဘာ့ရန်ပုံငွေအဖွဲ့၊ ခုခံအား ကျဆင်းမှုရောဂါ ကယ်ဆယ်ရေး အတွက် အမေရိကန်သမ္မတ၏ အရေးပေါ် စီမံကိန်း (President Emergency Plan for AIDS Relief (PEPFAR) အခြားနိုင်ငံတကာ လူမှုရေးအဖွဲ့အစည်းများရဲ့ ထောက်ပံ့မှုနဲ့ ကာကွယ်မှု၊ ကုသမှုကို ပိုပြီးလုပ်ဆောင်နိုင်ခဲ့ပါတယ်။ ရောဂါတိုက်ဖျက်ရေးလုပ်ငန်း အောင်မြင်မှုဟာ ရန်ပုံငွေရရှိမှုနဲ့လည်း ဆက်စပ်နေပါတယ်။ ရောဂါကူးစက် မှုဟာ ၂၀၀၀ ပြည့်နှစ်မှာ အမြင့်ဆုံးကာလလို့ ဆိုရမှာပါ။ ယနေ့မှာ ART ဆေး ကို ပုံမှန်သောက်သုံးခြင်းဖြင့် ပိုးကူးစက်မှုကို ထိန်းချုပ်နိုင်ပါပြီ။


လက်တွဲခေါ်ယူ
AIDS ရောဂါဟာ ယနေ့အချိန်ထိ ကမ္ဘာ့နိုင်ငံအများစုမှာ ကူးစက်ပြန့်ပွားမှု ရှိနေဆဲဖြစ်ပြီး ကပ်ရောဂါတစ်ခုအဖြစ် ဆက်လက်ရင်ဆိုင်နေရပါတယ်။ ၂၀၁၉ ခုနှစ်မှာ UN AIDS အဖွဲ့ရဲ့ ထုတ်ပြန်သော ကိန်းဂဏန်းအရ ကမ္ဘာ တစ်ဝန်း HIV ပိုး ကူးစက်ခံရသူ ၃၈ သန်းရှိပြီးတော့ ထိုကပ်ရောဂါအစ ၁၉၈၀ ပြည့်ကာလမှ စတင်ရေတွက်မယ်ဆိုရင် ၇၆ သန်းခန့် ကူးစက်ခံရပြီး ဖြစ်ပါတယ်။ ခန့်မှန်းတွက်ချက်မှုအရ ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံမှာ HIV ပိုး ကူးစက် ခံရသူ ၂၄၀၀၀၀ ခန့်ရှိခဲ့ပြီးတော့ ၂၀၁၉ ခုနှစ်ထဲတွင် အသစ်ကူးစက်ခံရမှု ၁၁၀၀၀ ခန့်ရှိခဲ့တဲ့အတွက် တစ်ရက်ကို လူ ၃၀ နှုန်း ကူးစက်ခံရတယ်လို့ ဆိုရမှာပါ။ AIDS ရောဂါကူးစက်ခံရသူဟာ မိသားစုရဲ့ လူမှုရေး၊ စီးပွားရေးကို ထိခိုက်နိုင်တာကြောင့် ရောဂါပိုးကို ထိန်းချုပ်နိုင်တဲ့ ဆေးဝါးများကို နိုင်ငံတော်က အခမဲ့ထောက်ပံ့နေတဲ့အတွက် သာမန်လူလို သက်တမ်းစေ့ နေထိုင်နိုင်ပြီဖြစ်ပါတယ်။ သူတို့ကို ခွဲခြားဆက်ဆံမှုမပြုလုပ်ဘဲ သာမန်ပြည်သူ ကဲ့သို့ အတူတကွနေထိုင်မှုနဲ့ လက်တွဲခေါ်ယူဖို့ကိုလည်း တိုက်တွန်းလိုပါတယ်” ဟု ပြောကြားသည်။


ART ဆေးသည် အရေးပါလျက်ရှိ

ထိုရောဂါဖြစ်ပွားသော အသက်အရွယ်အများစုမှာ ၁၈ နှစ်မှ ၃၅ ကြား အလုပ်လုပ်ကိုင်နိုင်သော အရွယ်ဖြစ်သော ကြောင့် ကုန်ထုတ်စွမ်းအားကို ထိခိုက်စေလျက် နိုင်ငံ၏ လူမှုစီးပွားကိုလည်း ထိခိုက်လျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်မှ AIDS ရောဂါ ကင်းစင်ပပျောက်ရေးကို နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ရောဂါတားဆီးထိန်းချုပ်ရေးကို ဆောင်ရွက်ခဲ့ရာ ၂၀၀၅ ခုနှစ်မှစ၍ ငါးနှစ်တစ်ကြိမ် အမျိုးသားမဟာဗျူဟာကို ရေးဆွဲခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် HIV ပိုး ကူးစက်ခံရမှုကင်းဝေးသော လူ့အဖွဲ့အစည်းတစ်ရပ် ပေါ်ထွက်လာသည့်အထိ ရည်ရွယ်လုပ်ဆောင်လျက်ရှိသည်။ ထိုအခြေအနေသို့ရောက်ရှိရန် ရောဂါပိုးရှိသူအားလုံး ဆေးသောက်သုံးခြင်းဖြင့် ကူးစက်ခံရနိုင်မှုကို တားဆီးနိုင်ကာ ကူးစက်ခံရသူများ သက်တမ်းစေ့ နေထိုင်နိုင်သောကြောင့် မွေးကင်းစကလေး ငယ်များနှင့် မိသားစုဝင်များ ရောဂါကူးစက်မှု ကင်းဝေးစေမည်ဖြစ်သည်။ ခုခံအားကျဆင်းမှုရောဂါ ပျောက်ကင်းစေမည့် ဆေးဝါးမရှိသေး သော်လည်း ဆက်လက်ကူးစက်မှုမရှိစေရန် ထိန်းချုပ်နိုင်ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင်ရှိသော လူနာနှစ်သိန်း ကျော်အတွက် ART ဆေးဝါးသည် အရေးပါလျက်ရှိရာ ထိုဆေးဝါး ဆက်လက်ရရှိမှုသည် နိုင်ငံတော်၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပြည်တွင်းအဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုပေါ်တွင် မူတည်လျက်ရှိသည်။

 

ထို့ကြောင့် ခုခံအားကျဆင်းမှုကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ART ဆေးကို သောက်သုံးခြင်းဖြင့် သာမန်လူကဲ့သို့ ဘဝကို သက်တမ်းစေ့ဖြတ်သန်းနိုင်မည်ဖြစ်ရာ ပျော်ရွှင်သော လူမှုဘဝပိုင်ဆိုင်စေလျက် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များ ဆုံးရှုံးမှုမှကာကွယ်နိုင်စေရန် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ထိန်းချုပ်ရေးအတွက် ART ဆေးကို သောက်သုံးကြပါစို့ဟု တိုက်တွန်းရေးသားအပ်ပါသည်။    ။