ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ   အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်အဖြစ်  ဇွန် ၂၅ ရက် နံနက် ၇ နာရီခွဲက  ယှဉ်ပြိုင်ကစားခဲ့သည့် တူနီးရှားကလပ် အီးအက်စ်တူးနစ်နှင့် ချယ်ဆီးအသင်းပွဲစဉ်တွင် ချယ်ဆီး အသင်းက တိုက်စစ်ခြေစွမ်းပြကာ သုံးဂိုးပြတ်အနိုင်ရရှိပြီး ရှုံးထွက်အဆင့်သို့ တက်လှမ်း နိုင်ခဲ့သည်။

တူးနစ်အသင်းသည်   နောက်တစ်ဆင့် တက်လှမ်းနိုင်ရေး ရမှတ်လိုအပ်ချက်ရှိနေသည့်အတွက် နိုင်ပွဲ ရရေး  ခြေကုန်ထုတ်လာသော်လည်း တိုက်စစ်ပိုင်း၊ ခံစစ်ပိုင်းသာလွန်သည့်  ချယ်ဆီးအသင်း၏ ထိန်းချုပ်မှုအောက် ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ဂိုးပြတ်ရှုံးပွဲကြုံတွေ့ကာ ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီ ဖြစ်သည်။ ထိပ်တန်းကစားသမားအများ ပိုင်ဆိုင်ထားသည့် ချယ်ဆီးအသင်းက ပွဲချိန်တစ်လျှောက် တိုက်စစ်ဆင်ကစားနိုင်ခဲ့ပြီး အရေးပါသည့် နိုင်ပွဲရလဒ်ကို ဖော်ဆောင်နိုင်ခဲ့သည်။

ယခုလ  အစောပိုင်းတွင်   အစ်ဆွစ်အသင်းမှ ပေါင်သန်း ၃၀ ဖြင့်  စတန်းဖို့ဒ် ဘရစ်သို့   ပြောင်း ရွှေ့ရောက်ရှိလာသော တိုက်စစ်ကစားသမားသစ် ဒီလက်ပ်သည် ချယ်ဆီးအသင်းအတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့သည်။ ၎င်းသည် ပြီးခဲ့သည့် ရာသီတွင် အစ်ဆွစ်အသင်းအတွက် ၃၇ ပွဲ ပါဝင်ကစားထားပြီး ၁၂ ဂိုးသွင်းယူပေးထားနိုင်သည်။ ချယ်ဆီးအသင်းသည် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲ  ၁၆ သင်း ရှုံးထွက်အဆင့်တွင် ပေါ်တူဂီ ကလပ် ဘင်ဖီကာအသင်းနှင့် ဇွန် ၂၉ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှ အခြားပွဲစဉ်ရလဒ်များတွင် ဘင်ဖီကာအသင်းက နာမည်ကြီး  ဘိုင်ယန် မြူးနစ်အသင်းကို အကြိတ်အနယ်ကစားကာ   တစ်ဂိုး- ဂိုးမရှိဖြင့် နိုင်ပွဲရရှိပြီး  အော့ကလန်နှင့်    ဘိုကာဂျူနီအသင်းပွဲစဉ်တွင်  တစ်ဖက်တစ်ဂိုးစီ   သရေကျခဲ့သလို  အက်အေအက်ဖ်စီနှင့် ဖလာမင်ဂို အသင်း ပွဲစဉ်တွင်လည်း  တစ်ဖက်တစ်ဂိုးစီ ပွဲပြီးဆုံးခဲ့သည်။                           

အောင်ဇော်