ချယ်ဆီးကို အနိုင်ယူပြီး တန်းဆင်းဇုန်မှလွတ်မြောက်ရန် အခွင့်အရေးကောင်းပိုင်ဆိုင်ခဲ့သည့် အဲဗာတန်

ပရီမီယာလိဂ် ပွဲစဉ် (၃၅) မှ အဲဗာတန်အသင်းနှင့် ချယ်ဆီး အသင်းတို့ပွဲစဉ်ကို မေ ၁ ရက် ညပိုင်းက ဂွတ်ဒီဆင်ပတ်ခ်ကွင်း ၌ ယှဉ်ပြိုင်ကစားခဲ့ရာ အဲဗာတန်အသင်းက တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး တန်းဆင်းဇုန်အတွင်းမှ လွတ်မြောက်ရန် အခြေအနေ ကောင်း တစ်ခုပိုင်ဆိုင်ခဲ့သည်။

နောက်ဆုံးနှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးမှုနှင့်အတူ တန်းဆင်းဇုန်အတွင်း ကျရောက်နေသည့် အဲဗာတန် အသင်းသည် ရစ်ချတ်လီဆန်၊ ဂရေး၊ ဒဲလ်၊ ဒူကော်ရီ၊ ပစ်ဖို့ဒ်စသည့် ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့သည်။ ပြိုင်ဘက် ချယ်ဆီးအသင်းကလည်း ဝါနာ၊ ဟာဗက်ဇ်၊ မောင့်၊ မန်ဒီစသည့် ကစားသမား အစုံအလင်ဖြင့် ပွဲထွက်လာသည်။ အဲဗာတန်အသင်းသည် ချယ်ဆီးအသင်းကို ခံစစ်ပိုင်း၊ တိုက်စစ်ပိုင်း မယှဉ်သာသော်လည်း ရရှိလာသောအခွင့်အရေးကို အသုံးချကာ လိုအပ်နေသည့် နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အဲဗာတန်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၄၇ မိနစ်တွင် ဂရေး၏ ဖန်တီးမှုမှ ရစ်ချတ်လီဆန်က သွင်းယူပေးခဲ့သည်။ အဲဗာတန်အသင်းသည် ယခုအနိုင်ပွဲကြောင့် ၃၃ ပွဲ ကစားပြီး ရမှတ် ၃၂ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ဆက်လက်ရပ်တည်နေသည်။

အခြားသောပွဲစဉ် ရလဒ်များတွင် စပါးအသင်းက လက်စတာအသင်းကို သုံးဂိုး-တစ်ဂိုး၊ ဝက်စ်ဟမ်းကို အာဆင်နယ်က နှစ်ဂိုး-တစ်ဂိုးဖြင့် နိုင်ပြီး ဧပြီ ၃၀ ရက် ပွဲစဉ်များတွင်၊ မန်စီးတီးက လိဒ်စ်ကို လေးဂိုး-ဂိုးမရှိ၊ ဘရိုက်တန်က ဝုဖ်ကို သုံးဂိုး-ဂိုးမရှိ၊ ဘန်လေက ဝက်ဖို့ဒ်ကို နှစ်ဂိုးတစ်ဂိုး၊ ပဲလေ့စ်က ဆောက်သမ် တန်ကို နှစ်ဂိုး-တစ်ဂိုး၊ ဗီလာက နော့ဝှစ်ချ်ကို နှစ်ဂိုး-ဂိုး မရှိဖြင့် အနိုင်ရသည်။ လီဗာပူးက နယူး ကာဆယ်ကို တစ်ဂိုး-ဂိုးမရှိဖြင့် နိုင်သည်။

အောင်ဇော်