ချယ်လ်ဆီးအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရပြီး လက်စတာအသင်း အက်ဖ်အေဖလား ပထမဆုံး အကြိမ် ဆွတ်ခူး

ချယ်လ်ဆီးအသင်းနဲ့ လက်စတာစီးတီးအသင်းတို့ မေ ၁၅ ရက် ညပိုင်းက ဝင်ဘလေကွင်း၌ ယှဉ်ပြိုင်ကစားခဲ့တဲ့ အက်ဖ်အေဖလားနောက်ဆုံးဗိုလ်လုပွဲစဉ် မှာလက်စတာစီးတီးအသင်းက ချယ်လ်ဆီးအသင်းကို အနိုင်ရပြီး အက်ဖ်အေဖလားကို ပထမဆုံးအကြိမ် ရယူဆွတ်ခူးနိုင်ခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းနဲ့ လက်စတာ စီးတီးအသင်းတို့ဟာ ပထမပိုင်းပွဲကစားချိန်အတွင်းမှာ ဘယ်အသင်း ကမှ ဂိုးမသွင်းနိုင်ခဲ့ဘဲ ဒုတိယပိုင်းပွဲကစားချိန် ၆၃ မိနစ်ရောက်မှသာ လက်စတာစီးတီး အသင်းက တီယယ်လီမန်ရဲ့ သွင်းဂိုးရရှိခဲ့ပြီး အဲဒီတစ်လုံးတည်းသောသွင်းဂိုးနဲ့ ချယ်လ်ဆီးအသင်းကို အနိုင်ရရှိခဲ့ တာ ဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ တီယယ်လီမန်ဟာ အက်ဖ်အေဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ တတိယမြောက် ဘယ်လ်ဂျီယံနိုင်ငံသား ကစားသမားဖြစ်ပြီး ၂၀၁၈ ခုနှစ်အတွင်းက အေဒင်ဟာဇက်ဟာ ချယ်လ်ဆီးအသင်းနဲ့အတူ ဂိုးသွင်းယူ နိုင်ခဲ့ကာ ၂၀၁၉ ခုနှစ်အတွင်းက ကီဗင်ဒီဘရိုင်းဟာ မန်စီးတီးအသင်းနဲ့အတူ ဂိုးသွင်းယူပေးနိုင် ခဲ့တာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းနည်းပြ ဘရန်ဒန်ရော့ဂျာဟာ နည်းပြဖာဂူဆန်နောက်ပိုင်း အင်္ဂလန် အက်ဖ်အေဖလားနဲ့ စကော့တလန် အက်ဖ်အေဖလားပြိုင်ပွဲတို့မှာ ဖလားနှစ်ခုစလုံးရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြလည်း ဖြစ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် အက်ဖ်အေဖလား နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို နှစ်ရာသီဆက်တိုက်  တက်လှမ်းခွင့်ရရှိခဲ့ပြီး နှစ်ရာသီစလုံးမှာ ရှုံးနိမ့်ကာ အက်ဖ်အေ ဖလားကို လက်လွှတ်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။

လက်စတာစီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ တစ်ပတ်အတွင်းမှာ နှစ်ကြိမ်ထိပ်တိုက် တွေ့ဆုံပြီး မေ ၁၈ ရက်မှာ ပရီမီယာလိဂ်ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။ လက်စတာ စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ လက်ရှိမှာ ပရီမီယာလိဂ်အမှတ်ပေးဇယား အဆင့် ၄ စာရင်းဝင်အသင်းတွေ ဖြစ်ပေမယ့် အဲဒီပွဲစဉ်မှာ အနိုင်ရရှိတဲ့အသင်းဟာ လာမယ့်ဘောလုံးရာသီ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့ ပိုမိုသေချာသွားမှာ ဖြစ်ပါတယ်။

ငွေကြယ်