သတင်းဆောင်းပါး - နေလင်းဦး
'အအိဟလာစံ'ရဲ့ ဗီဒီယိုဖိုင်လေးအဆုံးတွင်ပေါ်လာသော စာတန်းလေးကြောင့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိသည်။
"နှုတ်ဆက်စကား မဆိုကြေး၊
ချယ်ရီပန်းတွေပွင့်ရင် ပြန်တွေ့ကြရအောင်"
လွန်ခဲ့တဲ့ တစ်နှစ်ခွဲကျော်ကျော်လောက်က ကျိုတိုရဲ့ နွေဦးတစ်ရက် ချယ်ရီပန်းတွေ သည်းသည်းလှုပ် ပွင့်နေကြချိန်တွင် တကဆဲ(Takasegawa) မြစ်ဘေး ကီယမချီလမ်း (Kiyamachi Street) မှ ပန်းကြည့်ပွဲတော် (Flower Viewing Festival)သို့ ကျွန်တော်တို့ ရောက်ဖြစ်ခဲ့သည်။ တကဆဲမြစ်ဟု ဆိုသော်လည်း ကျွန်တော့်အမြင်တွင် ချောင်းမျှသာ။ မြစ်၏တစ်ဖက်ကမ်းကို ခုန်ကူး၍ပင် ရောက်နိုင်သည်။ မြစ်၏တစ်ဖက်တစ်ချက်၌ ချယ်ရီပန်းပင်တို့သည် ကွေးညွတ်၍ အချင်းချင်းထိစပ်ပြီး မြစ်ကို အုပ်မိုးထားသည်။ အဆုပ်လိုက် အခဲလိုက် ပွင့်နေကြသော ချယ်ရီပန်းပွင့်တို့သည် လေတိုက်တိုင်း တဖွဲဖွဲ့ ကြွေကျနေကြသည်မှာ မြစ်ထဲတွင် ရေကိုမမြင်ရဘဲ ပွင့်ဖတ်ချည်းသာဖြစ်လျက် ပန်းမြစ်ကြီးတစ်စင်းပမာ စီးဆင်းလျက်ရှိသည်။
ဆောင်း၏အအေးဓာတ်က မပျယ်တတ်သေး။ လေတစ်ချက်ဝှေ့လိုက်တိုင်း ခပ်စိမ့်စိမ့် အေးလျက်ပင် ရှိသေးသည်။ ဤရာသီဥတုမျိုးသည် ကျိုတိုတွင် လမ်းလျှောက်လည်ပတ်ရန် အကောင်းဆုံးအချိန်ဖြစ်၏။ ကျွန်တော်တို့နည်းတူ လမ်းလျှောက်ရင်း ချယ်ရီပန်းပွင့်တို့ကို တအံ့တသြ ငေးမောနေကြသူများနှင့် အမှတ်တရ ဓာတ်ပုံရိုက်နေကြသူများလည်းအများအပြား။ တချို့က တစ်ကိုယ် တည်း၊ တချို့က အဖော်အပေါင်းများနှင့် တချို့က မိသားစုလိုက်။ ဂျပန်လူမျိုး များသာမက လူမျိုးပေါင်းစုံ အရောရောအနှောနှောပင်။
သို့နှင့် လမ်းလျှောက်ရင်း တစ်နေရာအရောက်တွင် အပြာရောင် နွေရာသီ ကီမိုနို တူညီဝတ်စုံကို ဝတ်ဆင်လျက် လမ်းသွားလမ်းလာများအား ဖိတ်ခေါ်နေသော ဂျပန်လူမျိုးအချို့ကို တွေ့လိုက်ရသည်။ ကျွန်တော့်သူငယ်ချင်း အဲဂုစစံက ၎င်းတို့ဆီသွား၍ စကားပြောပြီး ကျွန်တော့်ကို လှမ်းခေါ်သည်။ ယင်း ကီမိုနို အပြာဝတ် အဖွဲ့သည် တကဆဲမြစ်ထဲတွင် လှေစီးလိုသူများအား အခမဲ့ လှေထိုး ပေးသည့် ပရဟိတအဖွဲ့ဖြစ်သည်။ ထို့နောက် ကျွန်တော်တို့တကဆဲမြစ်ထဲတွင် လှေစီးဖြစ်သည်။ ဤသည်မှာ နအိုစံနှင့် စတင်ဆုံစည်းခြင်း ဖြစ်ပါတော့သည်။
နအိုစံသည် ကျိုတိုတွင် အလုပ်လုပ်ရင်း တစ်ဖက်ကလည်း အားလပ်ချိန် များတွင် ပရဟိတလုပ်ငန်းများကို လုပ်ကိုင်နေသည့် မိန်းကလေးဖြစ်သည်။ သူအဓိက လုပ်အားပေးဖြစ်သော အဖွဲ့မှာ ရှင်ဆန်းဂုမိ (Shinzengumi)ဟု ခေါ်သော သန့်ရှင်းရေးအဖွဲ့ ဖြစ်သည်။ ရှင်ဆန်းဂုမိ အဖွဲ့ဝင်များသည် စနေနေ့ တိုင်း ကီယမချီလမ်းနှင့် တကဆဲမြစ်ကို သန့်ရှင်းရေးလုပ်ကြသည်။ သူသည် ဖော်ရွှေပွင့်လင်းလှ၍ ခဏချင်းမှာပင် ကျွန်တော်တို့ ခင်မင်သွားကြသည်။
ရှင်ဆန်းဂုမိ လုပ်အားပေးအဖွဲ့
နောက်တစ်နေ့ညနေတွင် နအိုစံက မက်ဆေ့ခ်ျပို့လာသည်။ စိတ်ဝင်စားပါက ရှင်ဆန်းဂုမိတွင် လုပ်အားပေးရန် ဖြစ်သည်။ ကျွန်တော် စဉ်းစားရပါသည်။ ကျွန်တော်နေသည့်နေရာနှင့် ကီယမချီက လှမ်း၏။ သန့်ရှင်းရေးလုပ်အား ပေးသည် နံနက် ၆ နာရီတွင် စသဖြင့် စုရပ်သို့ အချိန်မီရောက်ရန် အခက်အခဲ ရှိသည်။ မနက်အစောပိုင်းတွင် ဘတ်စ်ကား မရှိ၊ ရထား မရှိပါ။ ထို့အပြင် ကျွန်တော့်တွင် စက်ဘီးလည်း မရှိပါ။ လမ်းလျှောက်သွားရန်သာ ရှိသည်။ ကီယမချီသို့ အနည်းဆုံး တစ်နာရီခွဲခန့် လမ်းလျှောက်ရမည်။ ဖိတ်ခေါ်သည်ကို မငြင်းလို။ ထို့အပြင် ရှင်ဆန်းဂုမိသည် မည်သို့သော အဖွဲ့အစည်းလဲ၊ ဘယ်လို မျိုး သန့်ရှင်းရေးလုပ်ကြလဲဟု သိချင်မိသည်။ သို့နှင့် အနည်းဆုံး တစ်ခေါက် လောက်တော့ သွားကြည့်မည်ဟု စိတ်ပိုင်းဖြတ်မိသည်။
ယင်းသို့ စိတ်ပိုင်းဖြတ်ခဲ့သော်လည်း ကျွန်တော် ဂျပန်မှ ပြန်မလာမချင်း အပတ်စဉ် စနေနေ့တိုင်း နှင်းကျကျ၊ မိုးရွာရွာ နံနက်စောစောထ၍ ကီယမချီသို့ တစ်နာရီခွဲလမ်းလျှောက်ကာ သန့်ရှင်းရေး သွားလုပ်ဖြစ်ခဲ့သည်။ ရှင်ဆန်းဂုမိမှ ကျွန်တော်၏မိတ်ဆွေများကပင် တအံ့တသြ မေးကြရသည်။ မနက်စောစော တစ်နာရီခွဲ လမ်းလျှောက်၍ အပတ်စဉ်တိုင်း ပုံမှန် မပျက်မကွက် ဇွဲကောင်း နေရတာ ဘာ့ကြောင့်လဲတဲ့။ ကျွန်တော့်မှာ များများစားစား ဖြေစရာမရှိပါ။ "ခင်ဗျားတို့ကိုချစ်လို့"ဟုသာ ဖြေမိသည်။
မှန်ပါသည်။ ဤပရဟိတ သန့်ရှင်းရေးအဖွဲ့ လေးကို ကျွန်တော် ချစ်ခင် တွယ်တာမိသည်။ ပထမဆုံး လုပ်အားပေးသည့်နေ့တွင် ကျွန်တော်နှင့် အဖွဲ့ဝင် အချို့သည် လမ်းပေါ်မှ ညစ်ပတ်ပေရေနေသည့် အံဖတ်များကို တိုက်ချွတ် ဆေးကြောရသည်။ (ကီယမချီလမ်းသည်ကျိုတိုတွင် သမိုင်းဝင်အထင်ကရလမ်းဖြစ်သော်လည်း အရက်ဘာများ ပြည့်နေသည့် လမ်းဖြစ်သည်။) ကျွန်တော့် ဘဝတွင် ပထမဦးဆုံးသော လမ်းသန့်ရှင်းရေးပင် ဖြစ်သည်။ လုပ်အားပေး ပြီးတော့ ကျွန်တော့် သန့်ရှင်းရေးအတွေ့အကြုံကို ပြောပြရသည်။ ဤသည်မှာ မိမိ၏ ပထမဆုံး အတွေ့အကြုံဖြစ်ကြောင်း၊ သို့သော် သူငယ်ချင်းအသစ်များ နှင့်အတူ သန့်ရှင်းရေးလုပ်ရသည်ကို ပျော်ရွှင်မိပါကြောင်း ပြောမိခဲ့သည်။ ထို့နောက် မနက်စာ အတူစားကြသည်။ ကျွန်တော့်နိုင်ငံအကြောင်း၊ အစား အစာ၊ အဝတ်အစား၊ မိသားစုအကြောင်း မေးမြန်းပြောဆိုကြရင်း အားလုံးနှင့် ကျွန်တော် မိတ်ဆွေရင်းချာများပမာ ဖြစ်သွားသည်ဟု ခံစားမိတော့သည်။ တစ်မနက်ခင်းတည်းမှာပင် ရှင်ဆန်းဂုမိအဖွဲ့လေးကို ကျွန်တော် ချစ်ခင်သွားမိ တော့သည်။
ရှင်ဆန်းဂုမိသည် ပရဟိတအဖွဲ့ ဖြစ်သော်လည်း မိသားစုကြီးတစ်ခု ပမာပင်။ အချင်းချင်း တလေးတစား ဆက်ဆံကြသည်။ အားပေးကူညီကြ၊ ရိုင်းပင်းချစ်ခင်ကြသည်။ အဖွဲ့ဝင်များသည် မတူညီသည့် နောက်ခံအသီးသီးမှ လာကြသော်လည်း အတူသန့်ရှင်းရေး (ဂျပန်လိုအိုဆိုးဂျီ) လုပ်ကြသည့်အချိန် တွင် အားလုံး တစ်စိတ်တစ်ဝမ်းတည်း ရှိကြသည်။ ရာထူး၊ ရာခံ၊ အသက်မွေးဝမ်းကျောင်း၊ လူမှုအဆင့်အတန်း စသည်တို့သည်ရှင်ဆန်းဂုမိ အဖွဲ့ဝင်များကြား တွင် မည်သည့်အခါမျှ အရေးအရာမဟုတ်ခဲ့ပေ။ အဖွဲ့ဝင်များတွင် ကျောင်းသား၊ လူငယ်နှင့် ဈေးသည်များမှစ၍ လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများမှသည် ကျိုတို မြို့တော်ဝန် ခဒိုဂါဝါစံ(Daisaku Kadokawa)အထိ ပါဝင်သည်။ မြို့တော်ဝန် သန့်ရှင်းရေးလုပ်သည်ဟု ကြားရသည်မှာ ထူးဆန်းဖွယ်မဟုတ်သော်လည်း သန့်စင်ခန်းများကို ကိုယ်တိုင်ကိုယ်ကျ စိတ်ရောကိုယ်ပါ သန့်ရှင်းရေးလုပ်သည့် အချက်၊ ထို့ထက်ပို၍ ရာထူးအဆင့်အတန်း၊ အဆောင်အယောင်တို့ကို ခဝါချ၍ အားလုံးနှင့်တစ်သားတည်း လွတ်သည့်နေရာ ဝင်ထိုင်ပြီး သန့်ရှင်းရေးအဖွဲ့ ခေါင်းဆောင်ပြောသမျှကို နားထောင်၍ တစ်သဝေမတိမ်း နာခံသည်ကို မြင်ရ သဖြင့် ဂျပန်လူမျိုးအချင်းချင်း ဆက်ဆံရေးကို အံ့သြမှင်သက်မိသည်။
ရှင်ဆန်းဂုမိအဖွဲ့သည် မူလတန်းကျောင်းများတွင်လည်းကောင်း၊ ဘုရားကျောင်း(temple)၊ နတ်ကွန်း(shrine) များတွင်လည်းကောင်း တစ်လတစ်ကြိမ် သန့်စင်ခန်းသန့်ရှင်းရေး လုပ်ကြသည်။ မူလတန်းကျောင်းများတွင် သန့်စင်ခန်း သန့်ရှင်းရေး၏ ရည်ရွယ်ချက်မှာ ကျောင်းသားလူငယ်များတွင် သန့်ရှင်းရေး လုပ်သည့်အကျင့် စွဲမြဲလာစေရန်၊ အများနှင့် လုပ်တတ်ကိုင်တတ်လာစေရန်၊ တာဝန်သိစိတ်ရှိလာစေရန် ဖြစ်သည်။ အများသုံးသန့်စင်ခန်း သန့်ရှင်းရေးသည် ကျွန်တော် တစ်ရံတစ်ခါမျှ စိတ်မကူးဖူးသည့်အလုပ် ဖြစ်သည်။ အစပိုင်းတွင် အနည်းငယ် တွန့်နေမိသော်လည်း နောက်ပိုင်းတွင် စိတ်ရောကိုယ်ပါ ရှိလာ၏။ ပျော်လာ၏။ ဤသို့သောအလုပ်သည် မိမိ၏အတ္တကို ကြေးချွတ်သည့်အလုပ်ဟုပင် ထင်မြင်လာမိသည်။ ထို့ကြောင့် "အိုဆိုးဂျီလုပ်တာ နှလုံးသားကိုလည်း စင်ကြယ်သန့်ရှင်းအောင် သန့်ရှင်းရေးလုပ်တာနှင့် အတူတူပင် ဖြစ်ကြောင်း" ကျွန်တော်ပြောခဲ့ဖူးသည်။
အလေးအနက်အမြတ်တနိုးဖြင့်ခေါ်ဆို
ဂျပန်လို အိုဆိုးဂျီ (Osoji)ဟူသည် မြန်မာလို သန့်ရှင်းရေးဟု အဓိပ္ပာယ်ရသော်လည်း ဂျပန်စကားတွင် အလေးအနက် အမြတ်တနိုးဖြင့် ခေါ်ဆိုခြင်း ဖြစ်သည်။ အိုဆိုးဂျီဒို(Osojido) တစ်နည်းအားဖြင့် သန့်ရှင်းရေးလမ်းစဉ်(the way of ceaning)ဟုပင် တင်စားခေါ်ကြသည်။ အခေါ်အဝေါ်တင် မဟုတ်ဘဲ တကယ် သန့်ရှင်းရေးလုပ်သောအခါတွင်လည်း အသေးစိတ် အလေးအနက် လုပ်ကြသည်။ သန့်ရှင်းရေးလုပ်သည့်ပစ္စည်း အစုံအလင်ရှိသည်။ အထူးသဖြင့် သန့်စင်ခန်းသန့်ရှင်းရေးတွင်သုံးသည့်ပစ္စည်းများသည် စုံစီနဖာ အမျိုးအစား စုံလင်လှသည်။ သန့်ရှင်းရေးအဖွဲ့များတွင် ခေါင်းဆောင်လုပ်မည့်သူသည် ယင်းပစ္စည်းပစ္စယများကို အသုံးချတတ်စေရန် ခေါင်းဆောင်ဖြစ်သင်တန်းကဲ့သို့ သင်တန်းများ တက်ရသေးသည်။ ကျွန်တော် တစ်ကြိမ် သွားတက်ဖူးသည်။ အနယ်နယ်အရပ်ရပ်မှ အဖွဲ့ဝင်များ လာကြပြီး ဟောပြော၊ ဆွေးနွေး၊လက်တွေ့ လုပ်ကြသည်။ အိုဆိုးဂျီကို ဤမျှ တလေးတစား တခမ်းတနား လုပ်ကြခြင်းဖြစ်သည်။
ရှင်ဆန်းဂုမိတွင် ချစ်စရာဓလေ့များလည်း ရှိသည်။ အဖွဲ့ဝင်များ၏ မွေးနေ့များကို တခုတ်တရ လုပ်ပေး လေ့ရှိသည်။ တစ်ဦးတစ်ယောက်၏ ပုဂ္ဂိုလ်ရေး အထိမ်းအမှတ်နေ့များတွင် ပါဝင်ဆင်နွှဲကြသည်။ ခရီးအတူ ထွက်ကြသည်။ ဘာဘီကျပွဲများ၊ ပါတီပွဲများ အလျဉ်းသင့်သလို လုပ်ကြသည်။ ဤသို့ဖြင့် အချင်းချင်း ပိုမိုရင်းနှီးလာကာ မိသားစုရင်းချာများသဖွယ် ဖြစ်လာကြသည်။ အပေါင်းအသင်း မိတ်ဆွေသစ်များလည်း တိုးပွားလာသည်။ နအိုစံတစ်ခါက ပြောဖူးသည်။ "သူ အဖွဲ့ဝင် မဖြစ်ခင်က အလွယ်တကူ စိတ်ဓာတ်ကျတတ်၊ စိတ်အားငယ်တတ်သည်၊ ရှင်ဆန်းဂုမိသည် အကောင်းမြင်စိတ်ဖြင့် ပတ်ဝန်း ကျင်ကို ကြည့်တတ်လာစေရန် သူ့ကို ပြုပြင်ပြောင်းလဲပေးခဲ့သည်"တဲ့။ ။
ရှင်ဆန်းဂုမိတွင် ပုံမှန်လာ၍ လုပ်အားပေးသည့် အဖွဲ့ဝင်များ ရှိသကဲ့သို့ ရံဖန်ရံခါမှ ပေါ်လာတတ်သော ပုဂ္ဂိုလ်များလည်း ရှိသည်။ မည်သို့ပင်ဆိုစေ ရှင်ဆန်းဂုမိသည် အမာခံအဖွဲ့ဝင်များ၊ အဖွဲ့ဝင် အသစ်အသစ်များဖြင့် အမြဲပင် ၊ ရှင်သန်လည်ပတ်နေသော ပရဟိတအဖွဲ့ ဖြစ်သည်။ အခြားသန့်ရှင်းရေးအသင်း အဖွဲ့များနှင့် အချင်းချင်းချိတ်ဆက်၍ လူမှုရေးလုပ်ငန်းများ အတူလုပ်ခြင်းအားဖြင့် အပေါင်းအသင်းနယ်ပယ် ပို၍ ကျယ်ပြောလာကြသည်။ တစ်ခါက တူရကီကျောင်းသူတစ်ဦး သန့်ရှင်းရေးလာလုပ်အားပေးရင်းပြောသွားခဲ့ဖူးတာ သတိရသည်။ "အိုဆိုးဂျီသည် သန့်ရှင်းရေးသက်သက်မဟုတ်၊ မိတ်ဆွေအပေါင်း အသင်း ချဲ့ထွင်ခြင်း (communication)လည်း ဖြစ်သည်"တဲ့။ ကျွန်တော်သည် ဤအဖွဲ့တွင် ပင်တိုင် လုပ်အားပေးရင်း အခြား လူမှုရေးလှုပ်ရှားမှုများ၊ မိတ်ဆုံ စားပွဲများ၊ အခမ်းအနားများသို့ ဖိတ်ကြားခံရ၍ တက်ရောက်ရင်း မိတ်ဆွေသစ် များစွာ တိုးခဲ့ရသည်။ တစ်နှစ်ခွဲအကြာတွင် ကျိုတို၌ ကျွန်တော် သိကျွမ်းခင်မင်ခဲ့သော အပေါင်းအသင်း မိတ်ဆွေများသည် ကျွန်တော့်မွေးရပ်မြေရှိမိတ်ဆွေ အပေါင်းအသင်းများထက်ပင် ပို၍ များနေတော့သည်။
ရှင်ဆန်းဂုမိ အဖွဲ့ဝင်များကို ကျွန်တော်က သူငယ်ချင်းများဟုသာ ဆိုနေ သော်လည်း အချို့ အဖွဲ့ဝင်များသည် ကျွန်တော့် ဦးလေးအရွယ်၊ အဖေအရွယ်၊ အဘိုးအရွယ်များပင် ပါဝင်သည်။ သူတို့သည် ကျွန်တော့်အပေါ် အတော် ခင်မင်ကြသည်။ ဂျပန်လူမျိုးများ၏ ဓလေ့ထုံးတမ်းများကို သင်ပေးကြသည်။ ဥပမာ အခြားသူများနှင့် မည်သို့ဆက်ဆံပုံ၊ စားပွဲသောက်ပွဲဆိုင်ရာ အမူအကျင့် စသည်တို့ ဖြစ်သည်။
ချယ်ရီပန်းတွေပွင့်ရင်
ရှင်ဆန်းဂုမိတွင် လုပ်အားပေးရင်း၊ ကျိုတိုမြို့၏ ဂျပန်အသိုင်းအဝိုင်း များတွင် ကျင်လည်ရင်း ကျွန်တော့် အမူအကျင့်၊ အတွေးအမြင်အချို့ မသိမသာ ပြောင်းလဲလာသည်ကို သတိပြုမိသည်။ ယခင်က လူအများနှင့် ရောနှော ပေါင်းသင်းဆက်ဆံရသည်ကို ကျွန်တော် သိပ်သဘောမကျလှပေ။ ဘာသိ ဘာသာပင် နေတတ်သည်။ ယခုမူ ပါတီ၊ အခမ်းအနားများသို့သွား၍ လူသစ်၊ မိတ်သစ်များနှင့် စကားစမြည်ပြော မိတ်ဖွဲ့ရသည်ကို နှစ်သက်လာသည်။
သူတစ်ပါးပြောစကားကို စိတ်ဝင်တစား နားထောင်တတ်လာသည်။ ထို့အပြင် ကိုယ့်ကိုယ်ကိုယ်၊ ကိုယ့်အတ္တကို ရှေ့တန်းတင်တတ်သည့် စိတ်ဓာတ်၊ အကျင့် များ လျော့ပါးလာသည်ဟု ခံစားမိလာသည်။
ဂျပန်စကားတွင် အိုမိုအိယလီ(Omoiyari)ဆိုသည့် စကားရှိသည်။ မိမိ ထက် သူတစ်ပါးကို ဦးစားပေးသည့် စိတ်ဓာတ်၊ အတ္တဟိတထက် ပရဟိတကို ဦးစားပေးသည့် စိတ်ဓာတ်၊ မိမိကိုယ်ကိုယ် နှိမ့်ချတတ်သည့်စိတ်ဓာတ်မျိုးပင်ဖြစ်သည်။ ဤစိတ်ဓာတ်မျိုးကို ကျွန်တော်ချစ်သည့် ရှင်ဆန်းဂုမိ ပရဟိတ အဖွဲ့လေးတွင် အထင်အရှား တွေ့ရသည်။ ကျွန်တော် ကျင်လည်ခဲ့ဖူးသည့် ဂျပန်အသိုင်းအဝိုင်းတိုင်းတွင် မြင်ရသည်။ ယခင်က ဂျပန်သည် ရုပ်ဝတ္ထုတွင် ဖွံ့ဖြိုးတိုးတက်မှုလွန်နေသည့် ပထမကမ္ဘာ(first world)နိုင်ငံ အနေဖြင့်သာ ပိုသိထားသည်။ သို့သော် ကျွန်တော်၏ ကိုယ်တွေ့အရ ရုပ်ဝတ္ထုတွင်သာမက စိတ်ဓာတ်များမှာလည်း လွန်စွာ ဖွံ့ဖြိုးတိုးတက်လှပါသည်။ နှလုံးသား အလွန် လှပကြသော လူမျိုးများ ဖြစ်ကြသည်။
ရှင်ဆန်း၇မိကို ပြန်တွေးမိတိုင်း ကျိုတိုတွင် (၂)နှစ်တာ JDs(Japanese Grant Aid) ပညာသင်ကာလကို သတိရမိတိုင်း ကျွန်တော်၏ စိတ်အစဉ်သည် တိမ်ညိုမည်းတို့ တစ်ခွင်တစ်ပြင် မင်းမူလျက်ရှိရာမှ ရုတ်ချည်း ကြည်လင်ဝင်းပသော ကောင်းကင်နှယ်ရှိ၏။ ကြည်နူးခြင်း၊ ချစ်ခင်၊ နွေးထွေးခြင်းတို့ဖြင့် ရောပြွမ်းလျက် မျှော်လင့်ချက်နေ့သစ်များသည် ရှေ့တွင် တသီတတန်းကြီး စီတန်း၍နေသည်ဟု ခံစားမိလာသည်။
ဤသည်ကို ကျွန်တော်မပြန်ခင် ကျိုတိုမြို့တော်ဝန်နှင့် ၎င်း၏ရုံးခန်းတွင် တွေ့ဆုံစဉ် ပြောပြခဲ့ပါသည်။ အိုဆိုးဂျီသည် ကျွန်တော်၏ ဗဟိန္ဒ၊ အဇ္ဈတ္တအမူအကျင့်များကို မည်သို့ ပြောင်းလဲစေခဲ့ကြောင်းနှင့် ဂျပန် လူ့အဖွဲ့အစည်း အပေါ် ကျွန်တော်၏ ပုဂ္ဂိုလ်ရေး သဘောထားအမြင်များ ဖြစ်သည်။ ရှင်ဆန်းဂုမိမှ မိတ်ဆွေများ၏ ပံ့ပိုးမှုဖြင့် မြို့တော်ဝန်နှင့်တွေ့ဆုံ စကားပြောခွင့်ရခဲ့ခြင်းကိုလည်း မြန်မာတစ်ယောက်အနေဖြင့် လွန်စွာဂုဏ်ယူဝမ်းမြောက်မိသည်။ ဤအခွင့် အရေးသည် နိုင်ငံတကာ ပညာသင်များအနက် ကျွန်တော်တစ်ဦး တည်းသာရရှိခဲ့သော အထူးအခွင့်အရေး ဖြစ်သည်။ မြို့တော်ဝန်ခဒိုဂါဝါစံသည် မြန်မာပြည်ကို စိတ်ဝင်တစားရှိသည်။ မြန်မာ့စောင်း(Burmese Harp) စာအုပ်အကြောင်းနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကျိုတို့၌ ပညာသင်သွားခဲ့ဖူးသည့် အကြောင်းကို တခုတ်တရပြောသည်။ ကျိုတိုနှင့် ရန်ကုန်ကို ညီအစ်မမြို့တော်(sister cities)ကဲ့သို့ ဆက်ဆံရေး ထူထောင်လိုသည့် ဆန္ဒကို အရိပ်အမြွက် သိခဲ့ရသည်။
မြို့တော်ဝန်ကိုသာမကကျွန်တော့်အတွက် လုပ်ပေးကြသည့် နှုတ်ဆက်ပွဲ များတွင် ကျွန်တော်ပြောဖြစ်ခဲ့သည်မှာ "ကျိုတိုတွင် JDS အထောက်အပံ့ဖြင့် ပညာသင်ခဲ့ခြင်းသည် ကျွန်တော်၏အသိဉာဏ်အတွက်ဖြစ်၍ ရှင်ဆန်းဂုမိနှင့် အိုဆိုးဂျီမှ သင်ယူလေ့လာခဲ့ရသမျှသည် ကျွန်တော်၏ နှလုံးသားအတွက် ဖြစ်သည်"ဟု။
ရှင်ဆန်းဂုမိက စီစဉ်ပေးသော နှုတ်ဆက်ပွဲ ညစာစားပွဲတွင် ကျွန်တော်တို့ကြားက သံယောဇဉ်၊ မေတ္တာတရားသည် ပို၍ခိုင်မာစွာ နှောင်တည်းမိကြတော့ သည်။ ကျွန်တော် နှုတ်ခွန်းဆက်စကားပြောတော့ ကျွန်တော်တို့အတူ ဝမ်းနည်းမျက်ရည်ဝဲကြသည်။ အအိဟလာစံက ကျွန်တော် ပါဝင်ပတ်သက် ခဲ့သမျှ လှုပ်ရှားမှု၊ အခမ်းအနား၊ ခရီးတို၊ ပါတီများ စသည်တို့မှ ဓာတ်ပုံများကို စုစည်း၍ ဗီဒီယိုလေးတစ်ခုပြုလုပ်ပြီး ညစာစားပွဲတွင်ပြသည်။ ဗီဒီယိုအဆုံးတွင် ပေါ်လာသော စာတန်းလေးကြောင့် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ဝမ်းနည်းမိ သည်။ ။ "နှုတ်ဆက်စကား မဆိုကြေး၊ ချယ်ရီပန်းတွေပွင့်ရင်ပြန်တွေ့ကြရအောင်" ချယ်ရီပန်းတွေ ဝေနေသည့် နွေဦးတစ်နေ့တွင် ၎င်းတို့နှင့် ဆုံခဲ့ရသည်။ ဖြစ်နိုင်လျှင် ချယ်ရီပန်းတွေ ဝေနေဦးမည့် နွေဦးတစ်နေ့တွင် ၎င်းတို့နှင့် အမှန် တကယ် ထပ်မံဆုံတွေ့ချင်ပါသေးသည်။ ကီယမချီလမ်းတွင် အိုဆိုဂျီ အတူ လုပ်ချင်ပါသေးသည်။ ပန်းကြည့်ပွဲတော်တွင် တကဆဲမြစ်ထဲ၌ အတူ အခမဲ့ လှေထိုးပေးချင်ပါသေးသည်။ သို့သော် ချယ်ရီပန်းတွေပွင့်မည့် မည်သည့် နွေဦးလဲဆိုသည်ကိုတော့ ကျွန်တော်မသိနိုင်ပါ။ ။