ပွင့်ဖြူ   ဩဂုတ်   ၁

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံ သည် ယခုရက်ပိုင်း မိုးရွာသွန်းမှုများကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ထပ်မံတိုး လာခဲ့သဖြင့် ဩဂုတ် ၁ ရက်  နံနက် ၉ နာရီအချိန်တိုင်းထွာရာ၌  တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေအထက် တမံရေပိုလွှဲမှ ၃ ဒသမ ၆ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင် ထံက သိရသည်။ 

“ ဒီရက်ပိုင်းမှာ တမံရဲ့ အထက်ပိုင်းဒေသတွေမှာ မိုးဆက်လက်ရွာသွန်းနေတာကြောင့် ကြီးအုံကြီးဝတမံအတွင်း မိုးရေဝင်ရောက်မှုတွေ ထပ်တိုးလာပါတယ်။ ဒီနေ့မနက် ၉ နာရီအချိန် တိုင်းထွာရာမှာ တမံရေပြည့်အမှတ်ဖြစ်တဲ့  ၃၄၀ ပေ အထက် (၃ ဒသမ ၆)ပေခန့် ဆက်လက်ရေကျော်ကျနေပါတယ်။ တမံရေပိုလွှဲမှ ရေကျော်ကျမှုရှိပေမဲ့ တမံအောက်ဘက်ရှိ ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိပါဘူးခင်ဗျာ။ တမံရေပိုလွှဲနှင့် ဆက်စပ် အဆောက်အအုံတွေလည်း ကြံ့ခိုင်ကောင်းမွန်လျက်ရှိပါတယ်။ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေနဲ့ တမံ ရေပိုလွှဲမှ ရေကျော်ကျမှုအခြေအနေတွေကိုလည်း တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူတွေ အချိန်နဲ့ တစ်ပြေးညီသိရှိနိုင်ဖို့အတွက် ရေကင်းတာဝန်ကို (၂၄)နာရီစောင့်ကြပ်စစ်ဆေးပြီး အသိပေး နှိုးဆော်ဆောင်ရွက် ပေးနေပါတယ်" ဟု ကြီးအုံကြီးဝတမံမှ ရေကင်းတာဝန်ခံ ဦးစီးအရာရှိ ဦးထွန်းလွင် က ပြောပြသည်။ 

ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ပြီး ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ကာ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကို မဟာ ဓာတ်အားလိုင်သို့ပို့လွှတ်၍ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုပေးလျက်ရှိသည်။ ထို့အပြင်  မြို့နယ် အတွင်းရှိ ဒေသခံတောင်သူများ တစ်နှစ်ပတ်လုံးသီးနှံများ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံ အလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေး၍ ဒေသခံတောင်သူများ၏ စိုက်ပျိုးလုပ်ငန်းအတွက် များစွာအကျိုးပြု နေသည့် တမံတစ်ခုဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)