ပွင့်ဖြူ ၊ ၂၂     ဇန်နဝါရီ        

ပွင့်လင်းရာသီကာလ ရောက်ရှိလာပြီဖြစ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ရပ်ကွက်နေပြည်သူများ မီးဘေးသတိမူစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဇန်နဝါရီ ၂၂ ရက် နံနက် ၁၀ နာရီခွဲက မြို့နယ်မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်သီဟနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသို့ သွားရောက်ပြီး မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းအသိပညာပေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ယင်းသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးအရှာရှိ ဦးအောင်သီဟက ကြီးအုံကြီးဝတမံရှိ တာဝန်ကျဝန်ထမ်းများအား တွေ့ဆုံ၍ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စီစဉ်ဆောင်ရွက်သွားရန်နှင့် မီးဘေးလုံခြုံ စိတ်ချရမှုရှိစေရေးအတွက် လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် မဖြစ်အောင် စနစ်တကျ ကိုင်တွယ်အသုံးပြုကြရန် ၊ မီးဘေးအန္တရာယ်ကြုံတွေ့ပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရန်အတွက် မီးသတ်ဆေးဘူးများ လုံလောက်စွာ ထားရှိရန်၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အချိန်နဲ့တစ်ပြေးညီ သတင်းပေးပို့ရန်ကိစ္စရပ်များကို အသိပညာပေးဆွေးနွေးဟောပြောကာ ပညာပေးလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။ 

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်သီဟ၏ ဦးဆောင်မှုဖြင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြုံတွေ့ပါက မီးသတ်ဆေးဘူးနှင့် ရေစိုဝတ်အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့် သရုပ်ပြသရာ ကြီးအုံကြီးဝတမံရှိ  ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များက စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြပြီး လက်တွေ့ မီးငြှိမ်းသတ်နည်းတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 

ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်း ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ ကွင်းဆင်း၍ မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဆွေးနွေးဟောပြောခြင်း၊ မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ စစ်ဆေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်နည်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြသခြင်းများကို အရှိန်အဟုန်မြှင့်တင် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

ရဲဝင်းနိုင် (ညောင်ဦး)