၁၄ ဩဂုတ်

 

 

မြောက်ကိုရီးယားက တောင်ကိုရီးယားနယ်စပ် ဒေသအနီး  ကီဆွန်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်ဆိုင်ရာ သီးသန့်ကန့်သတ်ထားမှုကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်ခဲ့သဖြင့် သီတင်းပတ် သုံးပတ်အကြာ အဝင်အထွက် ကန့်သတ်ပိတ်ဆို့ထားမှုကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

 

 

ပြီးခဲ့သည့်လက တောင်ကိုရီးယားနိုင်ငံကို ထွက်ပြေးသွားသည့် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတစ်ဦး ကီဆွန်မြို့သို့ပြန်လာခဲ့ပြီးနောက်တွင် အဆိုပါ အဝင်အထွက် ပိတ်ဆို့မှုကို ချမှတ်ခဲ့ခြင်း ဖြစ်သည်။

 

 

ယမန်နေ့က မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း တက်ရောက်ခဲ့သည့် ပေါ်လစ်ဗျူရို အစည်းအဝေးတွင် ယင်းသို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာ ရိုဒေါင်ရှင်းမူတွင် ဖော်ပြထားသည်။

 

 

ကင်၏ ပြောကြားချက်အရ ထိုမြို့တော်၏ ဗိုင်းရပ်စ်ဆိုင်ရာ ကြိုတင်ကာကွယ်မှု အစီအမံများက ရောဂါကူးစက်မှုကိုထိန်းသိမ်းကာ သက်သေပြနိုင်ခဲ့သည်ဟု သိရသည်။

 

 

အဆိုပါ ထွက်ပြေးသွားသူမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ရှိ/မရှိ ဆိုသည်ကို မြောက်ကိုရီးယားက ထုတ်ဖော်ပြောကြားခြင်းမရှိခဲ့ပေ။

 

 

နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မရှိဟု ဖော်ပြထားသည်။

 

 

ခေါင်းဆောင်ကင်သည် ဒုံးကျည် အစီအစဉ်တွင် အဓိက အခန်းကဏ္ဍတွင် လုပ်ဆောင်သူ ရီယောင်ချို ကို ရာထူးတိုးမြှင့်ပေးအပ်ခဲ့သည်။

 

 

ခေါင်းဆောင်ကင် က ဒုံးကျည်စမ်းသပ်မှုနှင့် အခြားသော လုပ်ဆောင်မှုများကို စစ်ဆေးကြည့်ရှုသည့်အခါ ရီသည် ကင်နှင့်အတူ မကြာခဏ လိုက်ပါလာသူဖြစ်သည်။

 

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို

2356