ကြီးမားသော အခွင့်အလမ်းကောင်း

နေပြည်တော် ၂၅ သြဂုတ်

 

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ကုန်းတွင်းနယ်မြေတွင် အကြီးမားဆုံးဒေသဖြစ်သည်။ စိုက်ပျိုးနိုင်သော မြေနှင့် သဘာဝအရင်းအမြစ်များ ပေါများကြွယ်ဝသည့် နိုင်ငံဖြစ်သည်။ အသင့်အတင့်များပြားသော လူဦးရေနှင့် ငယ်ရွယ်သော လုပ်သားအင်အားစုများအလုံအလောက်ရှိသော နိုင်ငံဖြစ်သည်။ ထို့ကြောင့် ကမ္ဘာပေါ်၌ ရင်းနှီးမြှုပ်နှံမှုအကောင်းဆုံးနိုင်ငံများတွင် မြန်မာနိုင်ငံလည်း ပါဝင်သည်ဟု ဆိုနိုင်သည်။

 

ကမ္ဘာပေါ်ရှိ ဖွံ့ဖြိုးပြီးနိုင်ငံများသည် မြန်မာနိုင်ငံကို စိတ်ဝင်စားကြသည်။ စိတ်ဝင်စားသည့် အကြောင်းအရာများတွင် ရခိုင်အရေးကိစ္စပြီးလျှင်မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရေးကိစ္စသည် ဦးစားပေးဖြစ်သည်။ မကြာသေးမီရက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် စင်ကာပူနိုင်ငံသို့ အလုပ်သဘောချစ်ကြည်ရေးသွားရောက်ခဲ့သည့် ခရီးစဉ်တွင်”တီထွင်ကြံဆမှု၊လွတ်လပ်သော ကုန်သွယ်မှု၊ ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု၊ ဒေသတွင်းချိတ်ဆက်မှုများနှင့်အတူ အာဆီယံစီးပွားရေး ပေါင်းစည်းမှုက မိမိတို့အတွက် ကြီးမားသော အခွင့်အလမ်းများကို ဖြစ်ပေါ်စေခဲ့ကြောင်း၊မကြာသေးမီက မြန်မာနိုင်ငံစီးပွားရေးမြင့်တက်လာမှုသည် အာဆီယံနှင့်အခြားသော အရှေ့အာရှနိုင်ငံများမှ လာရောက်ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှုတို့ကြောင့် ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုအခြေခံကောင်းများရှိသလို မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြသူများ၊ ရင်းနှီးမြှုပ်နှံရန် စောင့်ကြည့်လေ့လာ အကဲခတ်နေကြသောနိုင်ငံများ အမြောက်အမြားရှိသည်။လက်ရှိတွင် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံကြသော နိုင်ငံများတွင် အာဆီယံနိုင်ငံများနှင့် အရှေ့အာရှနိုင်ငံများမှ ရင်းနှီးမြှုပ်နှံလုပ်ကိုင်မှုပိုမိုများပြားသည်ကို တွေ့ရသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုကို ပိုမိုအလေးထားသည်။ သို့သော် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်နှင့်သင့်မြတ်စွာ ပေါင်းစပ်နိုင်သော နိုင်ငံဖြစ်ဖို့လည်းလိုသည်။

 

မြန်မာနိုင်ငံသည် ကောင်းမွန်သောအုပ်ချုပ်ရေးနှင့် အကောင်းဆုံးဖြစ်စေမည့် စီးပွားရေးလုပ်ငန်း အလေ့အထများကိုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီဥပဒေများကို စနစ်တကျပြင်ဆင်ရေးဆွဲထားသည်။ လုပ်ငန်းကြန့်ကြာစေသည့် အဆင့်များကို ဖယ်ရှားရန်နှင့် အကောင်အထည်ဖော်နေသည့် လုပ်ငန်းများအား အရှိန်မြှင့်ရန် လုပ်ထုံးလုပ်နည်းများကို ပြေပြစ်သွက်လက်အောင် လုပ်ဆောင်ထားသည်။ ယမန်နှစ်က မြန်မာနိုင်ငံရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံအထိ တိုးတက်လာသည်။

 

အရှေ့အာရှနိုင်ငံများနှင့် အာဆီယံနိုင်ငံများမှာ မြန်မာနိုင်ငံတွင်ပိုမိုရင်းနှီးမြှုပ်နှံကြပြီး ယင်းရင်းနှီးမြှုပ်နှံမှုပမာဏ၏ ထက်ဝက်ကျော်မှာစင်ကာပူနိုင်ငံဖြစ်သည်။ မကြာသေးမီရက်ပိုင်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သွားရောက်ခဲ့သော စင်ကာပူနိုင်ငံခရီးစဉ်တွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ အသစ်လည်း လိုက်ပါခဲ့ပြီး စီးပွားရေးလုပ်ငန်းများ အဆင်ပြေချောမွေ့အောင် ကော်မရှင်ဥက္ကဋ္ဌသစ်က လိုလိုလားလား လုပ်ဆောင်ပေးနိုင်ကြောင်းကို လုပ်ငန်းရှင်များအား အာမခံချက် ပေးရန်အသင့်ရှိပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေးခဲ့သည်။

 

အဆိုပါသတင်းစကားသည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေကြဆဲ နိုင်ငံများသာမက ရင်းနှီးမြှုပ်နှံရန် ယုံကြည်မျှော်လင့်ဆဲနိုင်ငံများအတွက်ပါ အခွင့်အလမ်းကောင်းများ ဖြစ်ပေါ်စေသည်။ပြီးခဲ့သည့် လပိုင်းအတွင်းမှာပင် အမေရိကန်ဒေါ်လာ သန်း ငါးရာခန့်တိုးချဲ့ရင်းနှီးမြှုပ်နှံလာပြီး နေ့စဉ်ရင်းနှီးမြှုပ်နှံမှုများ တိုးတက်နေသည်ကိုတွေ့ရသည်။ အခက်အခဲများ၊ စိန်ခေါ်မှုများရှိနေသော်ငြားလည်းမြန်မာနိုင်ငံ၏ စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများမှာအလားအလာကောင်းများရှိနေသည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် အဓိကကျသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ တိုးတက်လာစေရန် လွတ်လပ်သောကုန်သွယ်မှု၊ တီထွင်ကြံဆလုပ်ကိုင်မှု၊ လူသားအရင်းအမြစ်များ၌ ရင်းနှီးမြှုပ်နှံမှု၊ ဒေသတွင်းနိုင်ငံများနှင့် ထိတွေ့ဆက်ဆံနိုင်မှုများသည် ကြီးမားသော အခွင့်အလမ်းကောင်းများကို ဖြစ်ပေါ်စေခဲ့ပါကြောင်း။ ။