ကျီးနီကန်ကြိုပြင်ကာကွယ်တောနှင့် ထုံးကြီးတောင်အပတောအတွင်း သစ်များ ဖမ်းဆီးရမိ

ရမည်းသင်း ၁၅ ဖေဖော်ဝါရီ 

 

မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင်နှင့် မြို့နယ် သစ်တောဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီ ၁၁ ရက်နံနက် ၁၀ နာရီခွဲက တရားမဝင်သစ်များ ရှာဖွေဖမ်းဆီးရေး ကွင်းဆင်းဆောင်ရွက်ရာ ကျီးနီကန်ကြိုးပြင်ကာကွယ်တောနှင့် ထုံးကြီးတောင်အပတောအတွင်း သစ်များတရားမဝင်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ရမည်းသင်းမြို့နယ်အတွင်း တရားမဝင်သစ်များ ရှာဖွေဖမ်းဆီရေး အဖွဲ့ ရမည်းသင်းခရိုင် သစ်တောဦးစီးဌာန ခရိုင်ဦးစီး လက်ထောက်ညွန်ကြားရေးမှူး ဦးမောင်မောင်ချိုနှင့်ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကွင်းဆင်းရှာဖွေဖမ်းဆီးရာ ရမည်းသင်းမြို့နယ် ကျီးနီကန်ကြိုးပြင်ကာကွယ်တော အကွက် အမှတ်(၁၄)တွင် ဒီဒူးသစ်(၄ ဒသမ ၆၀၈၈)တန်ကိုလည်းကောင်း၊ ထုံးကြီးတောင်(အပတော) ဧရိယာအတွင်း လင်ဇင်းနှင့် သစ်ယား(၂ ဒသမ ၃၅၀၄)တန်နှင့် ဘုရားကုန်းပန်းတောင်သွားလမ်းဘေးတွင် ကညင်သစ်ခွဲသား(၂ ဒသမ ၇၄၀၂)တန်တို့ကို ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ပြီး သစ်တောဦးစီးဌာနမှ သစ်တောဥပဒေဖြင့် သစ်ခိုးယူသူများကို ဖော်ထုတ်ဖမ်းဆီးရမိရေး အမှုဖွင့်အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

 

ဇော်ဝင်းအောင်(ရမည်းသင်း)