ရန်ကုန် စက်တင်ဘာ ၂၄ 

 

စက်တင်ဘာ ၂၆ ရက်တွင် မြန်မာတစ်နိုင်ငံလုံးရှိ အဆင့်မြင့်ရုပ်ရှင်ရုံများတွင် ရုံတင်ပြသမည့် “ကွီးတို့၏မာယာ” ရုပ်ရှင်ကား၏ အထူးပွဲ ပြပွဲကို ရန်ကုန်မြို့၊ Junction City JCGV အဆင့်မြင့်ရုပ်ရှင်ရုံတွင် ယမန်နေ့ည ၇ နာရီက ပြသရာ ဇာတ်ကားတွင် ပါဝင်သည့် ဒါရိုက်တာ၊ သရုပ်ဆောင်နှင့် ထုတ်လုပ်သူများ၊ ရုပ်ရှင်ချစ် ပရိသတ်များ တက်ရောက်ကြည့်ရှူအားပေးကြသည်။ 

 

ဤဇာတ်ကားတွင် ဝတ္ထု သမီးမြတ်ကျော်၊ ဇာတ်ညွှန်း နတ်ရဲ၊ အနုပညာအကြံပေး သွန်းနေစိုး၊ ဒီရေလှိုင်း၊ ဒါရိုက်တာ ရာဇဝင်ကို၊ သရုပ်ဆောင် အကယ်ဒမီ ရဲအောင်၊ အကယ်ဒမီ ခန့်စည်သူ၊ အကယ်ဒမီ ဗေလုဝ၊ ရာဇာနေဝင်း၊ အောင်မင်းခန့်၊ ဒိန်းဒေါင်၊ အကယ်ဒမီ မို့မို့မြင့်အောင်၊ အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ်၊ အကယ်ဒမီ ခိုင်သင်းကြည်၊ ကြည်လဲ့လဲ့ဦး၊ သွန်းဆက်နှင့် သရုပ်ဆောင်များစွာတို့ ပါဝင်သရုပ်ဆောင်ထားကြပြီး နယူးဖိုးဝရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ် ထားသည်။ 

 

“ဒီဇာတ်လမ်းက အိမ်ထောင်ရှင်မိသားစုတွေရဲ့ အပြင်မှာ ဖြစ်တတ်တဲ့ သဘာဝကို အခြေခံပြီးတော့ ရိုက်ထားတာပါ၊ ဇာတ်လမ်း ဇာတ်ကွက်တွေက ရိုက်ကတည်းက ရယ်စရာကောင်းတဲ့ ဇာတ်ကွက်တွေ အများကြီးပါပါတယ်၊ မိန်းကလေးတွေရဲ့ မာယာထက် အမျိုးသားတွေရဲ့ မာယာက ပိုပြီးတော့ ပြင်းထန်တယ်ဆိုတာကို  လာရောက်ကြည့်ရှုစေချင်ပါတယ်” ဟု အကယ်ဒမီ ထွန်းအိန္ဒြာဗိုလ် က ပြောသည်။ 

 

“အိမ်ထောင် တစ်ခုဖြစ်သွားပြီဆိုရင် အပြင်ကကိစ္စတွေက  အိမ်မှာအနှောင့် အယှက်မဖြစ်နိုင်ဘူး ထင်လိုက်ပေမယ့် တစ်ချို့ဟာတွေက ကိုယ့်မိသားစုမှာ ပြဿနာ ဖြစ်သွားနိုင်တဲ့ဟာမျိုးတွေ ရှိတယ်ဆိုတဲ့ ဖြစ်လေ့ဖြစ်ထရှိတာကို ပညာပေးအနေနဲ့ ၊ ပရိသတ်တွေ စိတ်ချမ်းသာပြီး ပျော်ရမယ့် ဇာတ်ကားတစ်ကားဖြစ်လို့ လာကြည့် စေချင်ပါတယ်” ဟု အကယ်ဒမီ ရဲအောင်က ပြောသည်။ 

 

အဓိက ကတော့ မိသားစုတစ်စုဖြစ်လာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယောကျာ်းကလည်း မိန်းမအပေါ်မှာ ရိုးသားဖို့လိုတယ်၊ မိန်းမကလည်း ယောကျာ်း အပေါ် ရိုးသားဖို့လိုတယ်၊ အဲဒါကို တစ်ယောက်နဲ့ တစ်ယောက် အရွဲ့တိုက်နေမယ် ဆိုရင် ကိုယ့်ဘဝတွေပဲ အဆင်မပြေဖြစ်သွားမယ်ဆိုတာကို တင်ပြထားတာပါ” ဟု အကယ်ဒမီ ခန့်စည်သူက ပြောသည်။ 

 

သန့်ဇင်ဝင်း