ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၉ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသ ခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး / အဖြေ အစီအစဉ်ကို ပြည်သူများသိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။

အစီအစဉ်မှူး။    ။    ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွား မှုရဲ့ ဒုတိယလှိုင်းဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေနဲ့ လည်း ဒီကပ်ရောဂါကြီးကို ဘယ်လိုရင်ဆိုင်ကျော်လွှားပြီး ပြည်သူတွေအပေါ် ဘယ်လိုမျိုးစောင့် ရှောက်ကုသပေးရမယ်ဆိုတာကို ပိုပြီးနားလည်သဘောပေါက်လာပြီ  ဖြစ်ပါတယ်။ 

အခုအချိန်မှာ ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေအနေနဲ့လည်း ကိုဗစ် - ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ပါဝင်လာနိုင်ဖို့အတွက် ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်နေပြီလို့ ကြားသိရပါ တယ်။ ဒါဆိုရင် ပြည်သူတွေအတွက် ရွေးချယ်စရာတွေ များလာမှာဖြစ်သလို နိုင်ငံပိုင်ဆေးရုံတွေ အတွက် ဝန်ထုပ်ဝန်ပိုး အနည်းငယ် လျော့နည်းသွားနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ 

ကိုဗစ် - ၁၉ နဲ့ပတ်သက်လို့ သိထားရမယ့် သတင်းမှန်အချက်အလက်တွေ၊ လိုက်နာရမယ့် ကိစ္စ တွေကို ရှင်းလင်းဖြေကြားပေးဖို့ ဒီနေ့ရဲ့ ဆွေးနွေးမှုူမှာ ဆရာကြီးပါမောက္ခဒေါက်တာထင် အောင်စော [ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံဆရာဝန်အသင်း (ဗဟို)၊ နည်းပညာပိုင်းဆိုင်ရာ ကူညီပံ့ပိုးအကြံပြု အားဖြည့်ဆောင်ရွက်ရေးအဖွဲ့ဝင်] ၊ ဆရာကြီးဒေါက်တာကျော်ကံကောင်း [ဒုတိယညွှန်ကြားရေးမှူး ချုပ်၊ မကူးစက်နိုင်သော ရောဂါများကာကွယ်နှိမ်နင်းရေးဌာနခွဲ၊ ကျန်းမားရေးနှင့် အားကစားဝန်ကြီး ဌာန] တို့နဲ့ အတူ ဆရာမ ဒေါက်တာခင်ခင်ကြီး [ညွှန်ကြားရေးမှူး၊ ဗဟိုကူးစက်ရောဂါ တိုက်ဖျက် ရေး ဌာနခွဲ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန] က ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်။ ဒီနေ့ရဲ့ မေးခွန်း တွေ မေးမြန်း / ဖြေကြားဆွေးနွေးမှုူကို စတင်နိုင်ဖို့အတွက် ဆရာမကနေ ဦးဆောင်ပြီး ဆွေးနွေးပေးဖို့ အတွက် ဖိတ်ခေါ်ပါတယ်။

ဒေါက်တာခင်ခင်ကြီး။    ။     ဒီနေ့ ပဉ္စမအပတ် တတိယနေ့ ဆွေးနွေးပွဲမှာ ဦးဆောင် သူအဖြစ် ပါဝင် ဆွေးနွေးခွင့်ရတဲ့အတွက် ဝမ်းသာပါတယ်။ ပထမဦးဆုံး ဆရာကြီးပါမောက္ခဒေါက်တာ ထင်အောင် စောဆီမှာ မေးခွန်းတွေလည်း တော်တော်များများ ရောက်ရှိနေပြီဖြစ်ပါတယ်။ ဒီမေးခွန်း တွေ ထဲမှာ ဘယ်လိုမျိုး စိတ်ဝင်စားစရာမေးခွန်းတွေ ပါလာမလဲ၊ ဆရာကြီးက ဘယ်လိုဖြေဆိုမလဲ ဆိုတာ အထူးစိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးဦးထင်အောင်စောကို ဖြေကြားပေးဖို့ အတွက် အထူးလေးစားစွာဖိတ်ခေါ်အပ်ပါတယ်ရှင်။

ပါမောက္ခဒေါက်တာထင်အောင်စာ။    ။      ကျွန်တော့်ကို အခုလိုမျိုး မေးခွန်းတွေ ဖြေကြား ခွင့်ပြု တဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။ ပထမဦးဆုံး ကျွန်တော် ဖြေကြားရမယ့် မေးခွန်း က ၂ ခု၊ ၃ ခုလောက်စုပြီး မေးထားတဲ့ မေးခွန်းဖြစ်ပါတယ်။ ဦးတိုင်းကျော်ဆိုတဲ့ မေးခွန်းရှင်ရယ်၊ တခြားနာမည် မဖော်ပြထားတဲ့ မေးခွန်းရှင် ၂ ဦး၊ ၃ ဦးက မေးထားတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ 

မေးခွန်းရှင်တစ်ဦးက ဘာပြောလဲဆိုတော့ သူက အပြင်ကိုထွက်တဲ့အခါမှာ နှာခေါင်းစည်း မတပ်နိုင်တဲ့ အခြေအနေမျိုးတွေ ကြုံလို့ရှိရင် ရောဂါပိုးမကူးအောင် နှာခေါင်းကို ဆပ်ပြာနဲ့ပွတ်ပြီး အပြင်ထွက်တယ်။ အဲဒီမေးခွန်းနဲ့ ခပ်ဆင်ဆင်တူတာက ကွမ်းယာစားတဲ့အခါ ကွမ်းယာထဲမှာ ထုံး တွေပါတော့ ဒီကွမ်းယာထဲက ထုံးတွေက ရောဂါပိုးကို ကာကွယ်နိုင်သလား။ ဘာဖြစ်လို့လဲဆိုတော့ ပတ်ဝန်းကျင်မှာ သန့်ရှင်းရေးအတွက် ပိုးသေအောင်လို့ ထုံးတွေဖြူးနေတာတွေ့တော့ အတူတူပဲ မဟုတ်ဘူးလားလို့ဆိုပြီး မေးထားပါတယ်။ ကျွန်တော်အနေနဲ့ ဒါတွေကို ရှင်းပြချင်ပါတယ်။

ပတ်ဝန်းကျင်မှာ ထုံးဖြူးပြီးတော့ ပတ်ဝန်းကျင်မှာ ပိုးကင်းစင်အောင်လုပ်တဲ့ နည်းစနစ်သည် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ၊ ကုန်ကျစရိတ် သက်သာတဲ့ နည်းတစ်ခုဖြစ်တယ်။ ထိ ရောက် မှုလည်း ရှိပါတယ်။ တချို့သော ဘက်တီးရီယားတွေ၊ ဗိုင်းရပ်စ်တွေကို ကာကွယ်နိုင်တာ မှန်ပါ တယ်။ သို့သော် ဒီထုံးသည် ဘာလည်းဆိုရင် ကယ်လ်ဆီရမ်အောက်ဆိုဒ် လို့ခေါ်တဲ့ Quick Lime Stones ဖြစ် ပါတယ်။ ဒီဟာကို သုံးစွဲတဲ့အခါမှာ သတိထားရတယ်။ ဒီလိုမှမဟုတ်ရင် လက်တွေကို အပူလောင် တတ်တယ်။ မျက်စိတွေ၊ ပါးစပ်တွေထဲကို ဝင်ရင်လည်း လောင်ကျွမ်းတတ် ပါတယ်။

ကွမ်းယာထဲကို ထည့်ပြီးစားတဲ့ ထုံးက မတူပါဘူး။ နည်းနည်းကွာခြားပါတယ်။ သူသည် ကယ်လ်ဆီရမ်ဟိုက်ဒေါဆိုက် ဖြစ်ပါတယ်။ နံပါတ် (၁) မတူပါဘူး ခင်ဗျာ။ နံပါတ် (၂) သူသည် ပိုးသန့်စင်တာအတွက် အသုံးမဝင်ပါဘူး။ ပြီးခဲ့တဲ့လအတန်ကြာက မှတ်မိကြမယ်ထင်ပါတယ်။ တိုး တက်တဲ့ နိုင်ငံတစ်ခုရဲ့ ခေါင်းဆောင်ကြီးတစ်ဦးကနေ Antiseptic လို့ခေါ်တဲ့ ပိုးသတ်ဆေးတွေက ပတ်ဝန်းကျင်မှာသုံးရင် ပိုးသေတယ်ဆိုတော့ လူ့ခန္ဓာကိုယ်ထဲ ထိုးရင် ပိုးသေမှာပဲလို့ ပြောမိတဲ့အခါ လူအများကြားထဲမှာ “မျက်စိ” ရှုပ်ထွေးမှု၊ “နားလည်မှု” ရှုပ်ထွေးမှု ဖြစ်စေခဲ့ပါတယ်။ နောက်မှ ကျန်းမာရေးပညာရှင်တွေက မဆိုင်ဘူးဆိုပြီး မတူတဲ့အချက်တွေကို ရှင်းပြခဲ့ရပါတယ်။ စောစောက ပြောတဲ့ ပတ်ဝန်းကျင်မှာ သုံးစွဲတဲ့ပိုးသတ်ဆေးတွေက ခန္ဓာကိုယ်ကို အန္တရာယ်တောင် ဖြစ်စေတတ် တာကို ရှင်းပြခဲ့ရပါတယ်။

ဒါကြောင့်မိုလို့ ဆေးဝါးတွေနဲ့ ပတ်သက်တဲ့အခါကျရင် မတူတဲ့အချက်တွေကို ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးဖို့လည်း လိုပါတယ်။ ကိုယ်ထင်တိုင်း လုပ်လို့ မရပါဘူး။ ကွမ်းယာစားတဲ့ အတွက်ကြောင့်မိုလို့ “ကိုဗစ်” ကို မကာကွယ်နိုင်ပါဘူး။ “ကိုဗစ်” ကို ပို ကူးစက်နိုင်ပါတယ်လို့  ဒီနေရာမှာ ဆွေးနွေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကွမ်းတံတွေးထွေးလို့ ဖြစ်ပါတယ်။ ကိုဗစ် ဟာ အားလုံးသိတဲ့အတိုင်းပဲ အသက်ရှုလမ်းကြောင်းမှာ ဖြစ်တယ်။ ပါးစပ်၊ နှာခေါင်းက ထုတ်တဲ့ အမှုန်အမွှားအရည်တွေထဲမှာ ရှိတယ်။ ဒီကနေ ထွက်ရင် ကူးစက်နိုင်တယ်။ ဒါကြောင့်မိုလို့ ချောင်းဆိုး ရင် ပါးစပ်ကို အုပ်ဆိုးဖို့ ပြောကြားရပါတယ်။ နှာခေါင်းစည်းတပ်ဖို့ ပြောကြားရပါတယ်။ စကားပြော ရင်တောင် ကူးနိုင်တယ်။ သီချင်းဆိုရင်လည်း ကူးနိုင်တယ်။ ဒီလိုမျိုး ဆိုကြတာတွေ ရှိပါတယ်။

အဲဒီတော့ တံတွေးကနေလည်း ကူးစက်နိုင်တာကို စိုးရိမ်မှုတွေရှိတဲ့အတွက်ကြောင့် တားဆီး နေတဲ့ လုပ်ငန်းတွေ၊ နည်းစနစ်တွေ ရှိပါတယ်။ ဥပမာ - အားကစားကို ပြင်းပြင်းထန်ထန် လုပ်တဲ့ သူတွေဆိုရင် ကြာလာတဲ့အခါ ပါးစပ်ထဲမှာ တံတွေးတွေ ချွဲပြစ်လာတဲ့အတွက်ကြောင့်မို့ တံတွေး ထွေးချင်တဲ့ဆန္ဒ ဖြစ်ပေါ်တပ်ပါတယ်။ အထူးသဖြင့် ဘယ်မှာတွေ့ရသလဲဆိုရင် ဘောလုံးသမားတွေ ကစားတဲ့အခါမှာ တွေ့ရလေ့ရှိပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ရက်လပိုင်းတွေက အခြားအနောက်နိုင်ငံ တွေမှာ ဘောလုံးပြိုင်ပွဲ ပြန်ဖွင့်တဲ့အခါ ဖီဖာ လို့ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ကလည်းကောင်း၊ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ကလည်းကောင်း အားကစားသမားများ၊ ဘောလုံးသမားများ တံတွေး မထွေးရဘူးဆိုပြီး တားမြစ်ထားပါတယ်။ ကိုဗစ်ရောဂါကူးစက်မှာစိုးလို့ ဖြစ်ပါတယ်။ တကယ်လို့ တံတွေးထွေးလို့ရှိရင် အဝါကတ်ပြမယ်လို့ ပြောခဲ့ဖူးပါတယ်။ အခု အဝါကတ်တော့ မပြဘူး၊ သတိ ပေးတာတော့ ခံရပါတယ်။

အိန္ဒိယနိုင်ငံမှာဆိုရင်လည်း ကျွန်တော်တို့ နိုင်ငံမှာလို ကွမ်းစားတာများတယ်။ ကွမ်းတံတွေး ထွေးတာကြတော့ ကွမ်းတံတွေးကြောင့်မို့ ကိုဗစ်ရောဂါကူးစက်မှာစိုးတဲ့အတွက် ကွမ်းတံတွေးထွေး ကြသူများသည် Mask မတပ်သောသူများနှင့် အတူတူပဲလို့ တန်းတူထားပြီး ဒဏ်ငွေဆောင်ရမယ်လို့ ဆိုပါတယ်။ ရှုပီး ၅၀၀ မြန်မာငွေနဲ့ဆိုရင် ငွေကျပ် ၁၀၀၀၀ ကျော်ဆောင်ရမှာဖြစ်ပါတယ်။ ဒီတံတွေး ထွေးတာနဲ့ပတ်သက်လို့ ပညာပေးနေတဲ့ လုပ်ငန်းတွေ၊ တားမြစ်နေတဲ့ လုပ်ငန်းတွေ၊ ဒဏ်ရိုက်နေတဲ့ လုပ်ငန်းတွေလည်းရှိပါတယ်။ ကျွန်တော်ကတော့ အရေးကြီးတယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ကိုဗစ်ရောဂါ ကာကွယ်ရေးလုပ်ငန်းတွေမှာ ဘယ်အရာမဆို မလုပ်မဖြစ် ကျန်တဲ့ဟာတွေကို နည်းစနစ်တကျတွေလုပ်ဖို့ သင့်တယ်လို ပြောချင်ပါတယ်။

ကွမ်းစားတဲ့အတွက်ကြောင့်မို့ ကိုဗစ်ကူးစက်နိုင်ရုံသာမက တခြားသော မကူးစက်တတ် သော ရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ ဥပမာ - ခံတွင်းကင်ဆာလိုဟာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့်မို့ ကျွန်တော် ထင်ပါတယ်။ ဆရာကြီးဦးကျော်ကံကောင်းတို့က ဒီရောဂါတွေနဲ့ပတ်သက်လို့ ပိုကျွမ်းကျင်တဲ့အတွက်ကြောင့်မို့ ဆရာရဲ့ ဆွေးနွေးမှုမှာ ပါဝင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဒီတော့ ကွမ်းစားခြင်း၊ အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း တို့သည် ကျန်းမာရေးကို ထိခိုက်စေတဲ့ အတွက်ကြောင့်မိုလို့ အခြေခံကျန်းမာရေးကို ချို့ယွင်းစေသော၊ ပိုဆိုးစေသော အချက်အနေနဲ့  ဒီနေရာမှာ အကြံပြုလိုပါတယ်။ တံတွေးထွေးခြင်းအားဖြင့် တီဘီရောဂါကိုလည်း ကူးစက်ဖြစ်ပွား နိုင်တဲ့အတွက်ကြောင့်  တီဘီရောဂါအဖြစ်များတဲ့ နိုင်ငံမျိုးမှာ တံတွေးထွေး ခြင်းကို အထူးသတိထား စေချင် ပါတယ်။

ဒုတိယ တစ်ခုက အစားအသောက်ကနေ ကူးနိုင်သလားဆိုပြီး မေးခွန်းရှင်တစ်ဦးက မေးထား ပါတယ်။ ကိုဗစ်ဟာ အစားအသောက်ကနေ မကူးပါဘူး။ သို့သော် အစားအသောက် အတူတူ စားကြလို့ရှိရင် Mask တွေဖြုတ်ပြီး စားကြမယ်၊ အခန်းအလုံပိတ်ပြီး စားကြမယ်ဆိုရင်တော့ သတိ ထားဖို့ သင့်ပါတယ်။ ဒါလည်း အရေးကြီးတဲ့ ကိစ္စတစ်ခုပါ။ 

ဒီတော့ မေးခွန်းတွေ အားလုံးကို ချုံငုံပြီး ကြည့်လိုက်မယ်ဆိုရင် အများသောအားဖြင့် လူတွေ က စိုးရိမ်လို့ မေးကြတာတွေ များပါတယ်။ ရောဂါကူးစက်မှာစိုးလို့၊ ရောဂါဖြစ်မှာစိုးလို့၊ နောက် ဘာဖြစ်မှန်းမသိလို့ဆိုပြီး မေးကြတာပါ။ လူတွေမှာ စိုးရိမ်သောကတွေ ဖြစ်တယ်လို့ ကျွန်တော် ခံစား မိပါ တယ်။ ဒီလိုမျိုး စိုးရိမ်သောကတွေဟာ ဆွေးနွေးတိုင်ပင်သင့်တယ်လို့ ကျွန်တော် အကြံ ပေးချင်ပါတယ်။ ပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါတယ်။ 

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွင့်ထားတဲ့ 2019 Call Center ကို လည်းကောင်း၊ MMA ကဖွင့်ထားတဲ့ Teleconsultation ကိုလည်းကောင်း၊ ကိုဗစ် Consultation နဲ့ပတ်သက်တဲ့ Call Center တွေရှိပါတယ်။ MMA Facebook မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဝင်ရောက်ပြီး ဆွေးနွေးမေးမြန်းနိုင်ပါတယ်။ ကျန်းမာရေးဆိုင်ရာ စိတ်ပညာရှင်တွေက ဒါတွေနဲ့ပတ်သက်ပြီး နှစ်သိမ့်ဆွေးနွေးမှုတွေကိုလည်း ပြုလုပ်ပေးတာလဲပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ အခြားသော မကူးစက်တတ်တဲ့ ရောဂါတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးလို့ရတဲ့ အပိုင်းတွေ ပါတယ်လို့ ကျွန်တော်အနေနဲ့ အကြံပေးလိုပါတယ်။

ဒေါက်တာခင်ခင်ကြီး။    ။       ဆရာကြီးအနေနဲ့ ဒီလိုရှင်းလင်း ပြောပြပေးတဲ့အတွက်  ပြည်သူတွေ အများကြီးအကျိုးရှိမယ်လို့ ကျွန်မ ထင်ပါတယ်။ အခုဆက်လက်ပြီး မကူးစက်နိုင်သော ရောဂါများနဲ့ ပတ်သက်ပြီး မကူးစက်တဲ့ရောဂါတွေနဲ့ ကိုဗစ်ဟာ ဘယ်လိုဆက်စပ်နေတယ်၊ မကူးစက်တဲ့ရောဂါ တွေဖြစ်တဲ့ သွေးတိုး၊ နှလုံးရောဂါအခံရှိသူတွေဟာ ကိုဗစ် ဖြစ်လာရင် ဘယ် လောက်အထိ ဆိုးဆိုး ရွားရွားခံစားနိုင်ရတယ်ဆိုတဲ့ အချက်တွေကို ပြည့်ပြည့်စုံစုံ ရှင်းလင်းတင်ပြ ပေးဖို့အတွက် ဆရာကြီး ဦးကျော်ကံကောင်းကို ဖိတ်ခေါ်ပါတယ်။

ဒေါက်တာကျော်ကံကောင်း။    ။     အဲဒီတော့ ပြည်သူလူထုက မေးထား တဲ့ မေးခွန်း ၃ ခု ရှိပါ တယ်။ ပထမဆုံး မေးခွန်းက ရောဂါအခံရှိတဲ့သူတွေ သေဆုံးမှုများနေတယ်။ ဒုတိယ မေးခွန်းက ဘယ်လိုရောဂါတွေကြောင့်မို့ သေဆုံးမှုပိုများနေတာလဲနဲ့ နောက်ဆေးခန်းတွေ သွားရလာရတာ ခက်ခဲတယ်။ ပုဂ္ဂလိကဆေးခန်းတွေကလည်း ကိုဗစ်လို့ သံသယရှိရင် လက်မခံနိုင်ဘူး။ ဒါကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်လို့ အဖွင့်မှာလည်း ပြောသွားပြီးပါပြီ၊ ဒါတွေကို ဘယ်လိုလုပ်ရမလဲဆိုပြီး ပြည်သူလူထုက မေးထားတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ ကိုဗစ်ရောဂါကြောင့် သေဆုံးမှုတွေကို ကြည့်မယ်ဆိုရင် လူတိုင်းက ရောဂါဖြစ်လာမယ်ဆိုရင် သေဆုံးမှုကို ကြောက်ကြတာပေါ့နော်။ အဲဒီတော့ ကူးစက် ရောဂါဖြစ်ဖြစ်၊ မကူးစက်ရောဂါဖြစ်ဖြစ် သေဆုံးမှုကို လျော့ချပေးဖို့ လိုအပ်ပါတယ်။ အဲဒီမှာ Case Fatality Rate လိုခေါ်တဲ့ ရောဂါကြောင့်သေဆုံးမှုနှုန်းထားကို ကျွန်တော်တို့ အမြဲတမ်းပြန်လည်ပြီး ဆန်းစစ်နေဖို့ လိုပါတယ်။ ကိုဗစ် ကူးစက်မှုကိုထိန်းချုပ်ဖို့ ကျွန်တော်တို့ ဆောင်ရွက်နေသလို ရောဂါ ကြောင့် သေဆုံးမှုနှုန်းကိုလည်း လျော့ချဖို့အတွက်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကြိုး ပမ်းပြီး ဆောင်ရွက်နေပါတယ်။

သေဆုံးမှု အနေအထားတွေကို ကြည့်မယ်ဆိုရင် အောက်တိုဘာလ ၂၇ ရက် ညပိုင်းက ထုတ် ပြန်တဲ့ ဒေတာတွေအရဆိုရင် သေဆုံးသူ စုစုပေါင်း ၁၁၄၁ ဦးရှိခဲ့ပါပြီ စိတ်မကောင်းစရာပါ။ ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနရဲ့ လေ့လာသုံးသပ်ချက်တွေအရ သေဆုံးသူတွေရဲ့ အသက် ၆၀ ကနေ ၇၅ အရွယ် လူနာတွေက သေဆုံးမှု အမြင့်မားဆုံးဖြစ်ပါတယ်။ ဒုတိယအမြင့်မားဆုံးအုပ်စုက အသက် ၄၅ ကနေ ၆၀ အရွယ် လူနာတွေဖြစ်ပါတယ်။ ဒါပေမယ့် လူငယ်တွေမှာလည်း သေဆုံးမှုရှိပါတယ်။ သို့သော် သေဆုံးမှု ရာခိုင်နှုန်း မများပါဘူး။ အဲဒီမှာ ကျွန်တော်တို့က သေဆုံးမှုူတွေကို လျော့ချဖို့ အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့ နိုင်ငံတော်ရဲ့ ပံ့ပိုးမှု၊ ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် မှုတွေနဲ့ ဆောင်ရွက်လျက်ရှိပါတယ်။

ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင်မှုက သိပ်ကိုအရေးကြီးပါတယ်။ လိုအပ်တဲ့ အသက်ကယ် ဆယ်မှုတွေ ဆောင်ရွက်ဖို့အတွက်ကို အောက်ဆီဂျင် လိုအပ်ချက်တွေ၊ Remdesivir ဆေးဝါးလိုအပ် ချက်တွေကို သွေးရည်ကြည်ကုထုံးနဲ့ ကုသပေးတဲ့ လုပ်ငန်းတွေကို ဝန်ကြီးဌာနအနေနဲ့ ဦးစား ပေးလုပ်ငန်း တစ်ရပ်အနေနဲ့ ချက်ချင်းတွေ့၊ ချက်ချင်းကုသပေးနေပါတယ်။ သေဆုံးမှုတွေကို လျော့ချ နိုင်ဖို့ အတွက်ဆိုရင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဆောင်ရွက်လျက်နည်းတူ ပြည်သူလူထု တစ်ဦးချင်း၊ တစ်ယောက်ချင်း၊ မိသားစု တစ်စုချင်း၊ ရပ်ကွက်ကျေးရွာတွေမှာ တာဝန်ရှိတဲ့သူတွေက ပူးပေါင်းဆောင်ရွက်ဖို့ အထူးအရေးကြီးပါတယ်။ 

ရောဂါအခံရှိတဲ့ သက်ကြီးရွယ်အိုတွေ၊ မိမိတို့ကိုယ်တိုင်က ကိုဗစ် - ၁၉ နဲ့ပတ်သက်တဲ့ ညွှန် ကြားချက်တွေကို လိုက်နာပြီး ကျန်းမာရေးကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ အခုလက်ရှိ ဆေးရုံတက်ကုသမှုခံယူနေတဲ့ လူနာတွေထဲက ၈၉ ရာခိုင်နှုန်းဟာ ရောဂါအခံ တစ်ခုရှိတယ် ဆိုတာကို  လေ့လာတွေ့ရှိရပါတယ်။ အဲဒီရောဂါတွေက ဘာတွေလဲဆိုတော့ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ ကင်ဆာရောဂါနဲ့ လေဖြတ်ထားသူတွေ ပါတယ်။ တချို့ဆိုရင် ကူးစက်ရောဂါ တစ်ခုဖြစ်တဲ့ တီဘီရောဂါကို ဖြစ်ပွားပြီး ထပ်မံ၍ ကိုဗစ်ရောဂါ ကူးစက်ခံရတဲ့အတွက် ပိုမိုဆိုးရွားသွား တာတွေရှိတယ်။ တချို့မှာ အသည်း ခြောက်တဲ့ရောဂါ၊ ပန်းနာရင်ကြပ်တဲ့ ရောဂါရှိတဲ့သူတွေလည်း ပိုမိုသေဆုံးတာကို တွေ့ရပါတယ်။ 

ကိုဗစ် မဖြစ်ခင်ထဲက သေဆုံးမှုတွေ ဘာလို့များနေတယ်ဆိုတာကို ပြန်လည်သုံးသပ်ရရင် ရန်ကုန်တိုင်းဒေသကြီးရဲ့ ၂၀၁၉ ခုနှစ် ဒေတာတွေကို အနည်းငယ်တင်ပြလိုပါတယ်။ ရန်ကုန်တိုင်း ဒေသကြီးမှာ မနှစ်တုန်းက သေဆုံးသူစုစုပေါင်း ၆၂၀၀၀ လောက်ရှိပါတယ်။ အဲဒီထဲမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ရောဂါတွေကြောင့် သေဆုံးသူပေါင်း ၂၀၀၀၀ လောက်ရှိပါ တယ်။ ဆီးချို၊ သွေးချိုရောဂါကြောင့် သေဆုံးခဲ့သူတွေ တော်တော်များပါတယ်။ ဆီးချိုရောဂါကနေ ဆက်စပ်ဖြစ်သွားတဲ့ ရောဂါတွေကြောင့် သေဆုံးနေတာဖြစ်ပါတယ်။

ကိုဗစ်သေဆုံးမှုနဲ့ နှိုင်းယှဉ်လိုက်ရင် မကူးစက်နိုင်တဲ့ရောဂါတွေရဲ့ သေဆုံးမှုနှုန်း က နဂိုက တည်းက များနေပါတယ်။ ကမ္ဘာပေါ်မှာ ဒါကိုဘယ်လိုခေါ်လဲဆိုတော့ “ကိုဗစ်” ကို ကပ် Pandemic ရောဂါလို့ ခေါ်နေကြတဲ့အချိန်မှာ နဂိုရှိရင်းစွဲ မကူးစက်နိုင်တဲ့ရောဂါတွေရှိနေတဲ့အတွက် ကြောင့် Syndemic လို့ ခေါ်နေကြပါတယ်။ Synergistic Pandemic လို့ လည်းတချို့က သုံးနှုန်းကြပါတယ်။

ဘာကြောင့် သေဆုံးမှုက များတာလဲ အခုမေးထားတဲ့ မေးခွန်းမှာလည်း ပါပါတယ်။ ဆီးချို၊ သွေးတိုးရောဂါရှိတဲ့သူတိုင်းဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ရှိရင် သာမန် Control ရနေတဲ့ သူ တွေက ဒီလောက်သေဆုံးမှု မများပါဘူး။ နဂိုတည်းက ဆီးချိုရောဂါ၊ သွေးတိုးရောဂါရှိမယ်၊ ဆေးကို ပုံမှန်သောက်သုံးမှု မရှိဘူး။ သောက်သုံးတဲ့ ဆေးဝါးတွေက လွဲနေတယ်။ သေချာကုသမှု မခံယူဘူး ဆိုရင် ဒီဆီးချို၊ သွေးချို၊ သွေးတိုးလူနာတွေက နဂိုကတည်းက ကျောက်ကပ် ပျက်စီးထားတာဖြစ် မယ်။ နှလုံးတွေ နဂိုတည်းက အားနည်းထားတာဖြစ်မယ်။ ဒီဟာကြောင့်မို့ “ကိုဗစ်” ဝင်လာတဲ့ အခါမှာ နဂိုတည်းက ခန္ဓာကိုယ်က ခုခံအားနဲ့ ခံနိုင်ရည်မရှိတဲ့အချိန်မှာပိုပြီး သေဆုံးမှုများသွားတာ ဖြစ်ပါတယ်။

ဒါတွေက နဂိုတည်းက ဆီးချို၊ သွေးတိုးကို ထိန်းသိမ်းထားရမယ်။ ထိန်းချုပ်ထားနိုင်ရမယ်။ လေ့လာဆန်းစစ်မှုတွေအရ သွေးတိုးဆေးတွေ သောက်တာသောက်နေတယ်။ ဒါပေမယ့် ပုံမှန် သွေး ပေါင်ချိန် မရဘူးဆိုတဲ့ အနေအထားတွေကို  တွေ့ရှိခဲ့ပါတယ်။ ယခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သုတေ သနတွေအရ ဆီးချို တက်နေတယ်၊ သွေးထဲမှာ သကြားဓာတ်များနေတယ် ဆိုရင်  ဆဲလ်တွေ၊ တစ်ရှုးတွေ ပျက်စီးနေတဲ့ အချိန်ကြောင့်မို့ ဖြစ်ပါတယ်။

ဒါပေမယ့် အခုထပ်မံတွေ့ရှိချက်အရ သွေးထဲမှာရှိတဲ့ ခုခံအားစနစ် တစ်မျိုးဖြစ်တဲ့ Interleukin Regulatory Factor အမှတ် ၁၅ ကို ဒီဆီးချိုတက်နေတယ်ဆိုရင် လှုံဆော် ပေးလိုက်တဲ့အခါ ကိုယ်ခံအားစနစ်က ကိုယ့်ကိုပဲ လွန်ကဲစွာတုန့်ပြန်တဲ့စနစ်တွေ ဖြစ်လာတယ်။ တချို့ ဆီးချို မရှိသေးဘူး၊ ကိုဗစ် Positive ဖြစ်လို့ ဆေးရုံရောက်သွားတဲ့အခါ လိုအပ်တဲ့ဆေးဝါး သုံးပါတယ်။ အများစုသိကြပါတယ်။ Dexamethasone ဆိုတဲ့ဆေးတွေ သုံးပါတယ်။ အဲဒီတော့ Dexamethasone ဆေးထိုးလိုက်ရင် သာမန် ဆီးချိုမတက်တဲ့သူက ဆီးချိုတက်သွားနိုင်ပါတယ်။ 

ဒါတွေက  ကုသမှုစင်တာတွေဖြစ်တဲ့ ဝေဘာဂီ၊ တောင်ဉက္ကလာ၊ ဖောင်ကြီးတို့မှာ ကြုံတွေ့နေ ရပါတယ်။ အဲဒီမှာ အင်ဆူလင်လိုဆေးဝါးမျိုးတွေနဲ့ ဆီးချိုကို ထိန်းနိုင်အောင် လုပ်ပေးနေရတဲ့ အနေ အထားမျိုးတွေ ရှိပါတယ်။ ပြောချင်တာကတော့ ပြည်သူလူထုအနေနဲ့ အရင်ကတည်းက ဆီးချို၊ သွေးချို ရှိရင် မှန်မှန်ဆေးသောက်ဖို့၊ ပုံမှန် Checkup လုပ်ဖို့တိုက်တွန်းလိုပါတယ်။ 

နောက်ဆုံးမေးခွန်းတစ်ခုက ဆေးခန်းပြလို့မရတဲ့ အခက်အခဲပါ။ ဒီလိုသေဆုံးမှုတွေရှိနေတာ က ဆီးချို၊ သွေးချို ရောဂါ၊ သွေးတိုးရောဂါတွေကို Control လုပ်မထားတဲ့အတွက် မသေသင့်ဘဲ သေနေရတာဖြစ်ပါတယ်။ ပြန်လေ့လာရာမှာ ဆေးရုံရောက်တဲ့လူတွေရဲ့ သုံးပုံတစ်ပုံလောက်ဟာ ဆေးရုံရောက်ပြီး တစ်ရက်အတွင်း သေဆုံးသွားတာဖြစ်ပါတယ်။ 

အဲဒီမှာ ဆေးရုံကိုရောက်ဖို့ အကြောင်းကြောင်းကြောင့် နှောင့်နှေးနေတာ တွေ့ရပါတယ်။ ကျွန်တော်တို့ မိတ်ဆွေတွေမှာထံကလည်း ကြားနေရတယ်။ အနံ့ပျောက်သွားတယ်။ ဒါပေမယ့် သူတို့က မသွားချင်ဘူး။ တစ်ခါတစ်လေကျရင် တက္ကစီသမားတွေ အနံ့ပျောက်သွားတယ်။ တက္ကစီ မောင်းနေတုန်းပဲ။ ဒါမျိုးတွေက ကူးစက်မှုကို ပိုပြီးများပြားစေပါတယ်။ စောစောစီးစီး မိမိကိုယ်တိုင် ကလည်း ဆေးရုံ၊ ဆေးခန်းတွေကိုလာဖို့ ကျွန်တော်တို့ ပြောလိုပါတယ်။

နောက်တစ်ခုက Stay Home ကာလတွေမှာ အခြေအနေ အကြောင်းကြောင်းကြောင့် အိမ်မှာ ပဲ နေရတဲ့အချိန်တွေက များလာတယ်။ အိမ်မှာနေရတာပိုများတော့ အစားအသောက်တွေ ပိုစားဖြစ် တယ်။ လေ့ကျင့်ခန်းလုပ်တာတွေလည်း လျော့သွားတယ်။ အဲဒါမျိုးတွေကိုလည်း ကျွန်တော်တို့ လုပ်ရမယ်။ 

ခုနက ဆရာကြီးဦးထင်အောင်စော ဆွေးနွေးသွားသလိုပဲ စိတ်ဖိစီးမှုတွေ၊ သောကတွေ များလာတယ်။ ပူပန်စရာတွေ များလာတဲ့အခါကျတော့ မိမိတို့ ဘာသာတရားအလိုက် ဘုရားရှိခိုးတာ၊ တရားထိုင်တာတွေကိုလည်း ဆောင်ရွက်ဖို့လိုပါတယ်။ 

ကျွန်တော်တို့ ကုသမှုပေးရတဲ့ တစ်ရက်၊ နှစ်ရက်အတွင်းမှာ ရောက်လာတဲ့သူတွေဟာ စောစောစီးစီး ရောဂါနုတုန်းမှာလာမှ သေဆုံးမှုကို လျော့ချနိုင်မှာဖြစ်တဲ့အတွက် ဒီအကြောင်းတွေ ကြောင့် ကျွန်တော်တို့ဘက်ကလည်း လိုအပ်တာတွေကို ပံ့ပိုးမယ်။ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူလူထုတွေဘက်ကလည်း မိမိအသိစိတ် ဓာတ်နဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့  တိုက်တွန်းလိုပါတယ်။

 နောက်တစ်ခုက ဆေးခန်းတွေ ပိတ်တားတဲ့ကိစ္စမှာ ကျန်းမာရေးနှင့် အားကစား ဝန်ကြီး ဌာနမှာ ဒေသန္တရကျန်းမာရေးဌာနတွေသည် မြို့ပေါ်မှာ ရှိပါတယ်။ ရန်ကုန်မြို့မှာဆိုလည်း ရှိတယ်။ မြို့လယ်မှာလည်း ရှိပါတယ်။ ကျေးလက်ကျန်းမာရေးဌာနတွေမှာ ဆီးချိုသွေးချို စစ်ဆေးတဲ့ဆေး ခန်း တွေ ရှိပါတယ်။ အပတ်စဉ် ဖွင့်လှစ်နေပါတယ်။  

ကိုဗစ်စဖြစ်ကတည်းက Social Distancing Measure တွေနဲ့ လူနာတွေလာမယ်ဆိုရင် သေချာကြည့်ရှုပေးဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။ အဲဒီဆေးခန်းတွေက ဖွင့်မြဲအတိုင်း ဖွင့်ပါတယ်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဖွင့်လှစ်ထားပေးတဲ့ ဒေသန္တရဆေးခန်းတွေ၊ ကျေးလက် ကျန်းမာရေးဌာနတွေကိုလာပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ၊ စစ်ဆေးမှုတွေကို ခံယူဖို့တိုက်တွန်း လိုပါတယ်။

မကူးစက်နိုင်တဲ့ ရောဂါတွေဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းက ဆေးလိပ်သောက်သုံးမှုများတာ၊ ကွမ်းစားသုံးမှုများတာ၊ ဆေးရွက်ကြီးသုံးစွဲတာများတာ၊ အရက်အလွန်အကျွံသောက်တာ၊ ကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ အနေအထားတွေက အချိုလွန်ကဲတဲ့ အစားအသောက်တွေ၊ အဆီ လွန်ကဲတဲ့ အစားအသောက်တွေ၊ အငန်လွန်ကဲတဲ့အစားအသောက်တွေက NCD ရဲ့ Modifiable Risk Sector တွေဖြစ်ပါတယ်။ 

ဒါတွေအားလုံးကို လိုက်နာကျင့်သုံးခြင်း၊ ရှောင်ရှားခြင်း၊ လေ့ကျင့်ခန်းတွေလုပ်ခြင်းအားဖြင့် NCD ရောဂါတွေ ဖြစ်ပွားမှုကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ပြည်သူလူထုက ဝိုင်း ဝန်းပြီး ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းလိုပါတယ်။

ဒေါက်တာခင်ခင်ကြီး ။    ။      ကူးစက်ရောဂါနဲ့ဆိုင်တဲ့ မေးခွန်းတွေ ကျွန်မကို မေးမြန်း ထားတာ ရှိပါတယ်။ ပြည်သူလူထုထဲမှာ စိုးရိမ်စိတ်တွေ လွန်ကဲတယ်။ စားစရာတွေအပေါ်မှာ ပိုး သတ်ဆေးတွေ ဖြန်းမယ်။ ဝယ်လို့ရတယ် စသဖြင့် ဒါမျိုးတွေ ကြော်ငြာနေတဲ့ ကိစ္စတွေလည်း တွေ့ ရပါတယ်။ 

ဒါတွေဟာ အလွန်အန္တရာယ်ရှိတဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒီနေရာမှာ FAO ၊ OIE ၊ WHO နဲ့ World Food Programme တို့ပူးတွဲပြီး ကိုဗစ် - ၁၉ နဲ့အစားအသောက်ဆိုပြီး လက်ကမ်းစာစောင် တွေ၊ ပိုစတာတွေ လုပ်ထားတာရှိပါတယ်။ ဒါက ဘာပြောထားသလဲဆိုတော့ လက်ကို မကြာခဏ ဆေးခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

ဘယ်အချိန်မှာ လက်ဆေးမလဲ အစားအသောက်တွေ ကိုင်တွယ်ရမှာ၊ အစားအသောက်တွေ ချက်ပြုတ်ရာမှာ၊ စားသောက်ရမှာ၊ ရေသောက်ရာမှာ လက်ကိုဆေးရမှာ ဖြစ်ပါတယ်။ အိမ်သာသွားပြီး အခါမှာ၊ နောက်တစ်ခုက ညစ်ပတ်နေတဲ့ အရာတွေကို ကိုင်တွယ်လိုက်မိပြီဆိုရင် လက်ဆေးပါ။ 

နောက်တစ်ခု ထူးခြားတာက တိရစ္ဆာန်တွေကို ကိုင်တွယ်ပြီးရင် လက်ဆေးပါ။ ဒီအဖွဲ့ ၄ ခုက ပြောထားတာဖြစ်ပါတယ်။ အချက် ၁၀ ချက်ကို ချုပ်ပြီး ပြောထားပါတယ်။ အစားအသောက်ကနေ ကူးစက်တယ်ဆိုတဲ့ အထောက်အထားမရှိပါဘူး။ ဒါက နံပါတ်တစ်အချက် ဖြစ်ပါတယ်။ နံပါတ် နှစ်အချက်က ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က အစားအသောက်မှာ မကြီးထွားနိုင်ပါဘူး။ မရှင်သန်နိုင် ပါဘူး။ ပိုးမပွားနိုင်ပါဘူး။ 

ခန္ဓာကိုယ်ကိုလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆပ်ပြာနဲ့ ရေချိုးတာ၊ လက်ကိုလည်း မကြာခဏဆေးတာ ဒီလိုကိုဗစ် - ၁၉ နဲ့ ပတ်သက်တဲ့ ကိစ္စရပ်တွေကို သေချာ လုပ်ဖို့လိုပါတယ်။ ဒါက  နံပါတ် ၃ ပါ။ 

နောက်တစ်ခုက အစားအသောက်တွေ ကျက်အောင်ချက်ဖို့လည်း အရေးကြီးပါတယ်။ ဒါဆိုရင် အစိမ်းစားတဲ့ အသီးအနှံတွေ၊ အစိမ်းစားတဲ့ အရွက်တွေကို ဘယ်လိုလုပ်ရမလဲဆိုတော့ အဲဒီ အတွက်လည်း ရှိပါတယ်။ ဒါဆိုရင် အစိမ်းစားမယ့် အသီးအနှံအရွက်တွေကို ရိုးရိုးရေနဲ့ပဲ ဆေးဖို့လို အပ်ပါ တယ်။ ဆပ်ပြာရေနဲ့ လုံးဝဆေးစရာ မလိုအပ်ပါဘူး။ 

ဒါတွေကို ဆပ်ပြာရေနဲ့ ဆေးခြင်းဟာ မလိုအပ်ဘဲနဲ့ ဆိုးကျိုးတွေကို ဖြစ်စေပါတယ်။ ရိုးရိုးရေ နဲ့ဆေးပြီး စိတ်ချလက်ချစွာ စားသုံးနိုင်ပါတယ်။ ဒါကနံပါတ် ၅ ပါ။ နံပါတ် ၆ ကတော့ အစား အသောက် ဒီပစ္စည်းတွေကို ထုပ်ပိုးထားတဲ့အရာတွေက ကိုဗစ် - ၁၉ ကူးစက်မှုဖြစ်ဖို့အတွက် အလွန်ခဲ ယဉ်းပါတယ်။ ဖြစ်ဖို့ နည်းပါတယ်။

ဒါကြောင့် ပါဆယ်တွေ၊ အထုပ်အပိုးတွေ၊ Delivery က အစားအသောက်တွေ လာပြီဆိုရင် လက်ကို သေချာဆေးပြီးမှ ပါကင်ကိုဖွင့်ပြီး ပစ္စည်းတွေ၊ အခွံတွေ၊ အမှိုက်တွေကို စနစ်တကျ စွန့်ပစ် ပြီးရင် လက်ကို သေချာဆေးပါ။ အဲဒီလိုမျိုး လုပ်ရင် လုံလောက်ပါတယ်။

နံပါတ် ၇ ကတော့ Shopping ထွက်တဲ့အခါမှာလည်း ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အချက် အလက်တွေကို လိုက်နာပါ။ ဖျားနေတယ်၊ ချောင်းဆိုးနေတယ်၊ တစ်ခုခု ရောဂါ ဝေဒနာခံစားနေ ရတယ်ဆိုရင် လုံးဝ Shopping မထွက်ပါနဲ့။ တစ်နေရာတည်းမှာ အကြာကြီး နေတာတွေ မလုပ်ပါနဲ့။ အချိန်ကြာလေလေ အန္တရာယ် ရှိလေပါပဲ။ ဒီလိုမျိုးတွေ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ 

နံပါတ် ၈ အချက်ကတော့ အခုအချိန်မှာဆိုရင် အစားအသောက်တွေကို ပို့ဆောင်ပေးတာ၊ အစား အသောက်တွေ စဉ်ဆက်မပြတ်ရရှိဖို့ လုပ်ဆောင်ပေးနေတဲ့သူတွေကို ကျေးဇူးတင်ပါ။ သူတို့ တွေ ရောင်းချပေးနေတယ်၊ သူတို့တွေ ပို့ပေးနေတယ် ဆိုတာတွေက ကိုယ့်ကို ရောဂါမကူးစက် အောင် ဆောင်ရွက်နေတဲ့အတွက်ကြောင့် ကျေးဇူးတင်ပါ။

နံပါတ် ၉ အချက်က စိုက်ပျိုးထုတ်လုပ်ပေးတဲ့သူတွေဟာ တစ်နည်းအားဖြင့် အစားအ သောက် Supply Chain ကို မပြတ်တောက်အောင် ဆောင်ရွက်ပေးနေတာ ဖြစ်တဲ့အတွက် သူတို့တွေကို ကျေးဇူးတင်ပါ။ 

နံပါတ် ၁၀ ကတော့ အပေါ်က အရာတွေအကုန်လုံးကို ဆောင်ရွက်ပါ။ ဆောင်ရွက်ပြီးတဲ့အခါ လက်ကို ဆေးပါ။ ဒါက တစ်ပတ်လည်သွားတာပါ။ ဒီအချက်တွေကို ဆောင်ရွက်ရင် အစားအစာ ဘေးကင်းလုံခြုံရေးက စိတ်ပူစရာမရှိပါဘူး။ ဘယ်လိုအရာမျိုးက ပိုပြီးကူးစက်နိုင်ဆုံးလဲဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် ပူးပူးကပ်ကပ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် ၆ ပေ မခွာဘဲနဲ့ အတူရှိနေတာ ဖြစ်ပါတယ်။ 

သူ့ရဲ့အသက်ရှုလိုက်တဲ့ အစက်အမှုန်တွေက အပြင်ကိုထွက်လာပါတယ်။ အစက်အမှုန်က အကြီးကြီးတွေ ထွက်လာတာရှိတယ်။ အသေးတွေ ထွက်လာတာရှိတယ်။ နဂိုကတည်းက ကိုဗစ် - ၁၉ ဗိုင်းရပ်စ်က ကြီးတဲ့အုပ်စုထဲမှာပါတဲ့အတွက် သူက အကြီးကြီးအမှုန်တွေအနေနဲ့ ထွက်လာပြီ ဆိုရင် သူကလေထဲမှာ ကမ္ဘာမြေရဲ့ ဆွဲအားနဲ့ ပြုတ်ကျသွားတတ်ပါတယ်။ လေထဲမှာ အကြာကြီး မနေတတ်ပါဘူး။ 

သို့သော် အစက်အမှုန်သေးသေးလေးတွေက Particle လိုမျိုး အသေးအမွှားလေးတွေ ဖြစ် တယ်ဆိုရင်တော့ သူကလေထဲမှာ ရှိနိုင်ပါတယ်။ ဒီအချိန်မှာ ထိတွေ့မှုရှိတယ်၊ တစ်ယောက်နဲ့ တစ် ယောက် နီးကပ်တယ်၊ သူနှာချေချောင်း ဆိုးလိုက်တယ်၊ အော်ဟစ်လိုက်တယ်၊ ပြောလိုက်တယ်၊ သဘောကျလို့ တဟားဟားနဲ့ ရီ (ရယ်) တယ် အဲဒီအခါမှာ ဗိုင်းရပ်စ်တွေအများကြီးပါတဲ့ အစက်အ မှု  န် တွေက အားပါးတရနဲ့ ထွက်လာတယ်။ 

သူ့အနီးအနားမှာ ရှိနေတယ်ဆိုရင်တော့ ကိုယ်က မလွဲမရှောင်သာဘဲနဲ့ ကူးစက်သွားမှာ ဖြစ်ပါ တယ်။ ဒီဉစ္စာသည် လေထဲမှာ ကူးစက်နေပြီလား၊ အသက်တောင် ကောင်းကောင်းမရှုရဲဘူး ဆို တာ မျိုး တွေဖြစ်လာတယ်။ တံခါးပေါက်တွေတောင် မဖွင့်ရဲဘူး ဆိုတာမျိုးတွေကို သူက ရှင်းထားပါတယ်။ 

တချို့ Infection တွေက ကိုဗစ်ရယ်လို့ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်တွေက လေထဲမှာ မိနစ် အနည်းငယ် ကြာတတ်ပါတယ်။ နေရာတိုင်းမှာတော့ မဖြစ်ပါဘူး။ တကယ်လို့ လေကောင်းလေသန့် မရဘူး။ အခန်းကလည်း ကျဉ်းမယ်။ လူတွေကလည်း အများကြီး ဖြစ်မယ်။ အဲဒီမှာလည်း Activity တွေက များမယ်။ အဲဒီနေရာ၊ အဲဒီအချိန်မှာရှိတဲ့ လူတွေကို ကူးစက် နိုင်ပါတယ်။ ရောဂါပိုးရှိတဲ့သူက အဲဒီအခန်းက ထွက်သွားပြီးရင်တောင်မှ အချိန်အတိုင်းအတာ တစ်ခု အထိတောင်မှ ကူးစက်စေနိုင်ပါ တယ်လို့ ရှင်းပြထားပါတယ်။

ဒါဟာဆိုရင် သာမန်အချိန်မှာလေထဲကနေ လွတ်လွတ်လပ်လပ်ကြီး ကူးစက်နိုင်တဲ့ရောဂါ တော့ မဟုတ်ပါဘူး အဲဒါလေးကို သိစေချင်ပါတယ်။ နောက်ပြီး နံပါတ် ၃ က ဘယ်လို ကူးစက် တာလဲဆိုရင် ညစ်ပတ်နေတဲ့မျက်နှာပြင်တွေကနေ ကူးစက်တာပါ။ အဲဒါကတော့ ညစ်ပတ်နေတဲ့ မျက်နှာပြင်တွေကို ထိမယ်၊ ကိုယ့်ရဲ့ နှာခေါင်း၊ပါးစပ်၊ မျက်နှာကို ပွတ်လိုက်မယ်။ ပြီးတဲ့အခါ အသက်ရှု သွင်းလိုက်မယ်ဆိုရင် ဒါက ကူးစက်တာဖြစ်ပါတယ်။

တချို့တွေ စိတ်ဝင်စားပါတယ်။ တိရစ္ဆာန်တွေကနေ ကျွန်မတို့ကို ကူးစက်မှာလားပေါ့။ အဲဒါနဲ့ ပတ်သက်ပြီတော့လည်း CDC ကနေ ရှင်းထားပါတယ်။ လူကနေ တိရစ္ဆာန်ကိုပဲ ကူးစက်နိုင်ပါတယ်။ အရမ်းအနီးကပ်နေတဲ့အခါမှာ ကိုယ့်ရဲ့ ခွေးလေးတွေ၊ ကြောင်လေးတွေကို ကူးစက်နိုင်ပါတယ်။ လက်ရှိအထောက်အထားအရ တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ အထောက်အထား မရှိသေးပါဘူး ဆိုတာကို သိရပါတယ်။

ဒါကြောင့် ခွေးတွေ၊ ကြောင်တွေ တိရစ္ဆာန်တွေကို ကိုင်ပြီးရင် လက်ဆေးဖို့သူက ပြော ထားခြင်း ဖြစ်ပါတယ်။ လက်ဆေးဖို့က အရေးကြီးပါတယ်။ WHO က ပြောထားတာကတော့ အမှိုက် သရိုက်က ကူးစက်နိုင်တာတွေ အရမ်းနည်းတယ်လို့ ပြောပါတယ်။ 

နောက်တစ်ခုက ဆီးမှာ ကိုဗစ် - ၁၉ ပိုးတွေ့တာ တစ်ခု ရှိပါတယ်။ ဝမ်းမှာ ကိုဗစ် - ၁၉ ပိုးတွေ့တာ ၃ ခုရှိပါတယ်။ သို့သော် ဆီးမှာ ပိုးတွေ့ခြင်း၊ ဝမ်းမှာ ပိုးတွေ့ခြင်းဟာ လူကို ကူး စက်နိုင်တဲ့ အထောက်အထား လုံးဝမရှိပါဘူးဆိုပြီး ပြောပါတယ်။ ဒါကြောင့်မို့ အခုလက်ရှိ အနေအထားအရ ဒီလို ကူးစက်နိုင်တဲ့နည်းကို သိပြီဆိုရင် မေးထားတဲ့ မေးခွန်းတွေဖြစ်တဲ့ ည ၈ နာရီအထိ လူအများ  သွား လာခဲ့တဲ့ လမ်းမတွေပေါ်မှာ နံနက်စောစော လူတွေမသွားမီ၊ နှာခေါင်း စည်းတပ်ပြီး ကျန်းမာရေး အတွက် နာရီဝက်ခန့် လမ်းလျှောက်ရင် ကိုဗစ် - ၁၉ ကူးစက်မှုအန္တရာယ် ရှိပါသလားဆိုတာနဲ့ ပတ်သက်ရင် လူတွေ အသွားအလာမရှိတဲ့အချိန်မှာ လမ်းလျှောက်တာ ဘာမှ အန္တရာယ်မရှိပါဘူး။ ခုနပြောတဲ့ လူအများရှိတဲ့နေရာတွေ၊ လူအများသွားတဲ့နေရာတွေကို သွားရင် အန္တရာယ်ရှိပါတယ်။

လူဦးရေထူထပ်စွာနေထိုင်တဲ့ အိမ်ရာများမှာ မြေညီထပ်၊ ပထမထပ်တို့မှာ ပြတင်းပေါက် တံခါးတွေ ဖွင့်ထားရင် အိမ်အပြင်မထွက်သော်လည်း ကိုဗစ် - ၁၉ ကူးစက်နိုင်ခြေရှိပါသလားတဲ့ ဒါနဲ့ ပတ်သက်ရင်လည်း ကိုဗစ် - ၁၉ က လေထဲကနေ ကူးစက်တာ မဟုတ်တဲ့အတွက် လေကောင်း လေသန့်ရရှိဖို့ Ventilation ကောင်းကောင်းရရှိဖို့အတွက် အရေးကြီးပါတယ်။ ဒါကြောင့် ပြတင်း ပေါက်တွေ ဖွင့်ထားတာ၊ နေရောင်ခြည်ရရှိဖို့အတွက် ဆောင်ရွက်တာဟာ ကောင်းပါတယ်။ ပြတင်း ပေါက်တွေဖွင့်ထားလို့ ကိုဗစ် - ၁၉ မကူးပါဘူး။ ဒါလေးကိုလည်း သိစေချင်ပါတယ်။

နောက်တစ်ခုက မေးထားတာကတော့ ဆရာကြီးလည်း ခုနက ပြောပြီးပါပြီ။ အစားအသောက်မှာ ကပ်ပါပြီး စားသုံးမိရင် ခံတွင်း၊ အစာအိမ်၊ အူလမ်းကြောင်းကနေ မကူးစက် နိုင်ပါသလားဆိုတော့ မကူးစက်နိုင်ပါဘူး။
နောက်ပြီး မေးထားပါတယ်။ ရောဂါပိုးက လေထဲ ဘယ်လောက်ကြာကြာရှိသလဲ။ ရေထဲ ဘယ်လောက်ကြာကြာရှိသလဲ ဒါနဲ့ပတ်သက်လို့ ကျွန်မတို့အနေနဲ့ အထောက်အထားတော့ မရှိပါ ဘူး။ သို့သော် WHO က ထွက်ထားတဲ့ Paper မှာ အဝတ်အစားနဲ့ သစ်သားမှာဆိုရင်တော့ တစ်ရက် အသက် ရှင်နိုင်ပါတယ်။ ဖန်ခွက်မှာဆိုရင် ၂ ရက် အသက်ရှင်နေနိုင်ပါတယ်။ စတီးလ်တို့၊ ပလတ် စတစ် တို့မှာ ဆိုရင် ၄ ရက် အသက်ရှင်နေနိုင်ပါတယ်။ Mask တွေရဲ့ အပြင်ဖက်မှာဆိုရင် ၇ ရက် အသက်ရှင် နေနိုင်ပါတယ် ဆိုတာလေးတွေ ရှိပါတယ်။ ဒါတွေကလည်း သူက ဓာတ်ခွဲခန်း အခြေအနေမှာ စမ်းသပ်ထားတာဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ နည်းနည်းတော့ကွာဟမှု ရှိနိုင်ပါတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ 

စမ်းသပ်စစ်ဆေးတဲ့အခါမှာ မြန်မာတစ်နိုင်ငံလုံးက အာခေါင်တို့ဖတ်ပဲ ယူနေရတုန်းလားရှင်။ Blood Test ဆိုလား အဲဒါနဲ့ မစစ်ဆေးရသေးဘူးလား။ ဘာဟာက ပိုသေချာသလဲ ဆိုပြီး မေးထား တာရှိပါတယ်။ ဒါနဲ့ပတ်သက်လို့ ပြောရမယ်ဆိုရင် အခုကျွန်မတို့ စမ်းသပ်စစ်ဆေးနေတဲ့ PCR Test  နဲ့ Antigen Test တွေဟာဆိုရင် ရောဂါပိုး ရှိ/မရှိကို စစ်တဲ့ Test  တွေဖြစ်ပါတယ်။ အခုမေးခွန်းရှင် မေးထားတဲ့သွေးကို စစ်တယ်ဆိုတာက Antibody ကို စစ်တာဖြစ်ပါတယ်။ ရောဂါ ရှိ / မရှိ ကို စစ် တာ မဟုတ်ပါဘူး။ Antibody ကို စစ်တယ်ဆိုတာက သူက အရင်တုန်းက ရောဂါပိုး ကူးစက်ခဲ့ သလား၊ နောက်တစ်ခုက အရင်တုန်းက ရောဂါပိုးရှိခဲ့တယ်။ ဒါပေမယ့် အခု သူက Convalescent Plasma  လှူမယ်။ လှူတဲ့အခါမှာ သူ့ရဲ့ Antibody ကိုသိဖို့လိုတယ်။ ဒီလိုအခါမျိုးမှာ Antibody Test က သုံးတာဖြစ်ပါတယ်။ 

ကျွန်မတို့အခုလက်ရှိသုံးနေတဲ့ PCR Test ကဆိုရင် ဗိုင်းရပ်စ်ရဲ့ Gene ကိုစစ်တာ ဖြစ်တဲ့ အတွက် Gold Standard ဖြစ်ပါတယ်။ မှန်ကန်တိကျမှု အပြည့်ရှိပါတယ်။ အခုသုံးနေတဲ့ Rapid Antigen Test တွေကလည်း ဗိုင်းရပ်စ်ရဲ့ ပရိုတင်းကို စစ်တာဖြစ်တဲ့အတွက် PCR ကို အစားထိုးတာ မဟုတ်ပါဘူး။ PCR လောက်တော့ တိကျမှု မရှိပါဘူး။ သို့သော် သူကလည်း ပိုးရှိရင် ရှိကြောင်း ၈၀ ရာခိုင်နှုန်းအထက် မှန်ကန်ပါတယ်။ ပိုးမရှိရင် မရှိကြောင်းကလည်း ၉၅ ကနေ ၉၇ ရာခိုင်နှုန်းအထိ မှန်ကန်ပါတယ်။ 

ကမ္ဘာပေါ်မှာ ရောဂါဖြစ်ပွားသူက ၄၄ သန်း ပြည့်တော့မှာ ဖြစ်ပါတယ်။ သေဆုံးတဲ့သူ ကလည်း ၁၁ သိန်းနဲ့ ၇ သောင်းနီးပါး ရှိနေပြီ ဖြစ်ပါတယ်။ ကိုဗစ် - ၁၉ ရဲ့ အန္တရာယ်ကို လျော့ မတွက်ဖို့အတွက် သတိပေးတာဖြစ်ပါတယ်။ လက်ရှိအခြေအနေအရ ပြီးခဲ့ တဲ့ ၂၀ရက်နေ့က WHO ရဲ့ တစ်ပတ်စာ Epidemiological Analysis အရဆိုရင် အခုလက်ရှိ မှာ ရောဂါဖြစ်ပွားမှု အများဆုံး ဒေသက ဉရောပ ဖြစ်ပါတယ်။ 

ဉရောပဒေသရဲ့ ရောဂါဖြစ်ပွားမှုကို ပြီးခဲ့တဲ့အပတ်နဲ့နှိုင်းယှဉ်ရင် ၂၅ ရာခိုင်နှုန်း တက် လာတယ် ဆိုတာကို တွေ့ရှိရပါတယ်။ ကျွန်မတို့ နိုင်ငံပါဝင်တဲ့ အရှေ့တောင်အာရှဒေသက ဖြစ်ပွားမှု ရော၊ သေဆုံးမှုရော ၁၁ ရာခိုင်နှုန်းကျလာပြီဆိုတာကို ဝမ်းသာစရာကောင်းတဲ့အချက် တစ်ချက် အနေနဲ့ တွေ့ရှိရပါတယ်။ 

သို့သော်   ပေါ့လို့မရပါဘူး။ လက်ရှိအနေအထားကလည်း ပေါ့လို့မရပါဘူး။ မကြာခင် မှာ “ဆောင်း” ဝင်လာတော့မယ်။ ဆောင်းတွင်းဝင်လာရင် ရာသီတုပ်ကွေး အပါအဝင် အခြားအအေး မိ၊ နှာစေးဗိုင်းရပ်စ်တွေနဲ့ အခုကိုဗစ်နဲ့ ပြီးရင်လူတစ်ယောက်တည်းမှာပဲ ဗိုင်းရပ်စ် နှစ်မျိုးလည်း ဝင်နိုင် ပါတယ်။ ရာသီတုပ်ကွေးလည်း ဝင်နိုင်သလို ကိုဗစ်လည်း ဝင်နိုင်ပါတယ်။ 

ဒါကြောင့်ရောဂါကပေါ့ဆလို့မရပါဘူး။ ကူးစက်ရောဂါထိန်းချုပ်ရေးနဲ့ ပတ်သက်လို့ မင်နီဆိုး တားက ပရော်ဖက်ဆာတစ်ယောက်က ပြောထားတာရှိပါတယ်။ နောက်တစ်လခွဲကနေ ၃ လောက် အထိမှာဆိုရင် အခုဖြစ်နေတဲ့ ကပ်ရောဂါကြီးရဲ့ အမိုက်မှောင်ဆုံးကာလတွေ ဆက်ရှိအုံးမယ်ဆိုပြီး Forecast ကြိုတင်မှန်းဆပြီး ပြောထားတာတွေလည်း ရှိပါတယ်။ 

ကျွန်မတို့ နိုင်ငံက အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ သေဆုံးမှုက နံပါတ် ၆ နေရာမှာ ရှိနေ တယ်ဆိုပေမယ့်  ဒါကိုပေါ့ဆလို့မရပါဘူး။ ကျွန်မတို့အနေနဲ့ ကိုယ့်နိုင်ငံသား တစ်ယောက် ချင်းက ကိုယ့်ရဲ့ မိဘတွေ၊ ကိုယ့်ရဲ့ မောင်နှမတွေ ဖြစ်ပါတယ်။ တစ်ယောက်ချင်းစီကို ရောဂါမဖြစ်စေ ချင်သလို၊ သေဆုံးမှုကိုလည်း ဘယ်နည်းနဲ့မှ မဖြစ်စေချင်ပါဘူး။ 

ကျွန်မတို့ နိုင်ငံရဲ့ အခုလက်ရှိ ကာကွယ်ထိန်းချုပ်နေတဲ့ စနစ်တွေက On the Right Track မှာ ရှိနေပါတယ်။ ဒါလေးကိုလည်း ပြောချင်ပါတယ်။ ပြည်သူတွေသာ ချမှတ်ထားတဲ့ စည်းကမ်းကို ပူးပေါင်းဆောင်ရွက်မယ်ဆိုရင်  မအောင်မြင်စရာမရှိပါဘူး။ ဖြစ်ပွားမှုတွေရော၊ သေဆုံးမှု တွေရော ကျဆင်း သွားမယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မကတော့ အသက်ဝဝရှုနိုင်မယ့်နေ့ မြန်မြန် ရောက်ချင် နေပါပြီ ။ အားလုံးကို ကျေးဇူးတင်ပါတယ်။