mdn

ထက်လျှံ၊ ဓာတ်ပုံ - ဇော်မင်းလတ်

 

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ အောက်တိုဘာ ၂၁ ရက် ညနေ ၆ နာရီခွဲတွင် ထုတ်လွှင့်ပြသခဲ့သည့် ကိုဗစ် - ၁၉ အကြောင်း သိကောင်းစရာ အမေး/အဖြေ အစီအစဉ်၏ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွား ပြီး ပြန်လည်ကျန်းမာလာသူများနှင့် ဆွေးနွေးမေးမြန်းခန်း အစီအစဉ်ကို ပြည်သူများ သိရှိနိုင်ရန်အတွက် ပြန်လည်ဖော်ပြလိုက်ပါသည်။


အစီအစဉ်မှူး။    ။    ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ၊ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေးပိုင်းဆိုင်ရာ သိသင့်သိထိုက်တဲ့ ကိစ္စတွေ သိချင်တဲ့ အကြောင်းအရာတွေကို ပါမောက္ခကြီးတွေ၊ သမားတော်ကြီးတွေက အပတ်စဉ် အသိပညာပေး ရှင်းလင်းပြောကြားနေတဲ့ အစီအစဉ်ကနေ ကြိုဆိုပါတယ်။


ကိုဗစ် - ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှုဟာ လူစုလူဝေးတွေကနေ အများဆုံး ပေါက်ဖွားပြီး လူထူထပ်မှုရှိရင် ရှိသလောက် အန္တရာယ်ကြီးမားပါတယ်။ ဒါကြောင့် လိုက်နာကျင့်သုံးရမယ့်၊ သတိထားရမယ့် အခြေခံအချက်အလက်တွေကို စည်းကမ်းတကျ ဆက်လက်ကျင့်သုံးပြီး သတိထားနေ ထိုင်ကြဖို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်သတိပေးလျက်ရှိပါတယ်။


ဒါပေမယ့် အကြောင်းအမျိုးမျိုးနဲ့ ရောဂါခံစားခဲ့ရသူတွေလည်း အများအပြား ရှိနေပါတယ်။ ဒီနေ့ အစီအစဉ်မှာလည်း ကိုဗစ် - ၁၉ ရောဂါကို ရင်ဆိုင်ခဲ့ရပြီး မှန်ကန်တဲ့ ကုသမှုတွေ ခံယူကာ ပြန်လည်သက်သာ ပျောက်ကင်းလာသူတွေနဲ့ တွေ့ဆုံပြီး သူတို့ ဘယ်လိုကုသမှုတွေကို ခံယူပြီးတော့ ဘယ်လိုစိတ်ဓာတ်ခွန်အားတွေနဲ့ ဒီရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရတယ်။ နောက်ဆက်တွဲအနေနဲ့လည်း ဆောင်ရန်၊ ရှောင်ရန်တွေကို ဘယ်လိုမျိုး လိုက်နာဆောင်ရွက်နေရတယ်ဆိုတဲ့ အတွေ့အကြုံတွေကို မိဘပြည်သူတွေ သင်ခန်းစာယူပြီး ခွန်အားဖြစ်စေဖို့ တွေ့ဆုံမေးမြန်းသွားမှာ ဖြစ်ပါတယ်။ ဒီနေ့အတွက် ဖိတ်ခေါ်ထားသူတွေက ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံက ပါမောက္ခဒေါက်တာ တင်ဦးနဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်က ကိုဝေယံကိုကိုတို့ပဲ ဖြစ်ပါတယ်။
ဆရာကြီးအနေနဲ့ ကိုဗစ် - ၁၉ ရောဂါကူးစက်ခံရပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီလို သိခဲ့တုန်းက အခြေအနေကို အရင်ဆုံးပြောပြပေးပါဦး။


ပါမောက္ခဒေါက်တာတင်ဦး။    ။    ပထမဆုံးတော့ ဆရာတို့ ဆေးရုံမှာ ဆရာတို့ လုပ်ဖော်ကိုင် ဖက်ပေါ့နော်။ ဆရာဝန် တစ်ယောက်က ဖျားတယ်၊ ပြီးတော့ အနံ့ပျောက်သွားတယ်။ သူ ကိုဗစ် လက္ခဏာစတင် ခံစားရတာပေါ့နော်။ သူ ခံစားရတော့ သူ့ကို စစ်ဆေးကြည့်လိုက်တဲ့အခါ Positive ဖြစ်တာကို တွေ့ရတယ်။


အဲဒီတော့ ဆရာတို့က ဒီဆရာနဲ့ အမြဲထိတွေ့နေတယ်ဆိုတော့ ဆရာတို့လည်း စစ်ကြပါတယ်။ စစ်တော့ ဆရာတို့လည်း Positive တွေ့တာပေါ့နော်။ အဲဒါစတွေ့တာက စက်တင်ဘာလ ၂၂ ရက်နေ့ပါ။ ကိုယ်က Positive ဖြစ်ပြီဆိုတော့ ပထမတော့ ဆရာတို့ရဲ့ စိတ်ကျန်းမာရေးဆေးရုံမှာဘဲ သီးခြား အဆောင်တစ်ခု စီစဉ်ပေးတယ်။ အဲဒီမှာ Quarantine လုပ်ပြီး နေပါတယ်။ ပြီးတော့ ကိုယ့်ကျန်းမာ ရေးကို ကိုယ်ကဆရာဝန်ဆိုတော့ အမြဲစောင့်ကြည့်ပါတယ်။ အောက်ဆီဂျင်တိုင်းတယ်။ Pressure တိုင်းတယ်။ Pulse Rate တွေတိုင်းတယ်။ ဒီကိုဗစ် လက္ခဏာတွေ ခံစားရလားဆိုတာကို အမြဲကြည့် နေတာပေါ့နော်။


အဲဒီအတောအတွင်းမှာတော့ ဆေးရုံမှာနေပြီး ပုံမှန်လှုပ်ရှားတယ်။ ဘာမှ သိပ်မခံစားရဘူး။ ဆရာ Positive ဖြစ်တာနဲ့ ရောဂါလက္ခဏာ ခံစားရတာက နည်းနည်းကျသွားတယ်။ ၂၉ ရက်ကြာတော့မှ စဖျားလာတယ်။ ဖျားပေမယ့် ဘာမှသိပ်ကြီးကြီးကျယ်ကျယ် မခံစားရဘူး။ နောက်တစ်ရက်မှာ စဖျားလာတာဆိုတော့ ဆရာရဲ့ အသက်အရွယ်အရရယ်၊ ဆရာမှာ နှလုံးရောဂါကလည်း နည်းနည်းရှိတယ်။ ဂေါက် ရှိတယ်။ ကျန်တဲ့ရောဂါတော့ မရှိဘူး။


ဒီအရွယ်မှာတော့ ပြည့်စုံတဲ့ဆေးရုံမှာပေါ့နော်၊ ဆရာတို့ ဆေးရုံက စိတ်ကျန်းမာရေးဆေးရုံ ဆိုတော့ စိတ်ကျန်းမာရေးကို အဓိက ကုသပေးတဲ့အတွက် တောင်ဥက္ကလာပဆေးရုံကို ဆရာတို့ နေတယ်။ တောင်ဥက္ကလာပဆေးရုံးရောက်တော့ သူတို့ ရောက်ရောက်ချင်း လိုတဲ့ဟာ အားလုံးကို စစ်ဆေးပါတယ်။ စစ်ဆေးတဲ့အခါ ဓာတ်မှန်ရိုက်တော့ ဆရာရဲ့ အဆုတ်မှာ Mild COVID Pneumonia လို့ခေါ်တဲ့ အဆုပ်ရောင်တာ တွေ့တယ်။ ပြင်းပြင်းထန်ထန်တော့ မတွေ့ပါဘူး။ 
ပထမပိုင်းတော့ ဖျားတော့ ဖျားနေသေးတယ်။ နုန်းတယ်၊ မလှုပ်ချင်ဘူး၊ မလုပ်ချင်မကိုင်ချင် ဖြစ်တယ်။ အစားအသောက် မစားချင်ဖြစ်တယ်။ ချွေးထွက်တာ များတယ်။ အဲဒါတွေကို ခံစားရတယ်။ ဒါပေမယ့် အောက်ဆီဂျင် ကျသွားတာ မရှိဘူး။ ပထမတော့ ဆရာ့ကို သောက်ဆေးနဲ့ ကုသပေးတယ်။ သောက်ဆေးနဲ့ ကုပြီး (၂) ရက်အကြာ အဖျားက ဆက်ပြီးတက်နေတယ်၊ မကျဘူး။ အဲဒီတော့မှ ထိုးဆေးကို ပြောင်းကုလိုက်တယ်။ 


ထိုးဆေးပြောင်းကုလိုက်တော့ အားလုံး (၈) ရက်လောက်တော့ ဆရာ ဖျားလိုက်တယ်။ ဖျားပြီးတော့ ထိုးဆေးထိုးပြီး (၂) ရက်၊ (၃) ရက် နောက်ပိုင်းမှာ အဖျားကျသွားတယ်။ တဖြည်းဖြည်း လူကလည်း ပြန်ကောင်းလာတယ်။ အစားအသောက်တွေလည်း ပြန်ကောင်းလာတယ်။ အနံ့တွေလည်း ပြန်ရလာတယ်။ လူက ပြန်ပြီးလန်းလည်း လန်းလာတာတယ်၊ တဖြေးဖြေး တိုးတက်လာတာပေါ့နော်။ အဲဒီလိုပဲ ဆေးရုံမှာ (၂) ပတ်နေလိုက်ရပါတယ်။ တောင်ဥက္ကလာပဆေးရုံမှာ (၂) ပတ်နေလိုက် ရတာပါ။ အဲဒီလိုနေပြီး ၁၂ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပါတယ်။


ဆေးရုံက ဆင်းပြီး အိမ်မှာက အသက်ကြီးတဲ့လူရှိတော့ ပိုပြီးသေချာအောင် ဆရာရဲ့ ဆေးရုံမှာ တစ်ပတ် ကိုယ့်ဘာသာကိုယ် Quarantine လုပ်ပြီးနေတယ်။ ပြီးတော့မှ ပြည့်တော့ ယခုအိမ်ပြန်ရောက်နေပြီ။


အစီအစဉ်မှူး။    ။    ကိုဝေယံရှင့်။ အစ်ကိုအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရပြီဆိုတာကို ဘယ်လိုမျိုးသိခဲ့လဲ။ အဲဒီအခြေအနေလည်း ပြောပြပေးပါဦး။


ကိုဝေယံကိုကို။    ။    ကျွန်တော်က ကိုရီးယားစားသောက်ဆိုင်လေး ဖွင့်ထားတယ်။ ဖွင့်ထားတော့ အဲဒီမှာ လူနည်းနည်းတော့ များတာပေါ့နော်။ များတော့ အဝင်အထွက်တွေ ရှိတဲ့အချိန်မှာ ကျွန်တော် ဘာမှမဖြစ်ဘူး။ 


ကျွန်တော် မိုးမိပြီး ဖျားတယ်။ ဩဂုတ်လ ၂၅ ရက်နေ့မှာ စပြီး ဖျားတယ်။ စဖျားတဲ့အချိန်မှာ ရိုးရိုးဖျားတယ်လို့ ထင်ပြီး ဆေးထိုး၊ ဆေးသောက်တွေနဲ့ အိမ်မှာနေတယ်။ ဟိုငှက်ဖျားတက်သလို ဖြစ်ပြီးတော့ ငှက်ဖျားဆေး သောက်လိုက်တယ်။ ဩဂုတ်လ ၃၀ ရက်နေ့မှာ အဖျားကျတယ်ဆိုပေမယ့် အရှင်းမပျောက်သွားသေးဘူးပေါ့နော်။ ဒါနဲ့ ကျွန်တော်လည်း ကိုယ့်ကိုယ်ကိုယ် မသင်္ကာလို့ ဆေးရုံ ကြီးက Fever Clinic ကို သွားတယ်။ သွားပြီးတော့ အဲဒီမှာ ကျွန်တော်ကို ဆေးစစ်တယ်။
Fever Clinic မှာ ဆေးစစ်လိုက်တော့ ၃၁ ရက်နေ့ ညနေမှာ ကျွန်တော် အဖြေရတယ်။ Positive ဖြစ်တယ်ဆိုတော့ ကျွန်တော့်ကို ၃၁ ရက်နေ့ ညမှာဘဲ ဝေဘာဂီဆေးရုံကို ပို့ပါတယ်။ ဝေဘာဂီဆေးရုံကို မပို့ခင်မှာ Pressure တို့၊ Oxygen Level Checkup လုပ်တဲ့အချိန်မှာ ကျွန်တော်က Oxygen Level ကျနေတယ်။ Oxygen Level ကျနေတဲ့အတွက် ကျွန်တော်ကို ဆေးရုံကြီးကနေ ဝေဘာဂီကို ပို့မယ့်အချိန်ကစပြီး အောက်ဆီဂျင် တပ်သွားပေးတယ်။
ဝေဘာဂီရောက်တော့လည်း ကျွန်တော်ကို အောက်ဆီဂျင်နဲ့ ထားတယ်။ အောက်ဆီဂျင် အဆက်မပြတ် တပ်ထားရတယ်။ ၁ ရက်နေ့ကစပြီး ဆေးစပေးပါတယ်။


အစီအစဉ်မှူး။    ။    အဲဒီလိုမျိုး ကိုယ်က ရောဂါဖြစ်ပြီဆိုတဲ့ အချိန်မှာ ကိုယ့်ကိုယ်တိုင် ခံစားရတဲ့ ခံစားမှုရယ်၊ ကိုယ့်ရဲ့ ပတ်ဝန်းကျင်က ဘယ်လိုဆက်ဆံတာမျိုးတွေရှိလဲ ရှင့်။ 


ကိုဝေယံကိုကို။    ။    ရောဂါစပြီး ခံစားရတဲ့အချိန်မှာ ပထမက ကျွန်တော့်ကို ကျွန်တော် ရိုးရိုးဖျားတယ်လို့ စိတ်ထဲမှာ ထင်ထားတာ၊ ကျွန်တော်က အနံ့ပျောက်တာတို့၊ ချောင်းခြောက်ဆိုးတာတို့ ကိုဗစ်နဲ့ ပတ်သက်တဲ့ လက္ခဏာတွေက ဘာမှထွေထွေထူးထူး မဖြစ်တော့ ရိုးရိုးသာမန် ဖျားတယ်လို့ပဲ ထင်ခဲ့ကြတယ်။
အဲဒါဆေးရုံကြီးကနေ ဝေဘာဂီ ရောက်တဲ့အချိန်မှာတော့ ကျွန်တော် ကိုယ့်ကိုယ်ကိုယ် ကိုဗစ်ဖြစ်ပြီဆိုပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး ရင်ဆိုင်ရမယ်ဆိုတာကို လက်ခံလိုက်တယ်။ လက်ခံလိုက်တော့ ဆေးရုံကြီးမှာ ကျွန်တော် ဆရာ၊ ဆရာမတွေ ပြောတဲ့စကားအတိုင်း တသွေမတိမ်းနေတယ်။ ဆရာ၊ ဆရာမတွေကလည်း မနက် တစ်ကြိမ်၊ ညနေ တစ်ကြိမ် ကျွန်တော်တို့ကို Oxygen Level, Pressure Level တိုင်းတယ်၊   ဆေးတွေ လာပေးတယ်။ 


ဒါတင်မက ကြားအချိန်တွေမှာ ကျွန်တော်တို့ အခန်းတွေထဲက ဖုန်းတွေကိုဆက်ပြီး အခြေအနေတွေ မေးတယ်။ အားပေးစကားတွေလည်း ပြောတဲ့အတွက် ကျွန်တော်တို့ အားတက်ပါတယ်။ အဲဒီအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အားတင်းပြီး အစားကို ဝင်အောင်စားတယ်။ အစား ပျက်တယ် ဆိုပေမယ့်လည်း ဆေးရုံကပေးတဲ့ ထမင်းဘူး တစ်ဘူးကို ကုန်အောင် အားတင်းပြီး စားတယ်။ နေ့တိုင်းကို ဖုန်းဆက်တာပဲ ဖြစ်ဖြစ်၊ လာပြီးတော့ ဆေးပေးတာ၊ Checkup လုပ်တဲ့အခါပဲ ဖြစ်ဖြစ် အားပေးစကား ပြောကြပါတယ်။


ပတ်ဝန်းကျင်အနေနဲ့က ဖြစ်ဖြစ်ချင်းမှာ အပြစ်သားလို နည်းနည်းမြင်ကြတယ်။ ကျွန်တော်က ဖြစ်စေချင်တာက အဲဒီလိုမျိုး မြင့်မယ့်အစား ကျွန်တော်တို့လို အခန့်မသင့်လို့ ကူးသွားတဲ့သူတွေကို ပေါ့နော်။ ကူးချင်လို့လည်း ကူးရတဲ့လူတွေလည်း မဟုတ်ဘူး။ ဒီအားပေးစကားလေး ပြောလို့ရှိရင် ပိုပြီးစိတ်ဓာတ်ခွန်အားလေးပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်။ လူတိုင်းတော့ မဟုတ်ပါဘူး၊ တချို့တွေက အဲဒီလိုမျိုးလေး ရှိပါတယ်။


အစီအစဉ်မှူး။    ။    ဟုတ်ကဲ့ပါ။ ဆရာကြီးက ဒီရောဂါဖြစ်နေတဲ့ အချိန်မှာ တောင်ဥက္ကလာပ ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာဆိုတော့ ဆေးရုံတက်ခဲ့စဉ် ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံလေးတွေကိုလည်း ပရိသတ်တွေ သိအောင်လို့ မျှဝေပေးပါဦး။


ပါမောက္ခဒေါက်တာတင်ဦး။    ။    ဆေးရုံရောက်ရောက်ခြင်းတော့ အဲဒီမှာတာဝန်ကျတဲ့ ဆရာဝန်၊ ဆရာမတွေက လိုတာတွေအားလုံးကို လုပ်ပေးတာပေါ့နော်။ စောစောက မောင်ဝေယံ ပြောသွားသလိုပါပဲ နေ့စဉ်သူတို့ ကြည့်ပေးတယ်။ ဆေးထိုးပေးတယ်။ အချိန်ကျရင် သူတို့ ဖုန်းလှမ်းဆက်ပြီး စုံစမ်းတယ်။ နောက် အားပေးစကားပြောတယ်။ လိုတဲ့အချိန်လည်း ကိုယ်တစ်ခုခု ခံစားရလို့ရှိရင် သူတို့ကို ဖုန်းဆက်ပြီး ပြောလို့ရပါတယ်။


နောက်ပြီး ကျွန်တော်တို့ နေတဲ့နေရာမှာ CCTV တွေ တပ်ထားတာပေါ့နော်။  CCTV တပ်ထားတော့ လူနာရဲ့ အခြေအနေ တစ်ခုခုဆိုရင်လည်း သူတို့ ချက်ခြင်းသိတယ်။ အဲဒီမှာ ရောက်သွားခါစက ကျန်တဲ့ ပြန်နလန်ထလာတဲ့ လူနာတွေရှိတယ်။ သူတို့ကလည်း ကူညီတာပေါ့နော်။ ကျွန်တော် ရောက်ခါစက မလုပ်ချင်၊ မကိုင်ချင် နုံးနေတာပေါ့နော်။ တုပ်ကွေးဆိုတော့ ထုံးစံအတိုင်း နုံးတယ်။ မလုပ်ချင်၊ မကိုင်ချင်၊ မစားချင်၊ မသောက်ချင် အိပ်ရာထဲမှာဘဲ ခွေချင်တယ်။ အဲဒီအချိန်ဆိုရင် လူနာအချင်းချင်းက အစားအသောက်တွေ ယူလာပေးတာ၊ အားပေးတာ အဲဒီလိုမျိုးလည်း ရှိတာပေါ့နော်။ ဒါကတော့ အချင်းချင်း ပေါ့လေ။


နောက်ပြီးတော့ ကိုယ့်စိတ်ထဲမှာ စိုးတော့ စိုးရိမ်တာပေါ့လေ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီရောဂါက စိုးရိမ်ရတယ်လို့လည်း ပြောလို့ရတယ်။ မစိုးရိမ်ရဘူးလို့လည်း ပြောလို့ရတယ်။ ဆရာတို့ အရွယ်အရကတော့ စိုးရိမ်ရတဲ့အရွယ်မျိုးပေါ့။ ဒါပေမယ့် စိုးရိမ်နေလို့လည်း ပြီးတာမဟုတ်ဘူးဆိုတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်တယ်။ အိပ်တာကို ဂရုစိုက်တယ်။ အိပ်ရေးဝအောင် အိပ်တယ်။ အစား အသောက်ကလည်း မစားချင်ဘူး ဆိုပေမယ့်လည်း  ကိုယ့်ရဲ့ အာဟာရပြည့်အောင် ဘာဖြစ်လို့လဲဆိုတော့ အာဟာရပြည့်မှပဲ ဒီရောဂါကို တိုက်နိုင်မှာဖြစ်တဲ့အတွက် အာဟာရပြည့်အောင် စားရပါတယ်။ 


ပြီးရင် အဲဒီအခန်းလေးထဲမှာပဲ ကိုယ်မမောရအောင် ကိုယ်လက်လှုပ်ရှားမှု လုပ်တယ်။ လေ့ကျင့်ခန်းလုပ်တယ်။ ပြီးတော့ ဒီရောဂါအကြောင်းကိုပဲ တစ်ချိန်လုံး မစဉ်းစားနေတော့ဘူး။ စဉ်းစားနေရင်လည်း အဖြေလည်းထွက်မှာ မဟုတ်ဘူးလေ။ ဒါက သူ့ရဲ့ ရောဂါသဘာဝအတိုင်းသွားမယ်။ တစ်ချိန်ကျရင် ကောင်းသွားမှာပေါ့။ ကိုယ့်မှာခံစားနေရတာကိုတော့ လိုအပ်သမျှကို သတိထားနေတယ်။ 


ရေချိုးခန်းသွားတယ်၊ ရေချိုးတယ်။ ပြန်လာတယ်။ အဲဒီအခါမျိုးမှာ အောက်ဆီဂျင်များ ကျသွားမလား။ ကျသွားရင် ဒါက အရေးကြီးတာပေါ့။ တစ်ခါမှတော့ ကျသွားတာ မရှိပါဘူး။ အဖျား ရှိ / မရှိ ကို ကြည့်တယ်။ ပြီးရင် သွေးပေါင်တိုင်းတယ်။ နေ့စဉ်သွေးထဲမှာ ဂလူးကို့စ် ဘယ်လောက်ရှိတယ် အဲဒါတွေကို တိုင်းတယ်။ ဆရာမတွေကလည်း လာတိုင်းပေးပါတယ်။ 


တချို့အချိန်တွေမှာတော့ အခန်းထဲမှာ နှစ်ယောက်ရှိတော့ သူတို့နဲ့ စကားပြောတယ်။ ပြီးရင် အသက်ရှူလေ့ကျင့်ခန်းလုပ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ အဆုတ်က ကိုဗစ်ထိသွားရင် အဆုတ်မှာ ဒါဏ်ရာရသွားတယ်။ အဲဒီအဆုတ်ကို ပြန်သန်စွမ်းဖို့အတွက် အသက်ရှူလေ့ကျင့်ခန်းကို လုပ်ရပါတယ်။ အသက်ရှူ လေ့ကျင့်ခန်း လုပ်နည်းတွေလည်း ရှိပါတယ်။ အသက်ရှူလေ့ကျင့်ခန်း လုပ်ရတယ်။ တချို့အချိန်တွေမှာ တရားထိုင်တယ်။ ညအိပ်ခါနီးဆိုရင် တရားထိုင်တယ်။ ဒီလိုနဲ့ပဲ အချိန်တွေ ကုန်သွားပါတယ်။ 


ကိုယ့်ရဲ့အိမ်ကလူတွေ၊ မိတ်ဆွေတွေနဲ့ တချို့အချိန်တွေမှာ စကားပြောတယ်။ အင်တာနက်ရှိတော့ Messenger ကနေ စကားပြောတယ်။ အဲဒီလိုမဟုတ်ရင် ကျန်တဲ့သူတွေကလည်း စိတ်ပူနေမှာစိုးလို့ နေကောင်းတဲ့အကြောင်း စကားပြောတယ်။ ဒီလိုနဲ့ပဲ အချိန်ကုန်သွားတယ်။ ပြီးတော့ အဖျားလေးကျသွားပြီး နည်းနည်းလန်းဆန်းလာတယ်။ ကိုယ် Concentration အာရုံစိုက်လို့ ရလာတဲ့အချိန် ကျတော့ ကိုယ်အရင်တုန်းက အလုပ်များလို့ တချို့စာတွေ မဖတ်နိုင်တာတွေ ရှိတယ်။ တချို့ဟာတွေ မလုပ်နိုင်တာတွေ ရှိတယ်။ 


ပြန်ပြီးနေကောင်းလာတော့ ကိုယ်ဖတ်ချင်တဲ့ စာတွေကိုဖတ်ဖို့ အချိန်ရလာတယ်။ အဲဒီလိုနဲ့ စာဖတ်လိုက်၊ ဆရာတို့ဆေးရုံမှာ လုပ်ဖော်ကိုင်ဖက်တွေရှိတယ်။ လုပ်ဖော်ကိုင်ဖက်တွေမှာ Messenger Group လေးတွေရှိတယ်။ ဉပမာ - ဆေးရုံမှာရှိတဲ့ အခက်အခဲလေးတွေ သူတို့ရေးထား တာရှိရင် ကိုယ်ကဖတ်ပြီး ဝင်ပြီးအကြံဉာဏ်ပေးတာတွေ လုပ်တယ်။ ဒီလိုနဲ့ပဲ နှစ်ပတ်က ကုန်သွားတယ်။ 


အစီအစဉ်မှူး။     ။ ဟုတ်ကဲ့ပါ ဆရာကြီးရှင့်။ ဆရာကြီးအနေနဲ့ ကိုယ့်မှာ ကိုဗစ် Positive ဖြစ်ပြီဆိုတာ သိလိုက်ရတဲ့အချိန်မှာ ဘယ်လိုမျိုး ခံစားရလဲ၊ အဲဒါလေးလည်း သိချင်ပါတယ်။


ပါမောက္ခ ဒေါက်တာတင်ဦး။    ။    စိုးရိမ်တာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ ဒီရောဂါက အခန့်မသင့်ရင် သေတတ်တဲ့ ရောဂါမျိုးပါ။ စိုးရိမ်တယ်၊ စိုးရိမ်လို့လည်း ထူးတာမျိုးတော့ မဟုတ်ဘူး။ ဒီတော့ စိတ်ကိုတည်ငြိမ်အောင် ပြန်ထားရတယ်။ စောစောက ပြောတဲ့အတိုင်း ညအိပ်တာ၊ စားတာ၊ လေ့ကျင့်ခန်းလုပ်တာ၊ ပြီးရင် Mindfulness လို့ခေါ်တဲ့ အသက်ရှူလေ့ကျင့်ခန်း လုပ်တာတွေ လုပ်တယ်။ 


ဆရာခံစားရတာက တအားကြီး အောက်ဆီဂျင် ကျလောက်အောင်၊ မောလောက်အောင် မဖြစ်တော့လည်း တအားကြီးတော့လည်း မစိုးရိမ်ပါဘူး။ တစ်ချိန်ကျရင် ကောင်းသွားမယ်။ ဒါက တုပ်ကွေးတစ်မျိုးပဲလေ။ ဒီရောဂါရဲ့ ပင်ကိုယ် သဘာဝကိုကလည်း အားလုံးက ပြင်းပြင်းထန်ထန် ဖြစ်တာမှ မဟုတ်ဘဲ။ 
ကိုယ့်မှာ ဆီးချိုရှိတယ်၊ ကျောက်ကပ် ရောဂါရှိတယ်။ ဒါမှမဟုတ်ရင် နှလုံးရောဂါတွေ ကြီးကြီးကျယ်ကျယ်ရှိတယ်။ အဲဒီလို လူမျိုးတွေအတွက်က ပိုပြီးစိုးရိမ်ရတာပေါ့။ ဆရာမှာကျတော့ သွေးတိုး ကလည်း နည်းနည်းပဲရှိတယ်။ ကျန်တဲ့ ရောဂါလည်း မရှိတော့ အဲဒီလောက် ကြီးကြီးကျယ်ကျယ်လည်း မစိုးရိမ်ဘူးပေါ့။ စိုးတော့ စိုးရိမ်တယ်၊ အကြီးအကျယ်ကြီးတော့လည်း မစိုးရိမ်ဘူး။ စောစောကပြောတဲ့ ဆောင်ရန်/ ရှောင်ရန် တချို့နဲ့နေလိုက်တော့ အဆင်ပြေသွားပါတယ်။ 


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် အစ်ကိုအနေနဲ့ ကိုဗစ်ရောဂါခံစားရတဲ့အချိန်မှာ ဝေဘာဂီဆေးရုံမှာ ဆေးရုံတက်ခဲ့တယ်။ အဲဒီတက်ခဲ့စဉ်ကာလမှာ ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံတွေ၊ အခုက ပြန်ကောင်းသွားပြီ၊ ပြန်ကောင်းသွားတဲ့အချိန်မှာ ဘယ်လို ဆောင်ရန်/ရှောင်ရန်တွေနဲ့ ကျင့် သုံးနေထိုင်သလဲ။ 


ကိုဝေယံကိုကို။    ။    ဝေဘာဂီဆေးရုံကို ရောက်ရောက်ချင်းမှာ ကျွန်တော်တို့ ICU ရှိတဲ့ အဆောင်က Mini ICU အခန်းလေးထဲမှာ အရင်နေရတယ်။ Mini ICU အခန်းလေးထဲမှာနေပြီး ကျွန်တော့်ကို ဆရာမတွေက ပိုးသတ်ဆေးသွင်းပေးတယ်။ ဒီအချိန်အထိတော့ ကျွန်တော်က အဲဒီ လောက်ကြီး ကိုယ့်ကိုယ်ကိုယ် အခြေအနေဆိုးမှန် မသိသေးပါဘူး။ အဆုတ်မှာ ပိုးတွေ့တယ်။ အဲဒီလို ဖြစ်တယ်လို့တော့ သိထားတယ်။ ကျွန်တော်က ဆေးပညာအကြောင်းကို သိပ်နားမလည်တာလည်းပါတယ်။ 
ကျွန်တော့်ကို ၈ ရက်နေ့မှာ ဆရာမတွေက ဖုန်းဆက်တယ်။ အထူးကြပ်မတ်ကုသဆောင်ထဲကို ရွေ့ရမယ်ဆိုပြီး ဖုန်းဆက်တဲ့အချိန်မှာ ကျွန်တော်က အဲဒီမှာ စိုးရိမ်သွားတယ်။ တော်တော်ကြီးတော့ လန့်သွားတယ်။ ဆရာမကလည်း ပြောတယ်။ အခြေအနေနည်းနည်းဆိုးလို့ အဲဒါစောင့်ကြည့်ရမယ့် အနေအထားရှိလို့ဆိုပြီး ကျွန်တော့်ကို အထူးကြပ်မတ်ကုသဆောင်ထဲကို ရွှေ့တယ်။ 


အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်တဲ့အချိန်မှာ ဆရာ၊ ဆရာမတွေက အနီးကပ်စောင့် ကြည့်တယ်။ ဆရာမတွေပြောတာတော့ ကျွန်တော်က အရမ်းကို ဂရုစိုက်ကြည့်ရမယ့် အနေအထားမှာ ပါနေတယ်ပေါ့နော်။ အဲဒီလိုကြည့်ပြီးတော့ ဆေးပညာအရ ဆရာမတွေပြောတာကတော့ အခြေအနေဆိုးလာလို့ Cytokine Storm အတွက်ပေးတယ်ဆိုတဲ့ဆေး ကျွန်တော့်ကို ထိုးပေးပါတယ်။ ဒီဆေးထိုးပေးပြီးတော့ တစ်ရက်၊ နှစ်ရက်လောက်မှာ ကျွန်တော် တော်တော်လေး ပြန်ပြီးလန်း လာတယ်။ အဲဒီနောက်ပိုင်းမှာ တော်တော်လေး သက်သာလာတယ်။ 


အရှေ့မှာလည်း တခြားဆေးတွေ တစ်မျိုးပြီး တစ်မျိုးသွင်းခဲ့ပါတယ်။ တချို့တွေက သူတို့ကို မသွင်းပေးဘူးလား အဲလိုမျိုးလေးတွေ ရှိတယ်။ ဒါပေမယ့် ဆရာမတွေက သူတို့စစ်ဆေးပြီး လိုအပ်တဲ့သူကို လိုအပ်တဲ့ဆေးပေးတယ်။ ကျွန်တော်ဆိုရင် အဲဒီလိုမျိုး ဆေးတွေက တစ်မျိုးပြီး တစ်မျိုးသွင်းရတဲ့အတွက် ဆံပင်ကျွတ်တာတွေ ဖြစ်လာတယ်။ လိုအပ်ရင် လိုအပ်သလိုမျိုး ဆရာမတွေက ဆေးပေးပါတယ်။ အခုသက်သာလာပြီး အစားအသောက်လည်း မြိန်လာတယ်။ စားလို့ကောင်းလာတယ်။ အစားတွေလည်း ဝင်လာတယ်။ 


ဆရာ၊ ဆရာမတွေက ကျွန်တော်တို့တွေထဲကို ဝင်လာတဲ့အခါ PPE ဝတ်စုံဝတ်ထားတဲ့အခါ သူတို့အတွက် ပူပြီးအသက်ရှူကြပ်တော့ တတ်နိုင်သလောက် သူတို့ကို မြန်မြန်ပြီးသွားအောင် ကျွန်တော်တို့ အခန်းထဲက ထွက်မှ သူတို့က PPE ဝတ်စုံကို ချွတ်လို့ရမှာခင်ဗျ။ အဲဒါကြောင့် သူတို့ကို တတ်နိုင်သလောက်လေး ဝိုင်းကူပေးပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ဉပမာ - ဆေးသွင်းထားတဲ့ ပိုက်တွေဖြုတ်တာဆိုရင် နောက်ပိုင်းမှာ ကျွန်တော် ကိုယ့်ဖာသာကိုယ်ပဲ ဖြုတ်တော့တယ်။ အဲဒီလိုမျိုးလေး ဆရာ၊ ဆရာမတွေကို ဝိုင်းကူပေးပါတယ်။ 


ကျွန်တော် အထူးကြပ်မတ်ကုသဆောင်မှာ ၅ ရက်နေရတယ်။ အထူးကြပ်မတ်ကုသဆောင်ကနေ ပြန်ဆင်းပြီး ၂ ယောက်ခန်းထဲမှာနေတယ်။ တဖြည်းဖြည်း သက်သာလာတယ်။ သက်သာလာပြီး ကျွန်တော့်ကို နောက်ပိုင်းဆေးမသွင်းတော့ဘဲ ဆေးဖြုတ်ပြီး ၅ ရက်၊ တစ်ပတ်လောက် ထပ်ပြီး စောင့်ကြည့်တယ်။ စောင့်ကြည့်ပြီး လုံးဝ Clear ဖြစ်သွားပြီ၊ ဆရာမတွေက စိတ်ချရတဲ့ အခြေအနေရောက်သွားပြီဆိုတော့မှ ကျွန်တော့်ကို ပေးဆင်းပါတယ်။


အိမ်ရောက်တော့လည်း ကျွန်တော့်ကို ဆောင်ရန် / ရှောင်ရန်တွေ လူစုလူဝေးတွေထဲ မသွားဖို့၊ Mask တပ်ပြီးနေဖို့၊ အိမ်မှာ သက်သက်သာသာနေဖို့၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ အဲဒါလေးတွေ ဆရာမတွေက မှာကြားလိုက်တယ်။ ပြီးတော့ အဆုတ်အားကောင်းအောင်လည်း တတ်နိုင်သလောက် မှောက်အိပ်ပေးဖို့ အဲဒီလိုမျိုးလေးတွေ ဆရာမတွေက မှာကြားပါတယ်။ ဆေးရုံက အောက်တိုဘာလ ၃ ရက်နေ့က ဆင်းပါတယ်။ ဒီလ ၂၃ ရက်နေ့မှာ ကျွန်တော့်ကို ပြန်ပြီး Checkup လုပ်ဖို့ ခေါ်ထားပါတယ်။ 


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါရှင်။ ပိုးက အဆုတ်ထဲထိ ဝင်သွားတယ်ဆိုတော့ လက်ရှိ ကျန်းမာရေး အခြေအနေ ပြောပြပေးပါဦး။


ကိုဝေယံကိုကို။    ။    အဆုတ်ထဲထိဝင်သွားတော့ ကျွန်တော် လက်ရှိက ပုံမှန်လို ပြန်ပြီးမလုပ်နိုင်သေးဘူး။ သွားလာလို့တော့ရတယ်။ နေထိုင်တာကတော့ ပုံမှန်ပဲ။ အလေးအပင်တွေမတဲ့အခါမျိုး၊ အရမ်းလှုပ်လှုပ်ရှားရှား လုပ်တဲ့အခါမျိုးကျရင် အဆုတ်က အသက်ရှူရတာမဝတဲ့ သဘောမျိုးဖြစ်တယ်။ အဆုတ်က တော်တော်ကြီး ငြိမ်ငြိမ်လေးနေလိုက်တော့မှသာ ပြန်သက်သာသွားတယ်။ အဲဒီလို လေးတော့ ရှိပါသေးတယ်။ 


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါ။ ဆရာကြီးရှင့် အခုဆိုရင် ကိုဗစ်ရောဂါ ခံစားပြီး ပြန်လည်သက်သာ လာသူတွေအနေနဲ့ ၂၈ ရက် ကျန်းကျန်းမာမာရှိပြီဆိုရင် သွေးရည်ကြည်လှူဒါန်းလို့လည်း ရနေပြီဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း သွေးရည်ကြည်လှူဒါန်းဖို့ ဖိတ်ခေါ်နေတယ်ဆိုတော့ ဆရာကြီးအနေနဲ့ သွေးရည်ကြည်လှူဒါန်းဖို့ အစီအစဉ် ရှိပါသလား။ 


ပါမောက္ခဒေါက်တာတင်ဦး။     ။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော် လှူဒါန်းဖို့ အစီအစဉ် ရှိပါတယ်။ အကယ်၍ ၂၈ ရက်ပြည့်မယ်၊ လှူဒါန်းဖို့ သူတို့ စစ်ဆေးမယ်ထင်ပါတယ်။ ကျွန်တော်တို့မှာ လိုအပ်တဲ့ Antibody ခေါ်တာပေါ့၊ တက်ဖို့လည်း လိုပါတယ်။ အဲဒီ Antibody ပမာဏ ရှိတယ်ဆိုရင် လှူလို့ရပါတယ်။ ကျွန်တော် ကျန်းမာရေးလည်း ကောင်းပြီ။ အဲဒီပမာဏ ရှိတယ်၊ အဲဒီလို သွေးရည်ကြည်လည်း လှူဖို့ ကျန်းမာရေး အခြေအနေလည်းပေးတယ်ဆိုရင် လှူပါမယ်ခင်ဗျာ။ 


ဘာဖြစ်လို့လဲဆိုတော့ ဒီဉစ္စာက အခြားသွေးလှူတာနဲ့တောင် မတူဘူး။ လူတိုင်းမှ လှူလို့မရတာ။ ဒီလိုမျိုး ပြန်ကောင်းလာပြီး Antibody ရှိတဲ့လူမှပဲ လှူလို့ရတာ ဆိုတော့လေ နောက်ပြီး တော့လည်း အဲဒီလိုလှူလိုက်လို့ရတဲ့ သွေးရည်ကြည်ကလည်း အသက်ကယ်နိုင်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ဆေးရုံထဲမှာရှိတဲ့ တချို့ပြင်းပြင်းထန်ထန် ဖြစ်တဲ့လူတွေမှာ အဲဒီ Plasma သွေးရည်ကြည်နဲ့ ကုလိုက်လို့ သက်သာသွားတာကို တွေ့ခဲ့ပါတယ်။ အဲဒီတော့ ကျွန်တော် လှူလည်း လှူချင်တယ်။ ရခဲတဲ့ကုသိုလ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပြီး လူတိုင်း လှူလို့မှ မရတာဆိုတော့ အစီအစဉ် ရှိပါတယ်။ 


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် သွေးရည်ကြည်လှူဒါန်းပြီဆိုရင် သွေးတစ်ခါ လှူရုံနဲ့ လူ နှစ်ယောက်၊ သုံးယောက်ရဲ့ အသက်ကို ကယ်နိုင်တယ်ဆိုတော့ အစ်ကိုအနေနဲ့ရော သွေးရည်ကြည် လှူဒါန်းဖို့ ရှိလားရှင့်။ 


ကိုဝေယံကိုကို။    ။ ဟုတ်ကဲ့ ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွေးရည်ကြည် နှစ်ခါသွင်းခဲ့ရတယ်။ အဲဒီတော့ ကျွန်တော်လှူဖို့လည်း ပြောထားပြီးပါပြီ။ ကျန်းမာရေးဖက်ကနေ လှူလို့ရတဲ့ အခြေအနေရောက်ပြီ၊ လှူလို့ရပြီဆိုတာနဲ့ ကျွန်တော် လှူဒါန်းမှာပါခင်ဗျ။ 


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံတို့ နှစ်ယောက်လုံး ကိုဗစ် - ၁၉ ရောဂါ ခံစားရပြီး အခုဆိုရင် ပြန်ပြီးတော့သက်သာလာတယ်။ ဒီရောဂါကို ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့အခါမှာလည်း အခက်အခဲတွေလည်း အများကြီးရှိခဲ့မှာပါ။ အခက်အခဲတွေကြားထဲက အခုလိုမျိုး ပြန်လည်ကျန်းမာလာတာကို ဝမ်းသာဂုဏ်ယူပါတယ်။ အခြားပရိသတ်တွေကိုလည်း ဆရာကြီးတို့အနေနဲ့ ဒီရောဂါကို ဘယ်လိုရင်ဆိုင်ကျော်လွှားခဲ့တယ်ဆိုတဲ့ ခွန်အားပေးစကားလေး ပြောကြားပေးပါဦးရှင်။


ပါမောက္ခဒေါက်တာတင်ဦး။     ။ ဟုတ်ကဲ့ခင်ဗျ။ ဒီရောဂါကိုတော့ နှစ်မျိုးပြောရမှာပါ။ ကြောက်လည်း ကြောက်ပါ။ မကြောက်လည်း မကြောက်ပါနဲ့။ ကြောက်လည်း ကြောက်ပါဆိုတာ မဖြစ်တာတော့ အကောင်းဆုံးပါ။ ဘာဖြစ်လို့လဲဆိုတော့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ ညွှန်ကြားချက်တွေအားလုံး တတ်နိုင်သမျှတော့ လိုက်နာပါ။ 


ဒါဆိုရင် ကာကွယ်နိုင်မှာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဖြစ်သွားပြီးပြီဆိုရင် အနည်းဆုံးတော့ အဲဒီ ကာလမှာ ကိုယ့်ရဲ့အလုပ်ပျက်တာပေါ့။ အလုပ်အကိုင် ပျက်တယ်။ ထိခိုက်မှုလည်းရှိတယ်။ ဒါက မဖြစ်တာ အကောင်းဆုံး။ အကယ်၍ တစ်ခါတစ်လေကျတော့လည်း ကိုယ်ဘယ်လောက်ပဲ ကာကွယ်နေပါစေ တစ်ခါတစ်လေ လွတ်သွားတဲ့အခါရှိတော့ ဖြစ်လာတာပေါ့။ ဖြစ်လာရင်လည်း တအားကြီး ကြောက်စရာ မလိုပါဘူး။ 


ဘာဖြစ်လို့လဲဆိုတော့ ဖြစ်တဲ့လူတိုင်းကလည်း ကြီးကြီးမားမားကြီး၊ ဆိုးဆိုးရွားရွားကြီး ဖြစ်သွားတာ မဟုတ်ဘူး။ ရာခိုင်နှုန်း နည်းနည်းပါ။ အဲဒီရာခိုင်နှုန်း နည်းနည်းမှာလည်း တကယ့်ကို အသက်လည်းကြီးမယ်၊ ခန္ဓာကိုယ်မှာလည်း တခြားရောဂါအစုံတွေ ရှိနေမယ်။ အခုဆုံးသွားတဲ့ လူတွေကိုကြည့်ရင် အဲဒီလို လူတွေများပါတယ်။ တခြားရောဂါအစုံတွေ ရှိနေမယ် အဲဒီလို လူမျိုးတွေဆိုရင် နည်းနည်းစိုးရိမ်ရပါတယ်။ ဒါပေမယ့် အဲဒီလို လူမျိုးတွေလည်း အကယ်၍ အိမ်မှာပဲ ကုနေတာ မဟုတ်ဘဲ ဆေးရုံမှာ စနစ်တကျကုမယ်ဆိုရင် ဆေးရုံတက်နေစဉ်မှာ ကောင်းသွားတဲ့လူတွေ အများကြီးရှိပါတယ်။ 


ဆရာရဲ့ လုပ်ဖော်ကိုင်ဖက် အမေဆိုရင်လည်း ICU ထဲမှာ အကြာကြီးနေပြီး ကောင်းသွားတယ်။ ဆေးရုံမှာ စနစ်တကျကုသလို့ ဖြစ်ပါတယ်။ ဒီတော့ စောစောက ပြောသလိုပဲ မဖြစ်ခင်တော့ ကြောက် ပြီး သေသေချာချာ လိုက်နာကြပါ။ ဖြစ်ပြီးရင်လည်း တအားကြီး ကြောက်စရာမလိုဘူး။ ညွှန်ကြား ချက်တွေအတိုင်း လိုက်နာမယ်။ နေထိုင်တတ်သွားမယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်မယ်။ လူနာ အချင်းချင်း ပြန်ကူညီလိုက်မယ်ဆိုရင် ဒီဟာကို ဒီလိုပဲ ကျော်ဖြတ်သွားကြမှာပါ ခင်ဗျာ။


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါ။ ကိုဝေယံရှင့် ကိုဗစ်ရောဂါ ခံစားနေတဲ့သူတွေအတွက် အားပေး စကားလေးမျှဝေပေးပါဦးရှင့်။


ကိုဝေယံကိုကို။    ။ ဟုတ်ကဲ့ပါ။ မဖြစ်သေးတဲ့လူတွေအတွက်ကတော့ ဆရာကြီးပြောသလိုပါပဲ တိုက်ပွဲဝင်နေတဲ့ ဆရာဝန်၊ ဆရာမတွေကို ကူညီတဲ့အနေနဲ့ MOHS က ထုတ်ပြန်ထားတဲ့ စည်းမျဉ်း တွေအတိုင်း လိုက်နာကျင့်သုံးပါ။ အတတ်နိုင်ဆုံး အိမ်မှာပဲနေပါ။ အပြင်ထွက်ရင်လည်း စနစ်တကျ နှာခေါင်းစည်းတပ်ပြီး ထွက်ဖို့၊ လက်ကို သေချာဆေးဖို့ ဒါဆိုရင် ကူးစက်ဖို့ ရာခိုင်နှုန်း နည်းပါတယ်။ ကြောက်တော့ ကြောက်သင့်ပေမယ့်လည်း အရမ်းကြီး ကြောက်နေဖို့လည်း  မလိုပါ ဘူး။ တချို့တွေ အရမ်းကြီး အကြောက်လွန်နေတတ်ပါတယ်။ 


ဒါကြောင့် ဖြစ်လာရင်လည်း ကျိတ်မကုဘဲ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ဆက် သွယ်ပြီး လိုအပ်ရင် သေချာစနစ်တကျကို ဆေးနဲ့ကုသပေးလို့ အရမ်းကြီး မစိုးရိမ်ပါနဲ့လို့၊ ကျွန်တော် တို့တွေ အခုအားလုံး ကပ်ဘေးက ကျော်လွှားနိုင်တော့မှာပါ။


အစီအစဉ်မှူး။    ။ ဟုတ်ကဲ့ပါရှင်။ ဆရာကြီးနဲ့ ကိုဝေယံတို့ရဲ့ ပြောစကားတွေနဲ့ ကြည့်ရှုနေကြတဲ့ ပရိသတ်တွေလည်း စိတ်ဓာတ်ခွန်အားတွေ ရရှိမယ်လို့ ယုံကြည်ပါတယ်။ အချိန်ပေးပြီး ဖြေကြား ပေးခဲ့တဲ့အတွက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။