ထွန်းကျော်
လတ်တလော ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားမှု အရေအတွက်နဲ့ သေဆုံးမှုနှုန်းကျဆင်းလာသော်လည်း ကိုဗစ်- ၁၉ မျိုးကွဲတစ်ခုဖြစ်တဲ့ BA.2 လွှမ်းမိုးလာနိုင်တဲ့ ခံစားချက်နဲ့အတူ ကိုဗစ်- ၁၉ နောက်ထပ် တစ်ကျော့ အမေရိကန်နိုင်ငံရဲ့ နေရာတစ်ခုခုက ပေါ်ထွက်လာမလားဆိုတဲ့ စိုးရိမ်စိတ်တွေ အမေရိကန် ပြည်သူတွေကြား ပျံ့နှံ့လျက်ရှိပါတယ်။
ကိုဗစ်-၁၉ သေဆုံးနှုန်းကျဆင်း
နယူးယောက်တိုင်းမ်ရဲ့ စာရင်းကောက်ယူလေ့လာမှုအရ မတ် ၂၄ ရက်အထိ ခုနစ်ရက်တာ ကာလအတွင်း အမေရိကန်ပြည်ထောင်စုရဲ့ ကိုဗစ်- ၁၉ ပျမ်းမျှသေဆုံးနှုန်းဟာ ၈၃၀ အထိ ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ လွန်ခဲ့တဲ့ ၁၄ ရက်တာကာလအတွင်းမှာ ၃၆ ရာခိုင် နှုန်း ပြောင်းလဲကျဆင်းမှု ရှိခဲ့ပါတယ်။ အလားတူပဲ ကိုဗစ်- ၁၉ ဗိုင်းရပ်စ်သစ် ကူးစက်ဖြစ်ပွားမှု ၃၀၃၈၇ အထိ ကျဆင်းခဲ့ပြီး ၁၅ ရာခိုင်နှုန်းအထိ ပြောင်းလဲ ကျဆင်းခဲ့ပါတယ်။
သို့သော်လည်း ကျွမ်းကျင်သူတွေက အမေရိကန်ပြည်ထောင်စု အတွင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသေဆုံးမှု မြင့်တက်လာမှာကို စောင့်ကြည့်လျက်ရှိပါတယ်။ ထို့အတူ ဘယ်လောက်ထိ ကြာကြာ ခုခံကာကွယ်ထားရမလဲဆိုတဲ့ အပေါ်လည်း သိချင်နေကြပါတယ်။
ဆက်လက်စောင့်ကြည့်ရဦးမလား
မကြာသေးမီက ကိုဗစ်- ၁၉ ကူးစက်ဖြစ်ပွားသေဆုံးမှုနှုန်းဟာ စိတ်ချရမယ့် အနေအထားတစ်ခု ရောက်ရှိပြီဆိုတဲ့ လက္ခဏာမပြသေးသရွေ့ ကိုဗစ်- ၁၉ ကို ဆက်လက် စောင့်ကြည့်နေရမလား ဆိုတာကိုလည်း စိတ်ဝင်တစား သိချင်နေကြပါတယ်။
အမျိုးသားအဆင့် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ခြေရာခံစနစ်ဟာလည်း နောက်ထပ် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု မြင့်တက်လာမယ့် အခြေအနေကို အတည်ပြုပေးနိုင်မှာ မဟုတ်ပါဘူး။ အစိုးရအနေနဲ့လည်း ကိုဗစ်- ၁၉ ကာကွယ်ဆေး၊ ကုသမှုနဲ့ စမ်းသပ်စစ်ဆေးမှုတွေအတွက် ရန်ပုံငွေ ပြတ်လပ်နေပြီလို့ အိမ်ဖြူတော်အရာရှိက ပြောကြားလိုက်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုတွေ ကျဆင်း
နောက်ထပ် ကိုဗစ်- ၁၉ တစ်ကျော့ ဖြစ်ပေါ်လာနိုင်မှုနဲ့အတူ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ရှိတော့ရှိနေတယ်။ ဒါပေမယ့် ခဏရပ်နားထားရမယ့် အနေအထားလည်းရောက်နေပါတယ်။ လွန်ခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာနှောင်းပိုင်းကတည်းက ကနဦးကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်းနဲ့ အပိုဆောင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးခြင်းဟာ အောက်ဆုံးအဆင့်အထိ ကျဆင်းခဲ့တယ်လို့ ဝါရှင်တန်ပို့စ်မှာ ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးနေ့မှာ ခုနစ်ရက်တာ ပျမ်းမျှကာကွယ်ဆေးထိုးခြင်းဟာ တစ်နေ့ ၁၈၂၀၀၀ ထက် လျော့နည်း လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းပတ်ခြောက်ပတ်မှာ နေ့စဉ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှုဟာ ကျဆင်း လာခဲ့ပါတယ်။
ဥရောပထက် ကာကွယ်ဆေးထိုးနှုန်း နည်းနေသေး
အခုတော့ သက်ဆိုင်ရာအာဏာပိုင်တွေက BA.2 ကိုဗစ်- ၁၉ မျိုးကွဲတစ်ခုကြောင့် နောက်ထပ် ကိုဗစ်- ၁၉ အကျော့ထပ်မံရိုက် ခတ်လာနိုင်ခြေရှိတဲ့အပေါ် စိုးရိမ်နေကြပါတယ်။
အမေရိကန်နိုင်ငံသား ၆၅ ဒသမ ၄ ရာခိုင်နှုန်းဟာ ကိုဗစ် - ၁၉ ကာကွယ်ဆေး အပြည့်အဝ ထိုးပြီးပြီဖြစ်ပါတယ်။ သူတို့ထဲက ၄၄ ရာခိုင်နှုန်းဟာ အပိုဆောင်းကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးမှုခံယူပြီးပြီ ဖြစ်ပါတယ်။ ဒါဟာ အနောက်ဥရောပနိုင်ငံတွေရဲ့ စုစုပေါင်း ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးပမာဏထက် အများကြီးလျော့နည်းနေသေးပါတယ်။
ကိုဗစ်-၁၉ ကန့်သတ်ချက်လျှော့ချဖို့ တောင်းဆို
ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုး နှောင့်နေးမှုကြောင့် နောက်ထပ် ကိုရိုနာဗိုင်းရပ်စ် ထပ်တိုးဖြစ်ပေါ်လာနိုင်မှုကို စိုးရိမ်နေကြပါတယ်။ အစိုးရအတွက် ကိုဗစ်- ၁၉ ကန့်သတ်ချက်လျှော့ချဖို့ တောင်းဆိုချက်တွေဟာလည်း လျော့နည်းသွားတယ်လို့ မရှိပါဘူး။
ဗုဒ္ဓဟူးနေ့က ဒယ်လ်တာ လေကြောင်းလိုင်း၊ အမေရိကန်လေ ကြောင်းလိုင်းနဲ့ ယူနိုက်တက် လေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ် အပါအဝင် လေကြောင်းလိုင်းအရာရှိတွေဟာ ပါးစပ်၊ နှာခေါင်းစည်း မဖြစ်မနေ တပ်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ရုပ်သိမ်းဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ထံကို စာရေးသားခဲ့ကြပါတယ်။ လတ်တလောမှာ ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်ရမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို ဧပြီ ၁၈ ရက်အထိ ပြဋ္ဌာန်းထားပါတယ်။
စိုးရိမ်စိတ်တွေရှိနေတယ်
အမေရိကန်ပြည်ထောင်စု၏ ခုခံအားအဆင့်မြင့်မားမှု၊ ပါးစပ်၊ နှာခေါင်းစည်း သုံးချင်သူများအတွက် အရည်အသွေး အမြင့်မားဆုံး ပါးစပ်၊ နှာခေါင်းစည်းများရှိခြင်း၊ ဆေးရုံအဆင့် ဆေးကုသမှုပေးနိုင်သော နေရာများရှိခြင်း၊ ကာကွယ်ဆေးရရှိနိုင်မှု၊ ကုထုံးအသစ်များဖြင့် ကုသခြင်း စသည်တို့ကြောင့် အမေရိကန် အစိုးရအနေဖြင့် ပါးစပ်၊ နှာခေါင်းစည်းတပ်ဆင်မှုကို ဖယ်ရှားပေးသင့်ကြောင်း ၎င်းတို့က ပြောကြားသည်။
ဘယ်လိုပဲဖြစ်ဖြစ် နောက်ထပ် ကိုဗစ်- ၁၉ မျိုးစိတ်သစ်တစ်ခုနဲ့အတူ ကိုဗစ်-၁၉ အကျော့သစ်တွေ ထပ်ပြီး ရိုက်ခတ်လာနိုင်မလားဆိုတဲ့အပေါ် အမေရိကန်ပြည်သူတွေရဲ့ ရင်ထဲမှာတော့ စိုးရိမ်စိတ်တွေ ရှိနေတယ်ဆိုတာကတော့ ဘယ်လိုမှ ငြင်းမရနိုင်ပါဘူး။ ။
ကိုးကား - ဆင်ဟွာ