၂၂ မေ
ကမ္ဘာပေါ်မှာ ကိုဗစ်-၁၉ ရောဂါဆိုးကြီး ကူးစက်ခံခဲ့ရသူပေါင်း ၅ သန်းကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။ ပြန်လည်ပျောက်ကင်းသက်သာလာသူ အရေအတွက်ကလည်း ၂ သန်းကျော်လွန်လာခဲ့ပြီဖြစ်သလို သေဆုံးသူလည်း ၃ သိန်းကျော်အထိ ရှိလာနေပါပြီ။
ရောဂါဆိုးကြီး ပျံနှံ့လာခြင်းနဲ့အတူ နောက်ဆက်တွဲပြဿနာတွေလဲ တွဲလျက်ကပ်ပါလာခဲ့ပါတယ်။ ရောဂါကို ကြောက်ရွံ့နေရတာ၊ နေအိမ်ကနေ အပြင်ဘက်ကို ထွက်ခွာခွင့်မရကြတာ၊ လူလူချင်း ကူးစက်နိုင်တာကြောင့် လူတစ်ဦးချင်းစီအကြား ယုံကြည်မှု လျော့နည်းလာတာတွေကြောင့် လူတွေမှာ စိတ်ပိုင်းဆိုင်ရာထိ ခိုက်ခံစားရမှုတွေ များလာနေပါတယ်။
ဒါကြောင့်လည်း WHO က စိတ်ဝေဒနာခံစားရမှုဟာ ကိုဗစ်-၁၉ ရဲ့ နောက်ဆက်တွဲ ဘေးဆိုးလို့ ကင်ပွန်းတပ်ခဲ့တာဖြစ်ပါတယ်။
COVID ထက်ကြောက်ဖို့ ကောင်းလာနေပြီလား
ပြီးခဲ့တဲ့ရက်ပိုင်းလေးတုန်းကပဲ အမေရိကန်နိုင်ငံ ဖလိုရီဒါပြည်နယ်က အမျိုးသား သူနာပြု တစ်ဦး အသက်ဆုံးရှုံးသွားခဲ့ပါတယ်။ သူဟာ ကိုဗစ်ဝေဒနာသည်တွေကို ကူညီကုသပေးနေတဲ့ သူနာပြုတစ်ဦးဖြစ်ပြီးတော့ သူအသက်ဆုံးရှုံးရတာဟာ ကိုဗစ်ရောဂါကြောင့် မဟုတ်ပါဘူး။
ဝီလီယံ ကော့ဒင်တန်ဆိုတဲ့ ၃၂ နှစ်အရွယ် အဆိုပါ အမျိုးသား လူနာတွေကို ကုသပေးရင်း ခံစားလာရတဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် ကိုယ့်ကိုယ်ကို သတ်သေတာ ဒါမှမဟုတ် ဒီစိတ်ဖိစီးမှုတွေကြောင့် အဆုံးစီရင်တာ ဒါမှမဟုတ် ဖိစီးမှုတွေကြောင့် ဆုံးပါးတာဖြစ်နိုင်တယ်လို့ ဆိုထားပါတယ်။
ကိုဗစ်ရောဂါ ပျံ့နှံ့လာချိန်မှာ ရောဂါကူးစက်ခံရသူတွေ၊ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် နေအိမ်တွေမှာ နေထိုင်နေကြတဲ့ သာမန်ပြည်သူတွေအကြားမှာပါ ကြောက်ရွံ့မှုတွေ ပူပင်သောကတွေနဲ့ စိတ်ဖိစီးမှုတွေ ပိုမိုတိုးပွားလာနေပါတယ်။
ဟားဗတ်တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ ကိုဗစ်ကာလမှာ ကိုယ့်ကိုယ်ကို သတ်သေမှုနှုန်း မြင့်တက်လာနေတယ်လို့ ဆိုထားပါတယ်။ အမေရိကန်နိုင်ငံတစ်နိုင်ငံတည်းကို အခြေခံပြီး လေ့လာထားတဲ့ အဆိုပါ စစ်တန်းအရ ၂၀ဝ၀ ခုနှစ်ကထက် ယခုကာလမှာ သတ်သေနှုန်း ၃၅% အထိ မြင့်တက်လာတယ်လို့ ဆိုထားပါတယ်။
မေလဟာ ပုံမှန်အားဖြင့် စိတ်ကျန်းမာရေးပညာပေးလဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုတွေကို ပြုလုပ်လေ့ရှိတဲ့ လတစ်လပါ။ ဒါပေမယ့် ဒီကာလမှာတော့ စိတ်ကျန်းမာရေးရဲ့ အဆိုးရွားဆုံး အခြေအနေတွေကို မှတ်တမ်းတင်နေရတဲ့ ကာလဖြစ်လာခဲ့ပါတယ်။
ကိုဗစ်ကပ်တွင်းနဲ့ ကိုဗစ်အလွန်
စိတ်ကျန်းမာရေးဆိုင်ရာ ကျန်းမာရေးပညာရှင်တွေကတော့ စိတ်ကျန်းမာရေးပြဿနာဟာ မဖြစ်မနေ ထိမ်းချုပ်ဖို့ လိုအပ်လာတဲ့ ပြဿနာလို့ ဆိုလာနေကြပြီဖြစ်ပါတယ်။
လူတွေ ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ပူပင်သောကတွေနဲ့ သံသယစိတ်တွေဟာ ပိုမိုတိုးပွားလာနေပြီးစိတ်ဝေဒနာခံစားရတာတွေ၊ အဆုံးစီရင်မှုတွေနဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ တိုးပွားလာနေခြင်းက ကိုဗစ်-၁၉ နောက်ဆက်တွဲကပ်ဘေးရဲ့ အတိမ်အနက်ကို ဖော်ပြနေပါတယ်။
ဒါကြောင့်လည်း နိုင်ငံတကာက အစိုးရတွေနဲ့ WHO တို့က ဒီကပ်ဘေးကာလအတွင်းမှာ စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးမှုတွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်မှုတွေ ရယူဖို့ အင်တိုက်အားတိုက် တိုက်တွန်းမှုတွေ ရှိနေပြီး စိတ်ငြိမ်းချမ်းစေမယ့် နည်းလမ်းတွေကို ရှာဖွေကာ နောက်ဆက်တွဲကပ်ဘေးကို တွန်းလှန်ကြဖို့ အသိပေးနေကြတာပါ။
မျှော်မှန်းချက်တွေအရ များမကြာတော့တဲ့ ကာလတွေမှာ ကိုဗစ်ကာကွယ်ဆေးနဲ့ ကုသဆေးတွေပေါ်ထွက်လာဖို့ အလားအလာကောင်းတွေ ရှိနေပါပြီ။ တစ်ချို့တိုင်းပြည်တွေမှာ အပြင်ကို ထွက်ခွင့်ပေးတာမျိုးနဲ့ ဆိုင်တွေ၊ ကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးတာမျိုးတွေလည်း စတင်ပြုလုပ်လာနေကြပြီ ဖြစ်ပါတယ်။
ဒါပေမယ့် လူအများအပြားကတော့ အသစ်ဖြစ်ပေါ်လာတဲ့ ပုံမှန်ဘဝ (New Normal) ကို ယုံကြည်စိတ်ချမှုမရှိကြသေးပါဘူး။ အမေရိကန်နိုင်ငံသား ၈၃ % ဟာ အပြင်ထွက်ရင် ပိုးတွေအကြီးအကျယ်ကူးပြီး လူတွေ အမြောက်အများထပ်သေကြလိမ့်ဦးမယ်လို့ ယုံကြည်နေကြပါတယ်။ လူတွေဟာ အပြင်ထွက်ဖို့ ကြောက်ရွံ့နေတာမျိုးတွေ ရှိလာနေပါပြီ။
ကိုဗစ်ကာလကို ကျော်လွန်သွားချိန်၊ ဒါမှမဟုတ် လက်ရှိမှာ ဖြစ်ပေါ်နေတဲ့ New Normal အခြေအနေကို ဖြတ်သန်းရချိန်တွေမှာ စိတ်ကျန်းမာရေးပြဿနာတွေကို လျှော့ချနိုင်ဖို့ အထူးလိုအပ်လာနေပါပြီ။ ဒီလိုလျှော့ချနိုင်ဖို့အတွက် စိတ်ကျန်းမာရေးဆိုင်ရာ အကြံပေးချက်တွေလည်း ရှိနေပါတယ်။
အကြံပေးချက်များ
ကိုဗစ်ကို ကျော်ဖြတ်ပြီးချိန်မှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ဖယ်ခွာချနိုင်ဖို့ လိုအပ်ပါတယ်။ ဒီလိုဖြစ်နေဖို့ဆိုရင် အောက်ပါ နည်းလမ်းတစ်တွေကို လိုက်နာကြည့်ဖို့ လိုအပ်မှာပါ။
အာဟာရပြည့်စွာ စားပါ – နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေနဲ့ သက်စောင့်ဓာတ်တွေကို လုံလောက်စွာဖြည့်တင်းတာဟာ ကျန်းမာစေဖို့ အကောင်းဆုံး ထောက်ကူနိုင်တဲ့ နည်းလမ်းဖြစ်ပါတယ်။ နေအိမ်မှာနေသည်ဖြစ်စေ၊ တာဝန်ထမ်းဆောင်နေသည်ဖြစ်စေ လိုအပ်တဲ့ အစာအာဟာရကို မှန်ကန်စွာ မှီဝဲစားသုံးဖို့ လိုအပ်ပါတယ်။
Burnout ကို ဖြတ်ကျော်ပါ – Burnout ဆိုတာဟာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကြောင့် လူကြီးပါ ချုံးချုံးကျသွားတဲ့ ဝေဒနာမျိုးပါ။ အထူးသဖြင့် ကျန်းမာရေးဝန်ထမ်းတွေမှာ အဖြစ်ပိုများနိုင်ပါတယ်။ Burnout ကို တားဆီးနိုင်စေမယ့် အကောင်းဆုံးနည်းလမ်းကတော့ ကိုယ်အင်အားကုန်ခမ်းနေချိန်မှာ၊ တာဝန်ယူမှုတွေကို ရပ်ပစ်ပြီး ပြန်လည်အနားယူတာဖြစ်ပါတယ်။ အချိန်နာရီပေါင်းများစွာ ဆက်တိုက်အလုပ်လုပ်ခြင်းဟာ အလုပ်ကိုပိုတွင်စေတယ်၊ ပိုအကျိုးဖြစ်စေတယ်ဆိုတဲ့ အဓိပ္ပါယ်မဟုတ်ဘူးလို့ သိပေးချက်တွေကဆိုထားပြီးတော့ စနစ်တကျ ခွဲခြားလုပ်ကိုင်ပြီး မှန်ကန်စွာ အနားယူပေးတာကသာ Burnout မဖြစ်စေဖို့ တားဆီးပေးမှာပါ။
ပူပင်သောကတွေကို ထိမ်းချုပ်ပါ – ပူပင်သောကဟာ ကိုဗစ်ကာလရဲ့ အဆိုးရွားဆုံးပြဿနာဖြစ်ပါတယ်။ လူတိုင်းမှာ စွဲကပ်နေနိုင်ပြီး အနည်းအများသာ ကွာဟပါတယ်။ ပိုမိုဆိုးရွားတဲ့ အခြေအနေမှာတော့ အဖြစ်များတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်တဲ့ Anxiety Disorder ဖြစ်လာပါလိမ့်မယ်။ အိပ်တာ၊ စားတာ၊ နေတာထိုင်တာတွေကို စနစ်ကျအောင် စီမံသင့်ပြီး တောင်တွေးမြောက်တွေး တွေးမိတာမျိုးမဖြစ်စေဖို့ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ၊ အိမ်အလုပ်လုပ်တာလို နည်းလမ်းတွေအသုံးပြုသင့်ပါတယ်။
တရားထိုင်ပါ – တရားထိုင်ခြင်းဟာ စိတ်ကျန်းမာရေးကို သက်သာလျော့ပါးစေတဲ့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရပါတယ်။ နေ့စဉ် အချိန်အတိုင်းအတာ တစ်ခုသတ်မှတ်ပြီး အသက်ရှုလေ့ကျင့်ခန်း ပြုလုပ်ပေးတာဟာ စိတ်ကိုတည်ငြိမ်စေရုံသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုလည်း အထောက်အကူပြုနိုင်ပါတယ်။
အပြင်ထွက်ပါ – ကိုဗစ်ရောဂါဟာ ပုံသဏ္ဍာန်မျိုးစုံနဲ့ ကူးစက်ပြန့်နှံ့နိုင်တာကြောင့် လူအများအနေနဲ့ Stay Home အစီအမံနဲ့ နေအိမ်တွေကနေ အပြင်ကို မထွက်ပဲ လနဲ့ချီ နေထိုင်ခဲ့ကြရပါတယ်။ Stay Home လုပ်ဆောင်ချက်ဟာ ရောဂါကာကွယ်ရေးမှာ ထိရောက်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပေမယ့် တခြားဘက်မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေကို ရှိလာပါတယ်။ ဒါကတော့ အိမ်ပြင်ထွက်ရမှာကို ကြောက်ရွံ့ခြင်း (Fear of Leaving the House) ပါပဲ။ လေ့လာချက်တွေအရလည်း Stay Home နေခဲ့ကြသူတွေရဲ့ ၁၅% လောက်ဟာ ဒီဝေဒနာကို ခံစားကြရတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကပ်ဘေးကာလ လွန်မြောက်ချိန်မှာ အိမ်ပြင်ထွက်ဖို့ လိုအပ်ပါတယ်။ မျက်နှာဖုံးတပ်တာလိုမျိုး ဘေးကင်းရင်ကွာ နည်းလမ်းတွေကို အသုံးပြုပြီး အိမ်ပြင်ထွက်ပါ။ လူတွေနဲ့ ပြန်လည်ထိတွေ့ဆက်ဆံပါ။ ပတ်ဝန်းကျင်နဲ့ အဆက်မပြတ်ပါစေနဲ့။
လန်းဆန်း ကျန်းမာပါစေ – အိမ်ပြင်ခိုင်းတာဟာ အိမ်အပြင်ကို ခြေတစ်လှမ်းနှစ်လမ်း ထွက်ရုံကိုပြောတာမဟုတ်ပါဘူး။ လေကောင်းလေသန့်ရှူရိုက်တာ၊ လမ်းလျှောက်လေ့ကျင့်ခန်းလုပ်တာ၊ Gym သွားတာလိုမျိုး အလေ့အထကောင်းတွေကို လုပ်စေတာဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုက ကျန်းမာရေးကို တိုးတက်စေနိုင်တယ်လေ။
လေ့ကျင့်ခန်းလုပ်ပါ – လေ့ကျင့်ခန်းကို နေအိမ်မှာလုပ်နိုင်သလို Gym မှာလည်း လုပ်နိုင်ပါတယ်။ သေချာစနစ်တကျ အချိန်သတ်မှတ်ပြီး လေ့ကျင့်ခန်းပြုလုပ်တာဟာ စိတ်ရော လူရော ကျန်းမာစေဖို့ အထောက်အကူဖြစ်စေပါတယ်။ ဒါပေမယ့် အလွန်အမင်း ပြင်းထန်စွာ လေ့ကျင့်ခန်းပြုလုပ်တာကတော့ ကျန်းမာရေးကို ထိခိုက်စေနိုင်တာကို သတိချပ်ဖို့လိုအပ်ပြီး မိမိတတ်နိုင်သလောက်သာ ပြုလုပ်သင့်ပါတယ်။
ကောင်းကောင်း အိပ်စက်ပါ – စိတ်ကျန်းမာရေးပြဿနာတွေဟာ အိပ်စက်ခြင်းနဲ့ အမြဲဆက်စပ်နေ တတ်ပါတယ်။ တစ်နေ့ကို ၈ နာရီ လုံလောက်စွာ အိပ်စက်သူတွေမှ စိတ်ကျန်းမာရေးပြဿနာတွေ မရှိနိုင်ပါဘူး။ အလွန်းအမင်း အိပ်တာနဲ့ အိပ်ရေးပျက်တတ်သူတွေမှာသာ စိတ်ဖိစီးမှုနဲ့ စိတ်ဝေဒနာတွေ စွဲကပ်လေ့ရှိတာပါ။ ဒါကြောင့် အိပ်ချိန်နဲ့ အိပ်စက်မှုပုံစုံကို ပြင်ဆင်ဖို့ လိုအပ်ပါတယ်။
ခုဖော်ပြခဲ့တဲ့ အချက်တွေဟာ ကိုဗစ်ကာလနဲ့ ကိုဗစ်အလွန်ကာလတွေမှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးပြဿနာတွေကို လျှော့ချဖယ်ရှားနိုင်ဖို့ အထောက်အကူပြုနိုင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။
စိတ်ကျန်းမာရေးဟာ အထူးအရေးကြီးပြီးတော့ ကိုဗစ်လို ရောဂါကပ်ဘေးကို ရှောင်လွှဲနိုင်ခဲ့ပြီးမှာ နောက်ဆက်တွဲ စိတ်ထိခိုက်မှုတွေကို ခံစားရမယ်ဆိုရင် နစ်နာလှပါတယ်။ ဒါတွေကို ရှောင်လွှဲနိုင်ဖို့ စိတ်ငြိမ်းချမ်းအောင်၊ ပျော်ရွှင်အောင် ဂရုတစိုက်စောင့်ရှောင့်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”