နေပြည်တော် ၁၈ ဇွန်
ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများအပေါ် ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက နေပြည်တော် ရုံးအမှတ် ၃၆ တွင် ကျင်းပသည်။
ဆွေးနွေးပွဲသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦးနှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးများ တက်ရောက်ကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်တွင်းစားသုံးမှုဖူလုံစေရေးနှင့် နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ပြည်ပဝင်ငွေ ရှာဖွေပေးလျက်ရှိသော ငါးလုပ်ငန်းများ မွေးမြူ၊ ဖမ်းဆီး၊ ပြုပြင်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချ တင်ပို့ခြင်းတို့ကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ကိုဗစ်-၁၉ အခြေအနေကြောင့် ကြန့်ကြာခြင်းမျိုးမရှိစေဘဲ လုပ်ငန်းကွင်းဆက်အလိုက် ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးမှု အစီအမံများအပေါ် တာဝန်ရှိသူအသီးသီးတို့က ကိုယ်စွမ်းဉာဏ် စွမ်းရှိသရွေ့ အားထုတ်ကြိုးပမ်းကြစေလိုကြောင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလများအတွင်း ရေလုပ်ငန်းကဏ္ဍအောက်ရှိ ရေချို၊ ရေငန်ငါးများ၏ ဈေးနှုန်းများ အထိုက်အလျောက် ကျဆင်းခြင်း၊ ရောင်းအား လျော့နည်းကျဆင်းခြင်း၊ ပြည်ပပို့ကုန် လုပ်ငန်းများတုံ့ဆိုင်းသွားခြင်း စသည့် အခက်အခဲများကို လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့ခဲ့ရမှုအပေါ် ဝန်ကြီးဌာနအနေဖြင့် ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထိခိုက်မှုများ အမြန်ဆုံး ပြန်လည်ထူထောင်နိုင်ရေးအတွက် ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် COVID -19 Economic Relife Plan တွင် ပါဝင်သည့် Action Plan အရ ငါးမွေးမြူရေးလုပ်ငန်း ပြန်လည်ထူထောင်ရန်နှင့် အလုပ်အကိုင်၊ အခွင့်အလမ်းများ တိုးတက်ရရှိစေရန်အတွက် ငါးမွေးမြူသူများအား တစ်ဧကလျှင် ငွေကျပ် ၄၀ဝ၀ဝ တန်ဖိုးရှိ မျိုးငါးနှင့် ငါးသားပေါက်များအား ဖြန့်ဖြူးပေးသွားမည်ဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ဧက(၁၅၀ဝ၀ဝ)အတွက် ဖြန့်ဖြူးပံ့ပိုးပေးနိုင်ရန် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ငါမွေးမြူရေးလုပ်ငန်းများ ပိုမိုအောင်မြင်လာစေရန် မျိုးငါးနှင့် ငါးသားပေါက်များ ထောက်ပံ့နိုင်ရေးအတွက် ငွေကျပ်သန်း(၆၀ဝ)၊ ရေလုပ်သားများ ပင်လယ်ပြင်ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းခွင်ဆိုင်ရာသင်တန်းများကို ကမ်းရိုးတန်းဒေသ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဖွင့်လှစ်နိုင်ရန် ငွေကျပ်သန်း(၆၀)တို့ကို နိုင်ငံတော် အစိုးရထံတင်ပြတောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိပြီးဖြစ်၍ အချိန်မီထောက်ပံနိုင်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးရေးအတွက် တိုင်းဒေသကြီး၊ ပြည်နယ်ဦးစီးမှူးများက အင်တိုက်အားတိုက် ဆောင်ရွက်ကြစေလိုကြောင်း ဆွေးနွေးမှာကြားသည်။
ကိုဗစ်-၁၉ အလွန် ငါးမွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍ ပြန်လည်ဦးမော့လာစေရေးအတွက် နိုင်ငံတော်ထောက်ပံ့ငွေမှ ဆောင်ရွက်မှုများအပြင် ချေးငွေအစီအစဉ်ဖြင့် ဆောင်ရွက်နိုင်ရန် ငါးတင်၊ ငါးချဆိပ်ကမ်းများ လုပ်ငန်းများ ပြန်လည်စတင်နိုင်ရန် ဆိပ်ခံတံတားတစ်ခုလျှင် ငွေကျပ်သန်း(၂၀ဝ)နှုန်းဖြင့် ဆိပ်ခံတံတား (၁၀)ခုအတွက် လည်းကောင်း၊ ငါးဖမ်းရေယာဉ်များနှင့် ပတ်သတ်၍ ငါးလုပ်ငန်းရာသီ ပြန်လည်ဖွင့်လှစ်ချိန်တွင် လိုအပ်သော ဆီ၊ ရေခဲ၊ ရိက္ခာ၊ ရေလုပ်သားများနှင့် လှေထွက်စရိတ်တို့အတွက် ရေယာဉ်တစ်စီးလျှင် ငွေကျပ်(၁၀)သန်းနှုန်းဖြင့် ရေယာဉ်စီးရေ (၃၁၉၀) အတွက်လည်းကောင်း၊ ငါး/ပုဇွန်ပြုပြင်မွမ်းမံထုတ်လုပ်သော စက်ရုံ/ အလုပ်ရုံများအတွက် စက်ရုံ တစ်ရုံလျှင် ငွေကျပ်သန်း(၁၀ဝ)နှုန်းဖြင့် လည်းကောင်း၊ SME ချေးငွေ ရရှိရေးအတွက် တင်ပြထားပြီးဖြစ်ကြောင်း သိရသည်။
နိုင်ငံတကာအကူအညီရရှိရေး ဆောင်ရွက်မှုအဖြစ် ဥရောပသမဂ္ဂမှ Budget Support Program ဖြင့် အထောက်အပံ့များရရှိရန် ငါးလုပ်ငန်းဦးစီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လယ(၃၀) ရရှိပြီး (၆၈၄၁၆ ဒသမ ၅၄)ဧကအတွက် တစ်ဧကလျှင် ငွေကျပ်(၄၀ဝ၀ဝ)တန်ဖိုးရှိ ငါးသားပေါက်များအား ဖြန့်ဖြူးပံ့ပိုးနိုင်ရန် ညှိနှိုင်းထားကြောင်း၊ အလားတူ ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ JICA မှ ကိုဗစ်-၁၉ ကာလအတွင်း၊ JICA စီမံကိန်း ဆောင်ရွက်ခဲ့သည့် ဧရာဝတီ၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကရင်ပြည်နယ်များမှ မြို့နယ်(၁၈) မြို့နယ်ရှိ တပိုင်တနိုင်ငါးမွေးကန်များနှင့် ငါးလုပ်ငန်းစခန်းများသို့ ငါးသားပေါက်များ၊ ငါးအစာများ၊ လုပ်ငန်းသုံးပစ္စည်းများ ကူညီပံပိုးပေးနိုင်မည့် အစီအစဉ်များလည်း ညှိနှိုင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


