မန္တလေး၊ ၂၀ ဒီဇင်ဘာ
ကိုဗစ်-၁၉ အလွန်ကာလတွင် မန္တလေးတိုင်းဒေသကြီးသို့ ခရီးသွား ဧည့်သည်များ ပိုမိုလာရောက် လည်ပတ်နိုင်ရန်တွက် တံတားဦးမြို့နယ်အတွင်းရှိ ပြူကန်ကျေးရွာကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးဇော်မျိုးလတ်က ပြောကြားသည်။
အဆိုပါ ပြူကန်ကျေးရွာကို ခရီးစဉ်ဒေသသစ်အဖြစ် ဖော်ဆောင်ရာတွင် ကျေးလက်နေပြည်သူများ၏ လူနေမှုဘဝများကို လေ့လာနိုင်မည့် ခရီးစဉ်များ၊ ခရီးသွားဧည့်သည်များ အနားယူအပန်းဖြေနိုင်မည့် ခရီး စဉ်များ၊ စိုက်ပျိုးရေးကို အခြေခံသည့် ခရီးသွားလုပ်ငန်းများ၊ ပြူကန်ကို လာရောက် ဆောင်းခိုသည့် ငှက်များကို ကြည့်ရူမည့် ငှက်ကြည့် ခရီးစဉ်များကို ခရီးသွားဧည့်သည်များအတွက် ဖော်ထုတ်သွား မည်ဖြစ် ကြောင်း သိရသည်။
“ခရီးသွားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်အလွန်ကာလမှာ ပြည်လည်ဖွံ့ဖြိုးလာစေဖို့ စီမံ ဆောင်ရွက်နေပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာ ကိုဗစ်-၁၉ ကာလအတွင်းမှာလည်း လိုအပ်တဲ့ လူစွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းတွေပေးပြီး ဆောင်ရွက်နေသလို ကိုဗစ်အလွန်မှာ ခရီးသွားတွေ လည်ပတ်တဲ့အခါမှာလည်း ဘေးအန္တရာယ် ကင်းရှင်းစွာ လည်ပတ်နိုင်ဖို့ ကိုဗစ်-၁၉ Guidelines ထုတ်ပြန်ပြီး ဆောင်ရွက်နေပါတယ်။ ဒီ Guidelines တွေကိုလည်းပဲ ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့အဖွဲ့အစည်းတွေ လိုက်နာကြဖို့ကိုလည်း ဆောင်ရွက်ထားပါတယ်။ ကျွန်တော်တို့ဌာနအနေနဲ့ တိုင်းဒေသကြီးအတွင်းရှိ မြန်မာနိုင်ငံခရီး သွားလုပ်ငန်းရှင်များအသင်း၊ ဧည့် လမ်းညွှန်များအသင်းနဲ့ ဟိုတယ်လုပ်ငန်းရှင်များအသင်း စသဖြင့် ဆက်စပ်အသင်းအဖွဲ့တွေနဲ့ ပူးပေါင်းပြီးတော့ ခရီးစဉ်ဒေသအသစ်တွေကို ဖော်ထုတ်ပြီးဆောင်ရွက်နေပါတယ်" ဟု ၎င်းက ရှင်းပြသည်။
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ကိုဗစ်အလွန်ကာလများတွင် လာရောက်လည်ပတ်ကြမည့် ခရီးသွားဧည့်သည်များအတွက် ခရီးစဉ်ဒေသအသစ်များကို ဖော်ထုတ်ဆောင်ရွက်လျက် ရှိသည့်အပြင် ရှိပြီးသားခရီးစဉ်များကိုလည်း မြင့်တင် ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုခရီးစဉ်ဒေသသစ်အဖြစ် ဖော်ထုတ်မည့် ပြူကန်ကျေးရွာသည် တံတားဦးမြို့နယ်တွင် တည်ရှိပြီး၊ မန္တလေး၊ မြို့သာနှင့် မြင်းခြံလမ်းအတိုင်း သွားရောက်ပြီး၊ တံတားဦးမြို့နယ် မြို့ပြဖွံ့ဖြိုးရေးနှင့် ဟိုတယ်ဇုန်စီမံကိန်း၏ ဘယ်ဘက်ခြမ်း ပြူကန်ဆိုင်းဘုတ်မှ ၁၀ မိနစ်အတွင်း ရောက်ရှိကြောင်း၊ အဆိုပါ ပြူကန်၌ ကမ္ဘာပေါ်တွင် အရှားပါးဆုံးဖြစ်ပြီး မျိုးသုဉ်းပျောက်ကွယ်ရန် စိုးရိမ်ရသည့် ပွတ်ချပ်ငှက်များ၊ ဘဲခေါင်းစိမ်း၊ ရေဘဲငှက်တို့ လာရောက်ကျက်စားလေ့ရှိ ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


