နေပြည်တော်  ၁၁   ဇွန်

 

ကိုဗစ်-၁၉ အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှု (COVID-19 Surgical Safety) ကိစ္စရပ်များနှင့် ပတ်သက်၍ ကျန်းမားရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဆေးတက္ကသိုလ် (၅) ခုမှ ပါမောက္ခချုပ်များ၊ ခွဲစိတ်ကုပညာ၊ ဆေးပညာ၊ သားဖွားနှင့် မီးယပ်ပညာ၊ မေ့ဆေးပညာ၊ အရေးပေါ်ဆေးပညာနှင့် ဆေးပညာတို့မှ ပါမောက္ခ/ ဌာနမှူးများ၊ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနမှ တာဝန်ခံ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုအုပ်ကြီးများသည် ယနေ့နံနက်ပိုင်းက Video Conferencing ဖြင့်ဆွေးနွေးပွဲကျင်းပသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကိုဗစ်-၁၉ သည် ခွဲစိတ်မှုဆိုင်ရာ ရောဂါမဟုတ်သော်လည်း ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများ ပြုလုပ်ရာတွင် လူနာဘေးကင်းလုံခြုံရေးအပြင် ခွဲစိတ်ကုသသူ ခွဲစိတ်ဆရာဝန်၊ မေ့ဆေးဆရာဝန်နှင့် သူနာပြုများထံ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေးတို့သည် အရေးကြီးပါကြောင်း၊ ခွဲစိတ်ကုသမှုများဆောင်ရွက်ရန် ဆုံးဖြတ်ချက်ချခြင်းနှင့် ခွဲစိတ်ကုသမှုဆောင်ရွက်ခြင်းတို့တွင် ဆေးပညာ ကျင့်ဝတ်များနှင့်အညီ တိုင်းတာချိန်ဆ ဆောင်ရွက်သကဲ့သို့ ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများ ဘေးကင်းလုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ခြင်းများကို ဆေးပညာကျင့်ဝတ်များနှင့် အညီဆောင်ရွက်ရမည် ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အန္တရာယ်ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှုကိစ္စရပ်များအတွက် လုပ်ငန်း လမ်းညွှန်များ၊ လုပ်ထုံး လုပ်နည်းများကို မူကြမ်းများ ရေးဆွဲဆောင်ရွက်ထားရှိမှုသည် ကောင်းမွန်ပါကြောင်း၊ အဆိုပါလုပ်ငန်းလမ်း ညွှန်နှင့် လုပ်ထုံးလုပ်နည်း မူကြမ်းများကို အပြီးသတ်ရေးဆွဲနိုင်ရန် ခွဲစိတ်ကုပညာ၊ မေ့ဆေးပညာနှင့် နှီးနွှယ်ဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ ပါဝင်သော အဖွဲ့ကိုဖွဲ့ပြီး ဆောင်ရွက် လျက်ရှိသည့် အစီအစဉ်မှာ ကောင်းမွန်ပါကြောင်း၊ ဆေးနှင့် ဆေးပညာနှီးနွှယ် ပညာရပ်ဌာနများအားလုံးမှ သက်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများက ကြီးမှူး၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ အထူးကုဆရာဝန်များနှင့် ပုံမှန်ဆွေးနွေးမှု၊ ပညာရပ်ပိုင်း ဆိုင်ရာ မျှဝေမှုတို့အား ယခုကဲ့သို့ Video Conferencing စနစ်ဖြင့် ဆက်လက် ဆောင်ရွက်ကြစေလိုပါကြောင်း၊ နိုင်ငံတကာတွင် ချမှတ်ကျင့်သုံးနေသော ကိုဗစ်-၁၉ ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသခြင်းလုပ်ငန်း လမ်းညွှန်များကို မိမိတို့နိုင်ငံနှင့် ကိုက်ညီစွာဖြင့် မွမ်းမံမှုများပြုလုပ်ခြင်း၊ တိုင်းဒေသကြီး/ ပြည်နယ်ရှိ အထူးကုဆရာဝန်များထံ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်စေလိုပါကြောင်း။

 

ကိုဗစ်-၁၉ ၏ ဖြစ်စဉ်သဘောသဘာဝ (natural history of disease) ကို အပြည့်အဝမသိရှိသေး သဖြင့် မိမိတို့နေဖြင့် ကိုဗစ်-၁၉ သံသယလူနာနှင့် ဓာတ်ခွဲအတည်ပြုလူနာများကို ခွဲစိတ်ကုသရာ၌ အထူးသတိပြု၍ လုပ်ငန်းလမ်းညွှန်များအတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အန္တရာယ်ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသခြင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အနည်းဆုံးလိုအပ် ချက်နှင့် စံနှုန်းများကို ချမှတ်ပေးရန်နှင့် စံနှုန်းများ ပြည့်မီမှုအခြေအနေကို စာရင်းပုံစံများဖြင့် ဆန်းစစ်ကြရမည်ဖြစ်ပါကြောင်း၊ အရေးပေါ်မဟုတ်သော ခွဲစိတ်ကုသမှုများကို ယခုအချိန်တွင် စတင်ပြုလုပ်ရန် သင့်/ မသင့်ကို သက်ဆိုင်ရာ ဆေးရုံအလိုက် တာဝန်ရှိသူများမှ စဉ်းစားဆုံးဖြတ်ရန်ဖြစ်ပါကြောင်း၊ ပြင်ပလူနာ များနှင့် ပြန်လည်ချိန်းဆို၍ ကြည့်ရှုသော လူနာများ စုပြုံမနေစေရန် သက်ဆိုင်ရာ ဆေးရုံအုပ်နှင့် အထူးကု ဆရာဝန်ကြီးများ တိုင်ပင်၍ အစီအမံနှင့် လုပ်ငန်းလမ်းညွှန်များ ချမှတ်ဆောင်ရွက်ရန်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနမှ ဝယ်ယူဖြည့်ဆည်းမှု၊ စေတနာရှင်အလှူရှင်များ၏ လှူဒါန်းမှုများကြောင့် ဆေးပစ္စည်း ကိရိယာများ ပိုမိုရရှိလျက်ရှိပြီး အဆိုပါ ဆေးပစ္စည်းကိရိယာများကို ယခု ကိုဗစ်-၁၉ အတွက်သာမက ရေရှည်တွင် အခြားလူနာများအတွက်ပါအသုံးချဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း၊ အထူးကြပ်မတ် ကုသဆောင်များကို အဆင့်မြှင့်တင်မှု၊ ဆေးပစ္စည်းကိရိယာများ ပိုမိုရရှိလာမှုတို့ကြောင့် ရေရှည်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် ပိုမိုကောင်းမွန်လာမည်ဖြစ်ပါကြောင်း၊ (၂၀၂၀-၂၁) ခု ဘဏ္ဍာရေးနှစ်၌ ဝန်ကြီးဌာန၏ ဘဏ္ဍာငွေဖြင့် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူရာတွင် သက်ဆိုင်ရာပညာရပ် ပါမောက္ခ/ ဌာနမှူးများနှင့် အထူးကုဆရာဝန်ကြီးများ၏ အကြံပြုချက်များရယူကာ ဆက်လက် ဝယ်ယူရန် အသေးစိတ် စီစဉ်ထားပြီးဖြစ်ပါကြောင်း၊ ဆေးနှင့်ဆေးပစ္စည်းကိရိယာများကို ဆေးရုံများသို့ ခွဲဝေချထားပေးရာတွင်လည်း သက်ဆိုင်ရာ ဆေးရုံများအလိုက် ရောဂါဖြစ်ပွားမှုအခြေအနေများနှင့်အညီ ခွဲဝေဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန ဆေးနှင့် ဆေးပညာနှီးနွှယ် ပညာရပ်များမှ လုပ်ငန်းလမ်းညွှန်များနှင့် လုပ်ထုံး လုပ်နည်းများကို အမြဲပုံသေမဟုတ်ဘဲ ပြောင်းလဲလျက်ရှိသော အခြေအနေအရပ်ရပ်၊ ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများကို သုံးသပ်ပြီး အချိန်နှင့် တစ်ပြေးညီ မွမ်းမံပြင်ဆင်မှုများ ပြုလုပ်ရမည်ဖြစ်ပါကြောင်း၊ ယခု ဆွေးနွေးပွဲသို့ တက်ရောက်လာသော ခွဲစိတ်နှင့် နှီးနွှယ်ပညာရပ်များမှ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကု ဆရာဝန်ကြီးများ၊ ဆေးရုံအုပ်ကြီးများ၊ သူနာပြုဆရာမကြီးများနှင့် တာဝန်ရှိသူများအနေဖြင့် ပွင့်လင်းစွာဖြင့် ဆွေးနွေးအကြံပြုကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်၏ ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာဇော်ဝေစိုးက ကိုဗစ်-၁၉ အန္တရာယ် ဘေးကင်းလုံခြုံစွာ ခွဲစိတ်ကုသမှုဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းလမ်းညွှန် ပေါ်ပေါက်လာရေး အတွက် အဖွဲ့ဖွဲ့စည်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးသည့် အခြေအနေများအား တင်ပြသည်။

 

ယင်းနောက် ဆေးတက္ကသိုလ်များမှ ခွဲစိတ်ကုပညာဌာန၊ ပါမောက္ခ/ ဌာနမှူးများက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှုများတွင် ကိုဗစ်-၁၉ အန္တရာယ်ဘေးကင်းလုံခြုံရေး (COVID-19 Surgical Safety) ဆိုင်ရာ လုပ်ငန်းလမ်းညွှန် (မူကြမ်း) နှင့် စံလုပ်ထုံးလုပ်နည်း (မူကြမ်း) များပြုစုထားရှိမှုကို ဆွေးနွေးတင်ပြကြသည်။

 

ဆက်လက်၍ ဆေးတက္ကသိုလ် (၅) ခုမှ ပါမောက္ခချုပ်များ၊ ခွဲစိတ်ကုပညာဌာနများ၊ အရိုးရောဂါပညာ ဌာနများ၊ သားဖွားနှင့် မီးယပ်ပညာဌာနများ၊ ကလေးခွဲစိတ်ပညာဌာနများ၊ မေ့ဆေးပညာ ဌာနများ၊ အရေးပေါ် ဆေးပညာဌာနများနှင့် ဆေးပညာဌာနများမှ ပါမောက္ခ/ ဌာနမှူးများ၊ ပါမောက္ခများ၊ အထူးကုဆရာဝန်ကြီး များ၊ ဆေးရုံအုပ်ကြီးများနှင့် တာဝန်ရှိသူများက ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း ခွဲစိတ်ကုသမှု မပြုလုပ်မီ၊ ပြုလုပ်နေစဉ်နှင့် ပြုလုပ်ပြီးတို့တွင် ဘေးကင်းလုံခြုံရေးနှင့် ရောဂါကူးစက်မှုမရှိစေရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုဆွေးနွေးမှုများ ဆောင်ရွက်ကြသည်။

 

ထိုသို့ အကြံပြုဆွေးနွေးမှုများအပေါ် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် တာဝန်ရှိသူများက ပြန်လည် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကြောင်းသိရသည်။

 

သတင်းစဉ်