ပဲခူး   ၂၀   မေ

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာခန်းမ၌ မေ ၂၀ ရက် နံနက် ၁၀ နာရီက ကိုဗစ်-၁၉ အပါအဝင် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကိုဗစ်-၁၉နှင့်အတူ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အခက်အခဲ များလည်း ရင်ဆိုင်ကြုံတွေ့ဆိုင်မည်ဖြစ်၍ သဘာဝဘေးမဖြစ်မီ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဖြစ်ပွားနေစဉ် ရှာဖွေကယ်ဆယ်ရေးနှင့် နေရာချထားပေးရေး လုပ်ငန်းစဉ်များနှင့် ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ကို ကြိုတင်တွက်ဆ ဆောင်ရွက်ထား ကြရမှာဖြစ်ကြောင်း၊ မိုးကြိုးဘေး၊ လေဘေးတို့အတွက် ဖြစ်ပွားမှုများသော ဒေသများအတွင်း အသိပေး ဆိုင်းဘုတ်များ၊ အသိပညာပေးခြင်းများ ဆောင်ရွက်ထားကြရန် လိုအပ်ကြောင်း၊ သစ်တောသစ်ပင် ပြုန်းတီးမှုကာကွယ်ရေး၊  ပြန်လည်စိုက်ပျိုးရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ပြီး ကျေးရွာများ၌လည်း ကျေးရွာထင်းစိုက်ခင်းများအပြင် ပျိုးဥယျာဉ်များ ထူထောင်ရန်လိုအပ်ကြောင်း၊ သဘာဝဘေးကာလတွင် ငွေကြေးသုံးစွဲမှု ဘဏ္ဍာရေး စည်းမျဉ်းနှင့်အညီ စနစ်တကျ သုံးစွဲသွားရန်နှင့် လုံခြုံရေးစီမံချက်များ ပြန်လည်ရေးဆွဲထားရန်တို့အား လမ်းညွှန်မှာကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာသည့် ဝန်ကြီးများက ရေကြီးနိုင်သည့် ဒေသများရှိ Home Quarantine နေထိုင်သူများအား သီးသန့်နေရာချထားနိုင်ရေး စီစဉ်ဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ကာလအတွင်း နေရပ်ပြန်လာသူများနှင့် သဘာဝဘေးကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကျန်းမာရေးသုံးပစ္စည်းများ ထုတ်ပေးထားရန်၊ ကိုဗစ်-၁၉ နှင့် သဘာဝဘေး ပူးပေါင်းဆောင်ရွက်နိုင်ရေး လုပ်ငန်းတာဝန်များ ထပ်မံဖြည့်ဆည်းရန်တို့အား တင်ပြခဲ့ကြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးခင်မောင်ဆန်းက ရေကြီးနစ်မြုပ် လေ့ရှိသည့် ဒေသများတွင် ပျက်စီးဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရေး ကြိုတင်ဆောင်ရွက်ရမည့် အစီအမံများကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဆွေက ကိုဗစ်-၁၉ ကာလနှင့် သဘာဘေးကာလအတွင်း ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များ ထပ်မံဖြည့်ဆည်း ဆောင်ရွက်ရမည့် အချက်အလက်များကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းဌေးအောင်မှ ဘေးဖြစ်ပွားမှုနှင့် ထောက်ပံ့ပေးမှု အခြေအနေများကို လည်းကောင်း တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ၂၀၂၀ ခုနှစ် မေလ ၂၀ ရက်နေ့အထိ မီးဘေး ၇၄ ကြိမ်၊ ‌‌လေဘေး ၁၀၁ ကြိမ်၊ ကမ်းပြိုဘေး ၅ ကြိမ်၊ မိုးကြိုးဘေး ၁၅ ကြိမ်၊ အခြားဘေး ၃ ကြိမ်၊ စုစုပေါင်း ၁၉၈ ကြိမ် ဘေးဖြစ်ပွားခဲ့ပြီး အိမ်ထောင်စု ၃၅၅၇ စု၊ လူဦးရေ ၁၄၆၆၃ ဦး ဘေးသင့်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဝင်းသိန်း၊ ဝန်ကြီးများ၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်ဆန်းနှင့် တိုင်းဒေသကြီးအဆင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

တင်စိုး(ပဲခူး)