ကျိုင်းတုံ  ဩဂုတ်         ၁၁

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကုသရေး ဆောင်အသစ် ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်ထားမှုအား ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ကျိုင်းတုံတက္ကသိုလ်၊ နမ့်ဘော်ဆောင်ရှိ  ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ ကုသရေးဆောင် သစ်တွင် အတည်ပြုလူနာ ၁၂၆ ဦး ထားရှိကုသပေးနိုင်ရေး ဌာနဆိုင်ရာများ၊ တပ်မတော်သားများ၊  မီးသတ်တပ်ဖွဲ့ဝင်များက ခုတင်၊ ထိုင်ခုံ၊ စားပွဲ၊ အိပ်ယာခင်း၊ စောင်များ Social Distancing ရှိစေရေး စနစ်တကျ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုတို့အား တြိဂံဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်မျိုးမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမင်းသိန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှိုင်းမောင်မောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး လိုအပ်သည့် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ဖြည့်ဆည့်ဆောင်ရွက်ပေးခဲ့သည်။

 

ကျိုင်းတုံတက္ကသိုလ်ဝင်းအတွင်း  ပညာရတနာဆောင်ရှိ Community Based Facility Quarantine Centre နှင့် သဇင်ဆောင်တို့တွင် အတည်ပြုလူနာ ကုသဆောင်ထားရှိဆောင်ရွက်လျက်ရှိပြီး အတည်ပြု လူနာများ ထပ်တိုးရောက်ရှိလာပါက ထားရှိကုသနိုင်ရေး နမ့်ဘော်ဆောင်အား ကုသရေးဆောင်အဖြစ် ကြိုတင်စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ကျိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ တတိယလှိုင်းကာလ မေလတတိယပိုင်းမှ ဩဂုတ် ၁၁ ရက်ထိ အတည်ပြုလူနာ ၄၄၅ ဦး၊ ဆေးရုံဆင်းလူနာ ၁၈၃ ဦး၊ သေဆုံးသူ နှစ်ဦး၊ ကုသဆဲ ၂၆၀ ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို တာဝန်ရှိသူများက အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

 

အောင်ဇင်မြင့်(ပြန်/ဆက်)