မကွေး ၃ သြဂုတ်
ကိုဗစ်-၁၉ စီပွားရေးကုစားမှုအစီအစဉ် CERP (Covid-19 Economic Relief Plan) အရ မကွေးတိုင်း ဒေသကြီး၌ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မည့် မိုးစပါးစိုက်ဧက ၈၀၅၀ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲဝန်းကျင် ထောက်ပံ့ခြင်းကို သြဂုတ် ၈ ရက်မှ စက်တင်ဘာ ၃၀ ရက်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။

“မျိုးသန့်ထုတ်တဲ့အခါမှာ အထွက်ကောင်းမျိုး၊ အရည်အသွေးကောင်းဆိုပြီး မျိုး(၂)မျိုးရှိပါတယ်။ မျိုးပေါ်မူတည်ပြီး တောင်သူကို ထောက်ပံ့တဲ့ပမာဏက နည်းနည်းကွာတယ်။ ထောက်ပံ့တဲ့နေရာမှာ အပိုင်းသုံးပိုင်းခွဲပြီး ပထမက မျိုးနဲ့ စိုက်စရိတ်၊ ဒုတိယက မျိုးကွဲပယ်တဲ့လုပ်ငန်းစဉ်အတွက်၊ တတိယက ရိတ်သိမ်းပြီးတဲ့ လုပ်ငန်းတွေအတွက် ပေးဖို့ဖြစ်ပါတယ်” ဟု မကွေးတိုင်း စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ပြောသည်။
ကိုဗစ်-၁၉ ကြောင့် တောင်သူများ ထိခိုက်နစ်နာမှု မရှိစေရန်၊ စီးပွားရေးပြန်လည်ဖွံ့ဖြိုးလာစေရန်နှင့် အဓိက စားသောက်ကုန် စပါးအထွက်နှုန်းများ တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က ထောက်ပံ့မြှင့်တင်ခြင်းဖြစ်သည်။
“မှတ်ပုံတင် Register Seed တွေနဲ့ မျိုးစေ့ထုတ်ကြတဲ့အခါ စီးပွားဖြစ်ပြန်ဖြန့်နိုင်မယ့် Commercial Seed တွေ ထွက်လာပါမယ်။ ကိုဗစ်အလွန်မှာ တောင်သူလိုအပ်နေတဲ့ မျိုးကောင်းမျိုးသန့်တွေ တိုင်းဒေသကြီး အတွင်းမှာ ဖူဖူလုံလုံ ရရှိလာမှာပါ။ ဌာနကလည်း မျိးစေ့ထုတ်လုပ်ငန်းတွေမှာ နည်းပညာပေးတာကို ကွင်းဆင်းဆောင်ရွက်နေပါတယ်။ မျိုးစေ့ထုတ်လုပ်ငန်းတွေ ဆောင်ရွက်တာ ကလည်း မျိုးစေ့ထုတ်သမဝါယမအသင်း၊ မျိုးစေ့ထုတ်တောင်သူအသင်းတွေ အင်အားကောင်းလာဖို့ပါ” ဟု ညွှန်ကြားရေးမှူး ဦးလင်းမြတ်က ရှင်းပြသည်။
မကွေးတိုင်းဒေသကြီးတွင် မြစ်ရေတင်၊ ဆည်၊ မြေအောက်ရေ၊ မိုးကောင်းသောက် စသည့် ရေရရှိရေး နည်းလမ်းများဖြင့် မိုးစပါးစိုက်ဧက ၆၃၀ဝ၀ဝ ခန့် လျာထားစိုက်ပျိုးလျက်ရှိပြီး ယခုထောက်ပံ့မှုမှာ မျိုးသန့်စပါးထုတ်လုပ်ရေးအတွက်ကိုသာ ရည်ရွယ်ထောက်ပံ့ခြင်းဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရသည်။
ဇေယျတု(မကွေး)