မိတ္ထီလာ ၉ ဇူလိုင်
မိတ္ထီလာမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် Cash for Work စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာ(၂၀)တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူစက်ရောဂါဖြစ်ပွားစဉ် ကာလအတွင်း တွေ့ကြုံရသောအခက်အခဲများအတွက် နိုင်ငံတော်မှ ရေးဆွဲဆောင်ရွက်လျက်ရှိသော ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်တစ်ခုအဖြစ် Cash for Work စီမံကိန်းကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် Cash for Work စီမံကိန်းကို မြို့နယ်အတွင်းရှိ တောင်းကောက်၊ ကန်သာ၊ ကျောက်အိုး၊ ကျေးသာအိုင်၊ ဂွေးချို၊ သပြေကုန်း၊ အိုင်ကြီးလည်၊ ပျော်ဘွယ်၊ တောင်ကုန်း၊ ဆူးဖြူကွက်၊ ညောင်ပင်ကုန်း၊ အင်း၊ ချောင်းနား၊ တပ်ပိုး၊ သီးပင်ခင်း၊ ကံခြား(တောင်)၊ ညောင်အိုင်၊ ဂွေးကုန်း၊ ရေငံ(ရှေ့)၊ ကုန်းတန်း ကျေးရွာတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။
ယင်းသို့ ဆောင်ရွက်ရာတွင် Cash for Work စီမံကိန်းကို ဒေသခံပြည်သူများ သိရှိစေရန် စီမံကိန်း၏ ရည်ရွယ်ချက်၊ အကျိုးကျေးဇူးများကို ၎င်းစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတွင် ရှင်းလင်းခြင်းနှင့် ကော်မတီများဖွဲ့စည်းခြင်းတို့ကို ညွှန်ကြားချက်နှင့်အညီ ဇူလိုင်(၇)နေ့မှ စတင်၍ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးအေးဇော်မြင့်က ပြောကြားခဲ့သည်။
အဆိုပါ Cash for Work စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ် ကျေးရွာဖွံ့ဖြိုးရေး အတွက် လိုအပ်သော အခြေခံအဆောင်အအုံများနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို ကိုယ်တိုင် ဆောင်ရွက်ခြင်းဖြင့် ကျေးလက်နေပြည်သူများ ဝင်ငွေရရှိစေရုံသာမက အခြေခံအဆောက်အအုံများ ဖွံ့ဖြိုး တိုးတက်နိုင်မည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


