နေပြည်တော် ၂၃ ဇူလိုင်

 

နေပြည်တော် ဇေယျာသီရိမြို့နယ် ဝန်ပြန်ကျေးရွာ၌ ဝါးအခြေခံ လက်မှုထည် လက်တွေ့လုပ်ငန်း သင်တန်းကို ဇူလိုင် ၁၆ ရက်မှ ၂၆ရက်အထိ ဖွင့်လှစ်မည်ဖြစ်သည်။

 

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ကျေးလက်နေအခြေခံလူတန်းစားများနှင့် မြို့ပြနေ အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်း တိုးပွားလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇင်လတ်က အမှာစကားပြောကြားသည်။

 

ကျေးလက်နေ အခြေခံလူတန်းစားများနှင့် မြို့ပြနေအခြေခံလူတန်းစားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ တိုးပွားလာစေရန်ဖြစ်ကြာင်း ဆက်လက်လုပ်ကိုင်ကြမည်ဆိုပါက အားလပ်သည့် အချိန်များတွင် အိုးမကွာအိမ်မကွာ လုပ်ကိုင်နိုင်၍ ဝင်ငွေတိုးပွားစေမည်ဖြစ်သည်။

 

"အဆိုပါ ဝါးအခြေခံလက်မှုထည်လုပ်ငန်းမှ ထွက်ရှိလာသောထုတ်ကုန်ပစ္စည်းများကို  ပြည်ပဈေးကွက်ထိ ပို့နိုင်မည်ဆိုပါက အရည်အသွေးကောင်းမွန်သော လက်ရာများအပြင် တာရှည်ခံခြင်း ပိုးမထိုး မှိုမတက်စေရန်လည်း လိုအပ်မှာဖြစ်ပါတယ်။ ကိုဗစ် -၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဖြင့် ဖွင့်လှစ်သော ဝါးအခြေခံလက်မှုထည် လက်တွေ့လုပ်ငန်းခွင်သင်တန်းများမှ ထွက်ရှိလာသည့် ထုတ်ကုန်ပစ္စည်းများကို ဈေးကွက်အတွင်း ဝယ်လိုအား ရောင်းအားရှိသည့် ကုန်သည်များမှတစ်ဆင့် ပစ္စည်းကောက်သူ ဝယ်လက်များနှင့်တစ်ပါတည်းချိတ်ဆက်ပေးထားပါတယ်။ တောရောမြို့ပါ အခြေခံကျကျ အသုံးပြုသည့် ပစ္စည်းများထုတ်ကုန်များဖြစ်၍ သင်တန်းမှထွက်သည့်ထုတ်ကုန်များ အပြင် သင်တန်းပြီးဆုံး၍ သင်တန်းသား/ သူများက ဆက်လက်လုပ်ကိုင် ထုတ်လုပ်ကြမည် ဆိုပါကလည်း ဝယ်လက်များက ထုတ်ကုန်များလာရောက် သိမ်းယူရန်နှင့် ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မယ်ဖြစ်စေရန် ဈေးကွက်ပါရှာပေးချိတ်ဆက်ထားပါတယ်။ ယခုသင်တန်းကာလအတွင်း နှစ်ပေပတ်လည် ဝါးဖျာဒီဇိုင်းအဆင်အကွက်များ လာရောက်မှာယူသူများလည်း ရှိလာပါတယ်" ဟု စက်မှုဌာနခွဲ အသေးစားအလတ်စား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(ရုံးချုပ်) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းသန်းဌေးက ပြောသည်။

 

နမူနာများရက်လုပ်ပေးနိုင်ရန် ဒီဇိုင်းအဆင်အကွက်များ သင်ကြားပေးနေကြောင်း ယင်းဖျာများကို ဟိုတယ်အခန်း မျက်နှာကြက်၊ အခန်းအကာ၊ အလှဆင်နေရာများ၊ စားသောက်ဆိုင် နားနေဆောင်များတွင် အလှဆင်တပ်ဆင်ရန်ဖြစ်ကြောင်း သိရသည်။

 

ထိုအပြင် ရိုးယာလက်မှုလုပ်ငန်း တိမ်ကောပပျောက်မှုမရှိစေရန်နှင့် ဆက်လက်ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရန်အတွက် တစ်ရွာတွင် တစ်ကုန်ထုတ် ထုတ်လုပ်နိုင်ရန်နှင့် MSME ဖွံ့ဖြိုးတိုးတက် လာစေရန်ဆောင်ရွက်ပေးနေကြောင်း၊ ထိုသို့ဆောင်ရွက်ပေးပြီး ပြည်သူများ ထုတ်လုပ်သည့် ဝါးလက်မှု ကုန်ချောထည်များကို ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ကိုပါ ဖော်ဆောင်မည် ဖြစ်သည်။

 

အဆိုပါ ဝါးကုန်ကြမ်းမှ ဝါးလက်မှုကုန်ချောထည်များကို အနုစိတ်လက်မှုထည်ဖြစ်သည့် ပုံစံမျိုးစုံကိုလည်း ပြုလုပ်ရောင်းချနေကြောင်း၊ ထိုထုတ်လုပ်သည့်အနုစိတ်လက်မှုထည်များမှာ မီးအုပ်ဆောင်း၊ နာရီဒိုင်ခွက်၊ ဓာတ်ပုံဘောင်များ၊ တစ်ရှူးဗောက်များ၊ ပန်းသီးထည့်ချင်းများ၊ ဖုန်းတင်စင်များ၊ သစ်သီးထည့်ချင်းများ၊ ဝါးလက်ဗန်းများ၊ နှီးခမောက်များ၊ မီးအိမ်များ၊ ချိတ်ဆွဲနာရီများ၊ ပန်းအိုးများ၊ ရေခွက်များ၊ ခရားအိုးများအပြင် စသည့်လက်မှုကုန်ချောထည်များကိုလည်း ထုတ်လုပ်ပြီး ဈေးကွက်အတွင်းသို့ ရောင်းချလျက်ရှိသည်။

 

ထိုဝါးကုန်ကြမ်းထည်မှ ဝါးလက်မှုကုန်ချောထည်များကို တိုင်းဒေသကြီး/ပြည်နယ်အတွင်း မြို့နယ်များနှင့်ကျေးရွာများမှ ရိုးယာလက်မှုလုပ်ငန်း တိမ်ကောပပျောက်မှုမရှိစေရန်အတွက် ဌာနဆိုင်ရာအချင်းချင်းဖြင့်လည်းကောင်း၊ ဒေသဆိုင်ရာလူမှုအဖွဲ့အစည်းများဖြင့်လည်းကောင်း သင်တန်းဖွင့်လှစ်ရန် ဆက်သွယ်လာပါက ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ဇာခြည်အေး (မြန်မာ့အလင်း)