ခင်ရတနာ
ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန်ပေးနေတဲ့ ကိုဗစ်-၁၉ စောင့်ကြပ်ကြည့်ရှုမှုနဲ့ပတ်သက်တဲ့ သတင်းတွေထဲမှာ စက်တင်ဘာ ၆ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသွားသူ တစ်ဦးရှိခဲ့တာကို ကြားသိလိုက်ရပါတယ်။ ဒါတင်မကသေးပါဘူး။ ဩဂုတ်လလယ်လောက်ကစပြီး ကိုဗစ်-၁၉ အတည်ပြုလူနာသစ်စာရင်းတွေ တိုးလာခဲ့တာ နှစ်ရာခိုင်နှုန်းအထက်ရောက်လာတာမို့ ကိုဗစ်-၁၉ တစ်ကျော့ပြန် သတိပေးခေါင်းလောင်းသံမြည်လာခဲ့တယ်လို့ ဆိုရမှာဖြစ်ပါတယ်။
စက်တင်ဘာလ ၁၇ ရက်နေ့ ည ၈ နာရီထုတ်ပြန်တဲ့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတင်းအချက် အလက်တွေအရ ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် ၃၆၁ ဦး တွေ့ရှိခဲ့ပြီး အဲဒီနေ့အတွက် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ ၂ ဒသမ ၉ ရာခိုင်နှုန်းလို့ သိရပါတယ်။ ဒါ့အပြင် စက်တင်ဘာလ ၁၆ ရက်နေ့က အတည်ပြုလူနာသစ် ၃၀၅ ဦး (၂ ဒသမ ၅၈ ရာခိုင်နှုန်း)၊ စက်တင်ဘာလ ၁၅ ရက်နေ့က အတည်ပြုလူနာသစ် ၂၅၉ ဦး (၂ ဒသမ ၁၉ ရာခိုင်နှုန်း)၊ စက်တင်ဘာလ ၁၄ ရက်နေ့က အတည်ပြုလူနာသစ် ၃၈၄ ဦး (၃ ဒသမ ၁၇ ရာခိုင် နှုန်း) စသည်ဖြင့် ပိုးတွေ့သူအရေအတွက် ပြန်လည် မြင့်တက်လာနေပါတယ်။
မိမိတို့နိုင်ငံမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းဖြစ်တဲ့ အိုမီခရွန်ရောဂါဖြစ်ပွားတာက စတုတ္ထလှိုင်း အစ ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းလောက်က ဖြစ်ပါတယ်။ ပြည်ပကနေ ဝင်ရောက်လာသူတွေ၊ ပြည်တွင်းကူးစက်ခံရသူတွေကို အခုနှစ် ဖေဖော်ဝါရီလ မှာ အများဆုံးတွေ့ရှိခဲ့ရပြီး မတ်လကနေစတင်လို့ တစ်စတစ်စ ပြန်လည်ကျဆင်းလာခဲ့ရာကနေ ဇူလိုင်လကုန်ပိုင်းအထိ ရောဂါထိန်းချုပ်လာနိုင်ခဲ့တာကြောင့် ကူးစက်မှုနှုန်းဟာ သုည ဒသမ ၆၄ ရာခိုင်နှုန်းအထိကို ကျဆင်းလာခဲ့ပါတယ်။ သို့သော်လည်း ဩဂုတ်လအတွင်းကနေစတင်ပြီး ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လာခဲ့ကာ စက်တင်ဘာလ ၁၃ ရက်နေ့အထိဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူ အရေအတွက်က စတုတ္ထလှိုင်းစတင်ခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ကနေ စတင်ရေတွက်မယ် ဆိုပါက လူဦးရေရှစ်သောင်းကျော်ခဲ့ပြီး သေဆုံးသူမှာ ၁၃၃ ဦးအထိ ရှိလာပါတယ်။
ကူးစက်မြန်အိုမီခရွန်
အိုမီခရွန်ကတော့ ကိုဗစ်-၁၉ ရဲ့ မျိုးရိုးဗီဇကွဲ ဖြစ်ပါတယ်။ လူတိုင်းဟာ အိုမီခရွန်ကူးစက်ခံရနိုင် ပါတယ်။ အခြားမျိုးရိုးဗီဇကွဲတွေထက် လျင်လျင်မြန်မြန် ကူးစက်တတ်တဲ့ အမျိုးအစားဖြစ်ပါတယ်။ အိုမီခရွန်ဟာ ရောဂါလက္ခဏာမပြဘဲ ကူးစက်နိုင်ပြီး မပြင်းထန်တဲ့ ကိုဗစ်-၁၉ အခြေအနေကနေ ပြင်းထန်တဲ့ ဖျားနာခြင်းတွေ၊ အသက်သေဆုံးခြင်းတွေ ဖြစ်စေနိုင်ပါတယ်။ အသက်အရွယ်ကြီးသူတွေ၊ ရောဂါအခံရှိသူတွေနဲ့ ကာကွယ်ဆေးမထိုးနှံရ သူတွေမှာ ဖြစ်ပွားဖို့ရော၊ ကုသဖို့ရော ခက်ခဲပြီး အသက်သေဆုံးနိုင်ပါတယ်။ ဒါကြောင့် အိုမီခရွန်က မပြင်းထန်ဘူးလို့ဆိုရင်တောင် ကိုယ်ခံအားနည်းသူ တွေ၊ ကာကွယ်ဆေးမထိုးနှံသူတွေနဲ့ ရောဂါအခံရှိသူတွေအဖို့တော့ အသက်သေဆုံးနိုင်တယ်ဆိုတာကို မေ့လျော့ပေါ့ဆထားလို့မရဘူးဆိုတာ နေ့စဉ်ထုတ်ပြန်ချက်တွေအရ သတိပြုနိုင်ပါတယ်။
ဒါ့အပြင် အိုမီခရွန်က သူ့ရဲ့ပြုမူပုံပေါ်မူတည်ပြီး ဗီဇပြောင်းလဲမှုများစွာ သက်ရောက်နိုင်တဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ ဗိုင်းရပ်စ်မျိုးကွဲတစ်ခုလည်း ဖြစ်ပါတယ်။ လက်ရှိမှာတော့ အိုမီခရွန်မျိုးစိတ်ကွဲ BA.4 နဲ့ BA.5 တို့ကို အများဆုံးတွေ့ရပါတယ်။ မြန်မာနိုင်ငံအပြင် ဒေသတွင်းနိုင်ငံတွေမှာလည်း လူနာအရေအတွက် သိသိသာသာများပြားနေတာကို တွေ့ရှိရပြီး နယ်စပ်ဂိတ်အချို့၊ ဝင်ပေါက် ထွက်ပေါက်အချို့ ပိတ်တာ၊ ကိုဗစ်စင်တာတွေ ပြန်ဖွင့်တာတွေကိုလည်း ပြန်လည်လုပ်ဆောင် ထားကြတဲ့အပြင် စာသင်ကျောင်းတွေအနေနဲ့ လိုအပ်လာရင် အွန်လိုင်းကနေ သင်ကြားနိုင်စေဖို့ စီမံနေကြတဲ့ သတင်းတွေကိုလည်းတွေ့ရှိရပါတယ်။
ကူးစက်မှုနှုန်းတက်လာ
တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူဦးရေတွေအနက် ရန်ကုန်တိုင်း ဒေသကြီးက ပထမအများဆုံးဖြစ်ပြီး ကရင်ပြည်နယ်က ဒုတိယတွေ့ရှိမှု အများဆုံး၊ မန္တလေးတိုင်းဒေသ ကြီးက တတိယတွေ့ရှိမှု အများဆုံးဖြစ်ပါတယ်။ အိုမီခရွန်ကူးစက်ပုံက အရင် ကိုဗစ်-၁၉၊ ဒယ်လ်တာ တို့ ကူးစက်သလိုပါပဲ။ ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့တံတွေးအစအနတွေ၊ ရောဂါပိုးရှိသူကိုင်တွယ်ထားတဲ့ ပစ္စည်းတွေ၊ အများသုံးဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ၊ အများသုံး အသုံးအဆောင်တွေ၊ ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့မိတာတွေကနေတစ်ဆင့် ကူးစက် နိုင်ပါတယ်။
ပညာရှင်တွေရဲ့အဆိုအရကတော့ အိုမီခရွန်က ကူးစက်မှုနှုန်းအမြန်ဆုံး ကိုဗစ်-၁၉ မျိုးကွဲဖြစ်ပေမယ့် သေဆုံးမှုနှုန်း၊ ရောဂါပြင်းထန်မှုနှုန်းနည်းမယ်လို့ ယူဆကြပါတယ်။ သို့သော်လည်း ကာကွယ်ဆေး မထိုးထားသူ၊ ကိုဗစ်ဖြစ်ဖူးထားသူနဲ့ အသက်ကြီးရင့်သူ၊ ရောဂါအခံရှိသူတွေအဖို့ကတော့ သေဆုံးနှုန်း လျော့ကျသွားနိုင်မှာမဟုတ်ပါဘူး။ မိမိတို့နိုင်ငံမှာ စက်တင်ဘာလ ၁၃ ရက်နေ့အထိ ကိုဗစ်-၁၉ ဓာတ်ခွဲ အတည်ပြုလူနာစုစုပေါင်းက ၆၁၇၃၅၅ ဦးရှိနေပြီး ယနေ့အထိ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေ အတွက်ကတော့ ၁၉၄၄၃ ဦးအထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ကာကွယ်ဆေးထိုးနှံရန်လိုအပ်
မြန်မာနိုင်ငံမှာ စတုတ္ထလှိုင်းကာလအစ ဇန်နဝါရီလကုန်ပိုင်းကနေ ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာတွေရဲ့ ဆေးထိုးနှံမှုအခြေအနေတွေအပေါ် ဆန်းစစ်ချက်တွေအရ ရောဂါဖြစ်ပွားသူတွေရဲ့ ၈၀ ရာခိုင်နှုန်းက ကာကွယ်ဆေးထိုးနှံမှုလုံးဝမရှိဘဲ ဖြစ်ပွားသူတွေ အားလုံးရဲ့ ၁၆ ရာခိုင်နှုန်းနီးပါးက ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံထားသူတွေဖြစ်ကြပါတယ်။ ဖြစ်ပွား သူတွေအားလုံးရဲ့ လေးရာခိုင်နှုန်းက ကာကွယ်ဆေးအပြည့်ထိုးနှံကြသူတွေဖြစ်ပြီး သုည ဒသမ ၁ ရာခိုင် နှုန်းကတော့ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံထားကြသူတွေဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလိုပါပဲ။ ကိုဗစ်-၁၉ ကြောင့် သေဆုံးရသူတွေအနက် ကာကွယ်ဆေးမထိုးရသေးသူက ၈၄ ဒသမ ၁ ရာခိုင်နှုန်းပါဝင်ပြီး ၁၄ ဒသမ ၄ ရာခိုင်နှုန်းကတော့ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံကြသူတွေဖြစ်ပါ တယ်။ သေဆုံးသူများအနက် ၁ ဒသမ ၅ ရာခိုင် နှုန်းကတော့ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးသူတွေပဲ ဖြစ်ပါတယ်။ ဆန်းစစ်ချက်တွေအရ ကာကွယ်ဆေးထိုးနှံထားသူတွေက ရောဂါဖြစ်ပွားမှု၊ သေဆုံးမှုတွေကို လျှော့ချနိုင်တာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကာကွယ်ဆေးမထိုးရသေး သူတွေက အမြန်ဆုံးထိုးနှံကြဖို့ လိုအပ်ပြီး နှစ်ကြိမ် ပြည့်မြောက်သူတွေအနေနဲ့လည်း ထပ်ဆောင်းကာကွယ်ဆေးကို ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ အထူးသဖြင့် အသက်ကြီးသူတွေနဲ့ နာတာရှည် ရောဂါအခံရှိသူတွေကမဖြစ်မနေ ကာကွယ်ဆေး ထိုးနှံကြရမှာပါ။
ပူးပေါင်းကာကွယ်ပါ
ကိုဗစ်-၁၉ ရောဂါက တစ်ကြိမ်မက ထပ်မံဖြစ်ပွားနိုင်ပြီး အထူးသဖြင့် အိုမီခရွန်က ကူးစက်လွယ်ကာ ခုခံအားစနစ်ကို ကျော်လွှားနိုင်တဲ့အတွက် ကိုဗစ်-၁၉ ဖြစ်ဖူးသူတွေကလည်း ပေါ့ပေါ့ဆဆမနေ သင့်ဘဲ အရင်လို လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ခြင်းနဲ့ ကူးစက်ခံရနိုင်တဲ့ အခြေအနေရှိလာရင် ဒါမှမဟုတ် ကူးစက်ခံရပြီလို့ သံသယရှိပြီဆိုတာနဲ့ စစ်ဆေးအတည်ပြုဖို့နဲ့ သီးသန့်ခွဲခြားနေထိုင်ကြပါလို့ သတိပေးလိုပါတယ်။
လူအများစုဝေးရာနေရာတွေဖြစ်တဲ့ ရုံး၊ ဈေး၊ လေဆိပ်၊ ကားဂိတ်၊ စာသင်ကျောင်း၊ ဘုန်းကြီး ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ ဘိုးဘွားရိပ်သာတွေ၊ စက်ရုံ၊ အလုပ်ရုံတွေ၊ ဆေးရုံ/ဆေးခန်းတွေ စတဲ့နေရာတွေကို သွားလာရာမှာ ကျန်းမာရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တားဆီးရေးဆိုင်ရာ သတ်မှတ်ချက်တွေကိုလည်း လိုက်နာပေးကြရမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ ဌာနအသီးသီးကလည်း ကျန်းမာရေးသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် နေထိုင်ကြဖို့ ပညာပေးလုပ်ငန်းတွေ အရှိန်မြှင့်နေကြသလို လိုက်နာဆောင်ရွက်ကြဖို့ စီမံဆောင်ရွက်နေပြီဖြစ်ပါတယ်။
မိမိတို့နိုင်ငံက ကိုဗစ်-၁၉ ရဲ့ ဖြစ်ပွားမှုလှိုင်း အဆင့်ဆင့်ကို ဖြတ်ကျော်ခဲ့ကြပြီးပါပြီ။ လုံလောက်တဲ့ ကာကွယ်ဆေးတွေ ရရှိနိုင်ဖို့အတွက် နိုင်ငံတော်က ကြိုးပမ်းဖြည့်ဆည်းခဲ့သလို အခြားသော ကုသရေးဆိုင်ရာ လိုအပ်ချက်တွေ၊ ဆေးဝါးနဲ့ ဆေးပစ္စည်းတွေကိုလည်း ပြတ်လပ်မှုမရှိ၊ လိုအပ်မှု မရှိအောင် စီမံဆောင်ရွက်ပေးမှု၊ ကျန်းမာရေးစောင့်ရှောက်ပေးသူ ဆရာဝန်၊ သူနာပြုတွေရဲ့ ကူညီ ဖေးမမှုနဲ့အတူ ပြည်သူတွေက ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ သတ်မှတ်ချက်၊ စည်းကမ်း ချက်တွေအပေါ် တိကျစွာလိုက်နာမှုတွေကြောင့် တစ်ကျော့ပြန်ကိုဗစ်-၁၉ ကိုလည်း မကြာမီကာလ အတွင်းမှာပင် အကောင်းဆုံးကျော်ဖြတ်နိုင်မယ်လို့ ယုံကြည်မိပါကြောင်း။ ။