ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်သူများအား နေ့စဉ်မပြတ် အထပ်ထပ် သတိပေးလျက်ရှိသည်။ "ဒုတိယကိုဗစ်-၁၉ လှိုင်းဟာ ပထမထက်ဆိုးဖို့များတယ်လို့ လေ့လာထားသူတွေက သုံးသပ်ပါကြောင်း၊ မိမိတို့ပထမလှိုင်းကို ကျော်လွှားနိုင်ခဲ့တာလည်း လွယ်လွယ်နဲ့မဟုတ်ပါကြောင်း၊ ငွေအင်အား၊ လူအင်အား၊ စိတ်ဓာတ်အင်အား၊ အင်အားအမျိုးမျိုး ရင်းနှီးခဲ့ရပါကြောင်း၊ ဒီရင်းနှီးမှုတွေ အဟောသိကံ မဖြစ်သွားဖို့ မိမိတို့စိတ်အင်အားတွေ အဆက်မပြတ်ထုတ် ရဦးမည် ဖြစ်ပါကြောင်း" နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က အသိပေး ထားသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား ကျန်းမာရေးဆိုင်ရာ စည်းမျဉ်း၊ စည်းကမ်းများ ကြပ်ကြပ်မတ်မတ်ထုတ်ပြန်ပြီး ရောဂါကာကွယ်ရေးကို ဆောင်ရွက်လာသည်မှာ အချိန်ကာလ သုံးလနီးပါးသာ ရှိသေးသည်။ ရောဂါကာကွယ်ရေးအတွက် နိုးနိုးကြားကြား တက်တက်ကြွကြွ ဆောင်ရွက်နိုင်သဖြင့် ပြည်တွင်း၌ ပြည်သူအချင်းချင်း ရောဂါကူးစက်မှုကို ထိန်းထားနိုင်ခဲ့သည်။ သေဆုံးသူအရေအတွက်ကိုလည်း ထိန်းချုပ်ထား နိုင်ခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာများအနက် ဆေးကုသမှုခံယူကာ ရောဂါပိုးကင်းစင်သူ သုံးပုံနှစ်ပုံရှိသဖြင့် ကိုဗစ်-၁၉ ပထမလှိုင်းကို ကျော်ဖြတ်နိုင်ခဲ့ပြီဟု ဆိုရမည်ဖြစ်သည်။

 

သို့သော် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် သတိပေးထားသကဲ့သို့ ဒုတိယကိုဗစ်-၁၉ လှိုင်းသည် ပထမလှိုင်းထက် ပို၍ ဆိုးရန်အလားအလာရှိသည့် လက္ခဏာများ မြင်တွေ့လာရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ကန့်သတ်မှုများရှိနေသေးသော်လည်း ပထမလှိုင်းကို ကျော်ဖြတ်နိုင်သဖြင့်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားကို ရှေးရှုသဖြင့်လည်းကောင်း လှုပ်ရှားသွားလာလုပ်ကိုင်မှုများ၌ ဖြေလျှော့ပေးမှုများ ပြုလုပ်လျက်ရှိရာ မိမိတို့၏ဆန္ဒများကို ဦးစားပေး၍ အကာအကွယ်များမပြုလုပ်ဘဲ စိတ်ရှိသလိုနေ၊ သွားချင်သလို သွားလာနေကြ သည်မှာ အန္တရာယ်ကိုဖိတ်ခေါ်နေသကဲ့သို့ ဖြစ်နေပေသည်။

 

ယခုအခါ ကိုဗစ်-၁၉ စိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်ပြီဟု တရားဝင် ကြေညာခဲ့သည့်နိုင်ငံအချို့တွင် ကိုဗစ်-၁၉ ရောဂါ ပြန်လည်ခေါင်းထောင်လာသည်ကို စိုးရိမ်ထိတ်လန့်ဖွယ် ကြားသိနေရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ အိမ်နီးချင်းမိတ်ဆွေနိုင်ငံများ၌ ယခုရက်ပိုင်းတွင် ကိုဗစ်-၁၉ ရောဂါအစုလိုက် စံချိန်တင်ကူးစက်မှုများ ဖြစ်ပွားနေ သည်ကို မြင်တွေ့ကြားသိနေရသဖြင့် မြန်မာနိုင်ငံအနေဖြင့်လည်း မဖြစ်မီက သတိထားဆင်ခြင် လုပ်ကိုင်နေထိုင် ကြရမည် ဖြစ်သည်။

 

အိမ်နီးချင်း အိန္ဒိယနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါတစ်စတစ်စ မြင့်မား ဖြစ်ပွားလျက်ရှိပြီး လွန်ခဲ့သည့် ၂၄ နာရီအတွင်း နိုင်ငံတစ်ဝန်း၌ ကိုဗစ်-၁၉ရောဂါကြောင့် ထပ်မံသေဆုံးသူ တစ်ရက်တည်း ၂၀၀၃ ဦးရှိခဲ့ကာ တစ်ရက်တည်း ထပ်မံ ကူးစက်ခံရသူပေါင်း တစ်သောင်းကျော်ရှိသည်ဟု သိရှိရသည်။ တစ်ကျော့ပြန်ဖြစ်ပွားလာသော ကိုဗစ်-၁၉ ဖြစ်စဉ်အတော်များများကို တရုတ်နိုင်ငံရှိ အခြားပြည်နယ်များတွင်လည်း တွေ့ရှိလာရသည်။ တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို ၅၇ ရက်ဆက်တိုက်ဖြစ်ပွားခြင်းမရှိဘဲ ယခုရုတ်တရက် တစ်ကျော့ပြန် ကူးစက်ဖြစ်ပွားလာခြင်း ဖြစ်သည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်မားနေဆဲဖြစ်သည်ကို ကြားသိနေရသည်။

 

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါမှာ ပြည်တွင်း၌ ကူးစက်မှုမရှိသလောက်ဖြစ်ပြီး ပြည်ပမှ ပြန်လည်ဝင်ရောက် လာသူများတွင်သာ တွေ့ရသည်။ ပြည်သူများအနေဖြင့် ရောဂါကူးစက်မှုနည်းသည်၊ များသည်ကို အကြောင်းပြု၍ ပေါ့ပေါ့ဆဆ သတိမမူဘဲ၊ မူလနေမြဲအတိုင်း၊ မိမိတို့ စိတ်ဆန္ဒအတိုင်း အကာအကွယ်မယူဘဲ နေချင်သလိုနေ၊ သွားချင်သလိုသွား၊ လုပ်ချင်သလို လုပ်ကိုင်နေကြပါက ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်သည် မိမိတို့ထံ အချိန်မရွေးရောက်ရှိလာနိုင်သည်ကို သတိချပ် ရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ကိုဗစ်-၁၉ ဒုတိယလှိုင်းအန္တရာယ်ကို အထူးသတိမူ၍ ရောဂါကင်းရှင်းရေးအတွက် စိတ်အင်အားများ မွေးမြူကာ ကျန်းမာရေးဆိုင်ရာ လိုက်နာရမည့် သတ်မှတ်ထားသည့်စည်းမျဉ်း၊ စည်းကမ်းများကို မပေါ့မဆ အထူးသတိပြုလိုက်နာကြပါရန် အလေးအနက် တိုက်တွန်းအပ်ပါကြောင်း။    ။

ကြေးမုံ