ရန်ကုန် ၁၃ ဇူလိုင်
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန သို့ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတ နိုင်ငံအစိုးရ၊ Telecom International Myanmar Co., Ltd (Mytel)နှင့် The Bank of Investment and Development of Vietnam (BIDV) တို့မှ အလှူငွေနှင့် Face Masks များ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီခွဲ က ရန်ကုန်မြို့ ဒဂုံမြို့နယ် ဇီဝကလမ်း အမှတ်(၅)ရှိ ဆေးသုတေသနဦးစီးဌာန (ရုံးချုပ်) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံ သံအမတ်ကြီး Mr. Ly Quoc Tuan က လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍ အမှာစကား ပြောကြားပြီး ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။
ထို့နောက် ဆေးသုတေသနဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း ထံ သံအမတ်ကြီး Mr. Ly Quoc Tuan၊ Telecom International Myanmar Co., Ltd (Mytel)နှင့် The Bank of Investment and Development of Vietnam (BIDV) တို့မှ တာဝန်ရှိသူတို့က အလှူငွေနှင့် Face Masks များ ပေးအပ်လှူဒါန်းပြီး ညွန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်း က ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်သည်။
ယနေ့ လှူဒါန်းပွဲတွင် လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ဗီယက်နမ်ဆိုရှယ်လစ် သမ္မတနိုင်ငံအစိုးရက အမေရိကန်ဒေါ်လာ ငါးသောင်း၊ ဆေးသုတေ သနသဦးစီးဌာနသို့ International Myanmar Co., Ltd (Mytel) က အမေရိကန်ဒေါ်လာ ငါးထောင်နှင့် Face Masks သုံးသောင်း၊ The Bank of Investment and Development of Vietnam (BIDV)က ငွေကျပ် သိန်းနှစ်ဆယ် ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
(သတင်းနှင့်ဓာတ်ပုံ/ မင်းသစ်(MNA)


