mdn

နေပြည်တော် ဇူလိုင် ၂၈

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့် သွင်းကုန်လိုင်စင် လျှောက်ထားခြင်းကို ယာယီကင်းလွတ်ခွင့် ပြုပေးခြင်းနှင့် နယ်စပ်ဒေသများမှ တင်သွင်းရာတွင် လွယ်ကူ အဆင်ပြေစေရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများ ရုံးပိတ်ရက်မရှိ ဖွင့်လှစ်၍ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပုံမှန် Online စနစ်ဖြင့် ဆောင်ရွက် လျက်ရှိသည့် အခြားကုန်စည်များအတွက် အများပြည်သူ အလုပ်ပိတ်ရက်ရှည်ဖြစ်သည့် ဇူလိုင် ၂၆ ရက်မှ ဩဂုတ် ၁ ရက်အထိ ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုများကို ကုန်သွယ်ရေးဦးစီးဌာန(ရုံးချုပ်) ပို့ကုန်သွင်းကုန် လုပ်ငန်းဌာနခွဲနှင့် ပို့ကုန်သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိရာ ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ပို့ကုန်လိုင်စင် အစောင် (၂၀)၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၄၅၆) သန်းနှင့် ဆေးနှင့် ဆေးပစ္စည်းအတွက် သွင်းကုန်လိုင်စင် (၅၆) စောင်၊ တန်ဖိုး အမေရိကန် ဒေါ်လာ (၆) သန်း အပါအဝင် သွင်းကုန်လိုင်စင် (၂၇၇) စောင်၊ တန်ဖိုး အမေရိကန်ဒေါ်လာ (၃၁၈) သန်း ခွင့်ပြုထုတ်ပေးထားပြီး ဖြစ်ကြောင်း သိရသည်။

ရုံးပိတ်ရက်ကာလအတွင်း ကုန်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ထုတ်ပြန်ထားသည့် အသိပေးကြေညာချက်များ၊ တာဝန်ရှိသူများ ညှိနှိုင်းထားသည့် SOP များနှင့် အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိသည်။

ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ Oxygen Concentrator (၃၀၆၃) ခု၊ Test Kit (၁၅၂၅၀) တို့အပါအဝင် မူဆယ်၊ မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ် ကုန်သွယ်ရေး စခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် (၁) စီးဖြင့် တန် (၂၀)၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) (၂၉) တန်၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၃၃၀၂) ခု၊ နှာခေါင်းစည်း (Mask) (၂၁) တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ (၂၆) ခု မှ ယာဉ်စီးရေ (၃၆) စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ၂၈ ရက်အထိ ယာဉ်စီးရေ(၅၄၉)စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် (၆၃၁) တန်၊ အောက်ဆီဂျင်အရည်(အိုးဖြင့်) (၄၉၄) တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) (၁၀၆) တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (၄၄၆၈၄)ခု၊ Test Kit (၂၇၅၇၇၈) ခု၊ နှာခေါင်းစည်း (Mask) (၇၉၇) တန်၊ Oxygen Plant (၅) ခု၊ Oxygen Generator (၉) ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။

သတင်းစဉ်