နေပြည်တော် ဇူလိုင် ၂၆
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ် လျက်ရှိသည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင် ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို အများပြည်သူရုံး ပိတ်ရက် များတွင် ပြတ်လပ်မှုမရှိစေရန် ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများ နှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆက်မပြတ် တင်သွင်းခွင့် ပြုလျက်ရှိသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှစ၍ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများကို ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိရာ အများပြည်သူ အလုပ်ပိတ်ရက်ရှည်အဖြစ် သတ်မှတ်ထားသည့် ကာလအတွင်း အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများသည် ညှိနှိုင်းထားသည့် SOP များနှင့်အညီ လွယ်ကူမြန်ဆန်နိုင်ရေးအတွက် ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၃၁၈၂ လုံး၊ Test Kit ၅၀၀၀ တို့ အပါအဝင် မြဝတီ၊ ချင်းရွှေဟော်၊ ကော့သောင်း၊ တာချီလိတ်ကုန်သွယ်ရေးစခန်းများမှအောက်ဆီဂျင် အရည် (Bowser) ယာဉ် (၁)စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) ၄၅ တန်၊ အိမ်သုံးအောက်ဆီဂျင်စက် (Oxygen Concentrator) ၄၂၀၅ ခု၊ Test Kit ၅၀၀၀၊ နှာခေါင်းစည်း (Mask) ၂၈ တန်၊ PPE ဝတ်စုံ ၁၀၃၄၀ တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၇ ခုမှ ယာဉ်စီးရေ ၃၉ စီးဖြင့် တင်သွင်းလာခြင်း ဖြစ်ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု စတင်မြင့်တက်လာသည့် ဇူလိုင် ၁၂ ရက်မှ ယနေ့အထိ ယာဉ်စီးရေ ၄၆၄ စီး ဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၅၅၃ တန်၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် ၄၃၀၊ အောက်ဆီဂျင်ဓါတ်ငွေ့ (အိုးဖြင့်) ၁၀၄တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၃၅၀၈၇ ခု၊ Test Kit ၂၅၀၈၆၈ ခု၊ နှာခေါင်းစည်း (Mask) ၆၉၄ တန်၊ Oxygen Plant ၄ ခု၊ Oxygen Generator ၉ ခု တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

အများပြည်သူ ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေငြာထားသည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက် အထိ ရုံးပိတ်ရက်များတွင်လည်း ပို့ကုန်သွင်းကုန် လိုင်စင်လျှောက်ထားမှုများကို ကုန်သွယ်ရေးဦးစီး ဌာန (ရုံးချုပ်) ပို့ကုန် သွင်းကုန်လုပ်ငန်းဌာနခွဲနှင့် ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပို့ကုန် သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၁၂/၂၀၂၁) ဖြင့် ဇူလိုင် ၁၂ ရက်မှစ၍ သွင်းကုန်လိုင်စင်လျှောက်ထားရယူရန် မလိုအပ်ဘဲ (၃) လယာယီ ဖြေလျှော့၍ တင်သွင်းခွင့်ပြုကြောင်း အသိပေး ထုတ်ပြန်ထားသော ကုန်စည်များတင်သွင်းရာတွင် လုပ်ငန်းရှင်များ လွယ်ကူအဆင်ပြေစေရေးအတွက် 2017 Customs Tariff of Myanmar အရ ၎င်း ကုန်စည်များနှင့် သက်ဆိုင်သော HS Code လိုင်းများ ကို ပို့ကုန် သွင်းကုန်နှင့် ပတ်သက်သည့်သတင်းလွှာ (၁၃/၂၀၂၁) ကို ဇူလိုင် ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ် - ၁၉ ကူးစက်ရောဂါ ကာကွယ် ကုသရေးပစ္စည်းများ တင်သွင်းရာတွင် လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာတာဝန်ရှိသူများထံ တိုက်ရိုက် ဆက်သွယ်နိုင်ရေးအတွက် ဌာနများ အလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person)များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် Commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
သတင်းစဉ်