နေပြည်တော်၊ ဩဂုတ် ၂၇
နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အရေးတကြီးလိုအပ်လျက် ရှိသည့် အောက်စီဂျင်အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင် စက်နှင့်ဆေးဝါးနှင့် ဆက်စပ် ပစ္စည်းများ ပြတ်လပ်မှုမရှိစေရန် အများပြည်သူ ရုံးပိတ်ရက်များတွင် လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ် ကုန်သွယ်ရေးစခန်းများမှ စဉ်ဆက်မပြတ် တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ဆိပ်ကမ်းများနှင့် မူဆယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ၊ မြဝတီ၊ တာချီလိတ်၊ ထီးခီးကုန်သွယ်ရေးစခန်း (၆) ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၂၅) ခုမှ ယာဉ်စီးရေ(၅၀) ဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၄)စီးဖြင့် (၆၉) တန်၊ အောက်ဆီဂျင် (အရည်)အိုးဖြင့် (၂၁) တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၃၁၇၃)ခု၊ အောက်ဆီဂျင် Plant (၇) ခု၊ အိမ်သုံး Oxygen Concentrator (၉၁၉) ခု၊ Covid Test Kit (၄၁၀၄) ခု၊ PPEဝတ်စုံ(၄၈၀၀)နှင့် နှာခေါင်းစည်း (Mask)(၂၅) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင်အရည် (Bowser)ယာဉ်(၄)စီးတွင် မန္တလေးမြို့၊ ပဲခူးမြို့၊ ရန်ကုန်မြို့နှင့် နေပြည်တော်သို့ဖြစ်ပြီး Oxygen Plant(၇)ခုမှာ ရန်ကုန်မြို့သို့ (၃) ခုနှင့် မန္တလေးမြို့သို့(၂)ခု၊ မြင်းခြံမြို့နှင့် စစ်တွေမြို့တို့သို့ (၁) ခုစီဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများတင်သွင်းရာတွင် လွယ်ကူမြန်ဆန် နိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့် တာဝန်ခံ (Contact Person) များကိုလည်း ဝန်ကြီးဌာန Website ဖြစ်သည့် commerce. gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
(သတင်းစဉ်)


