နေပြည်တော်  ၂၇  ဧပြီ

 

ပညာရေးဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အထောက်အကူပြု စက်ပစ္စည်းများကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမ၌ လာရောက်လှူဒါန်းရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး လက်ခံ ရယူသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် နှင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသူများ Video Conferencing ဖြင့် ပြောဆိုဆွေးနွေးကြရာတွင် ဝေဘာဂီအထူးကုဆေးရုံမှ တာဝန်ရှိသူများက လူနာခန်းများသို့ ပစ္စည်းများ ပေးပို့ရန်နှင့် ပိုးသတ်သန့်စင်ရေးလုပ်ငန်းများကို အလိုအလျှောက်ဆောင်ရွက်သည့် စက်ပစ္စည်းများလိုအပ်သည်ကို တင်ပြခဲ့ပါကြောင်း၊ ထိုကဲ့သို့သော လိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနနှင့် နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနတို့ရှိ တက္ကသိုလ်များမှ ကျောင်းအုပ် ကြီးများ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပညာရှင်များက အလိုအလျှောက် (autopilot) နှင့် အဝေးထိန်း (remote controlled) စက်ပစ္စည်းများကို ကြိုးပမ်းဆန်းသစ်တီထွင် ဆောင်ရွက်ခဲ့ပါ ကြောင်း၊ ယခုကဲ့သို့ ပစ္စည်းကိရိယာများ မှာယူရန် နှင့်ဝယ်ယူရန် ခက်ခဲနေချိန်တွင် ထိုသို့ဆောင်ရွက် နိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်း ကိရိယာများရရှိရန်နှင့် ရရှိသည့် ပစ္စည်းများဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် အထောက်အကူပြုစက်ပစ္စည်းများကို ပညာရှင်များက ဆန်းသစ်တီထွင် ပေးခဲ့ပါကြောင်း။

 

ယခု အထောက်အကူပြု စက်ပစ္စည်းများကို ပြုပြင်ထိန်းသိမ်းရန်နှင့် ပိုမိုအသုံးတည့် စေရေးမွမ်းမံရာတွင်လည်း ပညာရေးဝန်ကြီးဌာနမှ ပညာရှင်များက ဆက်လက်ပူးပေါင်း ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ယခုလှူဒါန်းသည့် စက်ပစ္စည်းကိရိယာများသည် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှုလုပ်ငန်းများအတွက်သာမက ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်စဉ်ပြီး မြောက်ပြီး နောက်တွင်လည်း အခြားကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများအတွက်ပါ အထူးအသုံးဝင်မည် ဖြစ်ပါကြောင်း၊ လူနာခန်းများသို့ ဆေးနှင့်ဆေးပစ္စည်းများ၊ အစားအသောက်များပေးပို့ရန်နှင့် ပိုးသတ်သန့်စင်ရေး လုပ်ငန်းများကို အလိုအလျှောက် ဆောင်ရွက်သည့် စက်ပစ္စည်းများသည် COVID-19 ကုသမှုပေးနေသည့် လုပ်ငန်းဆောင်ရွက်နေ သူများ၏ လုပ်အားနှင့် အချိန်တို့ကို သက်သာစေမည်ဖြစ်သဖြင့် ပိုမိုအရည်အသွေးပြည့်ဝသည့် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ရန်အတွက် အချိန်ပိုမိုပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ထိုသို့ ဆန်းသစ်တီထွင်မှုများ ပြုလုပ်နိုင်ရန်အတွက် ပညာရှင်များအား အခွင့်အလမ်းများ ပေးအပ်ခဲ့သည့် ပညာရေးဝန်ကြီးဌာနကိုလည်း ကျေးဇူးတင်ရှိပါကြောင်း၊ ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ဆေးရုံများတွင်သာမက အခြားသော ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် အသုံးပြုရန်အတွက် လိုအပ်ချက်များနှင့် ကိုက်ညီသည့် အလိုအလျှောက် (autopilot)နှင့် အဝေးထိန်း (remote controlled) စက်ပစ္စည်းများနှင့် ဒရုန်းများကို ပညာရေး ဝန်ကြီးဌာနမှ ဝယ်ယူသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လှူဒါန်းမှုများကို လက်ခံပြီး ဂုဏ်ပြုလွှာများ ပြန်လည်ပေးအပ်သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးနှင့် တာဝန်ရှိသူများသည် အဝေးထိန်းပစ္စည်းသယ်ဆောင်စက် (remote controlled trolley) များနှင့် အဝေးထိန်း ပိုးသတ်သန့်စင်ဆေးဖြန်းစက် (remote controlled spray-cleaner) များ စမ်းသပ်ပြသမှုများ၊ အသံချဲ့စက် တပ်ဆင်ထားသည့် ဒရုန်း (speaker-delivery & monitoring drone)နှင့် အလိုအလျှောက် ပိုးသတ်သန့်စင် ဆေးဖြန်းဒရုန်း (autopilot sprayer drone) စမ်းသပ် ပျံသန်းပြမှုတို့ကို ကြည့်ရှုသည်။

 

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် အဝေးထိန်းပစ္စည်း သယ်ဆောင်စက် (remote controlled trolley)၊ အဝေးထိန်း ပိုးသတ်သန့်စင်ဆေး ဖျန်းစက် (remote controlled spray-cleaner)၊ အသံချဲ့ စက်တပ်ဆင်ထားသည့်ဒရုန်း (speaker-delivery & monitoring drone)နှင့် အလိုအ လျှောက် ပိုးသတ်သန့်စင်ဆေးဖျန်းဒရုန်း (autopilot sprayer drone) တို့ကိုလည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ် (TUM) က အဝေးထိန်း ပစ္စည်းသယ်ဆောင်စက် (remote controlled trolley) ကိုလည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရစက်မှုလက်မှု သိပ္ပံ (ပြင်ဦးလွင်) က အဝေးထိန်း ပစ္စည်းသယ်ဆောင်စက် (remote controlled trolley) ကို လည်းကောင်း၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ စက်မှုနည်းပညာ၊ လေ့ကျင့်သင်တန်းကျောင်း (SITE)၊ အစိုးရစက်မှုလက်မှုသိပ္ပံ (အင်းစိန်)နှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (ရွှေပြည်သာ) တို့က အဝေးထိန်းပစ္စည်းသယ်ဆောင် စက် (remote controlled trolley) ကို လည်းကောင်း၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရန်ကုန်နည်းပညာတက္ကသိုလ်က အလိုအ လျှောက်ပစ္စည်း သယ်ဆောင်စက် (trolley robot TR 201) ကိုလည်းကောင်း၊ အဆင့်မြင့် ပညာဦးစီးဌာန၊ မန္တလေးနည်းပညာတက္ကသိုလ် (MTU) က အလိုအလျှောက်ပစ္စည်း သယ်ဆောင်စက် (trolley robot CR 201) ကိုလည်းကောင်း ဆန်းသစ်တီထွင်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်