နေပြည်တော် ၈   ဇွန်

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ စတုတ္ထအကြိမ်မြောက် လှူဒါန်းမှုကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်က  ယနေ့ ဇွန်လ (၈) ရက်သည် မြန်မာနိုင်ငံနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံတို့အကြား သံတမန် ဆက်သွယ်မှု ထူထောင်သည့် နှစ် (၇၀) ပြည့် မြောက် သည့် အခါသမယဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ နှစ်နိုင်ငံ အပြန်အလှန် ချစ်ကြည်လေးစားမှု၊ ထောက်ခံမှု၊ ကူညီမှု၊ အတူတကွဖွံ့ဖြိုးမှုတို့ဖြင့် အေးအတူ ပူအမျှအသိုက် အဝန်းတစ်ခုကို ထူထောင်ခဲ့ရာ ကိုဗစ်-၁၉ ရောဂါဖြစ်စဉ်တွင်လည်း ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ဦးဆောင်၍ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်း များကိုဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်နိုင်မှု အခြေအနေသည် ကောင်းမွန်သည့်ဘက်သို့ ဦးတည်နေသည်ကို တွေ့ရှိရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ မိမိအနေဖြင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံကိုယ်စား လာရောက် လှူဒါန်းခြင်းဖြစ်ပြီး ယခုကဲ့သို့ လှူဒါန်းမှုများသည် မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများအတွက် အားဖြည့်ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ပါ ကြောင်း၊ ဆက်လက်၍လည်း နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ရင်းနှီးမှုဖြင့် အကျိုးတူပူးပေါင်း ဆောင်ရွက်မှုများမှ နှစ်နိုင်ငံပြည်သူများအတွက် အကျိုးပြုစေရန် ဆန္ဒမွန်ပြုအပ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျေးဇူးတင်စကားပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ်အတွက်သာမက (၂၀၁၇) ခုနှစ် ရာသီတုပ်ကွေး ရောဂါဖြစ်စဉ်တွင်လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနအတွက် ပံ့ပိုးမှုများ ပြုလုပ်ခဲ့ ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် ထားနိုင်ခြင်းမှာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အသိပညာပေး နှိုးဆော်မှု များကို ပြည်သူများကိုယ်တိုင်လိုက်နာဆောင်ရွက်ခြင်းနှင့် ပြည်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက် နေမှုများကြောင့် ဖြစ်ပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ယခု စတုတ္ထအကြိမ်လှူဒါန်းမှုများ အပါအဝင် စုစုပေါင်းအမေရိကန် ဒေါ်လာ (၆ဒသမ၃) သန်းတန်ဖိုးရှိသော ဆေး၊ ဆေးပစ္စည်း ကိရိယာနှင့် ဓာတ်ခွဲပစ္စည်းများကိုလှူဒါန်းခဲ့ပါကြောင်း၊ ထိုသို့လှူဒါန်းမှုများတွင် Alibaba Foundation နှင့် Jack Ma Foundation တို့မှလည်း အမေရိကန်ဒေါ်လာ (၁၄၂,၅၀၀) တန်ဖိုးရှိ လှူဒါန်းမှုများ ပြုလုပ်ခဲ့ ပါကြောင်း၊ ထို့အပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဆေးပညာရှင်များ မြန်မာနိုင်ငံသို့လာရောက်၍ COVID-19 ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ဆောင်ရွက်ခဲ့မှုနှင့် COVID-19 ဓာတ်ခွဲစစ်ဆေးမှုဆိုင်ရာ သင်တန်းများပြုလုပ်ပေးခဲ့ခြင်း တို့သည် မြန်မာနိုင်ငံအတွက် များစွာ အကျိုးရှိပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ လှူဒါန်းမှုများနှင့် ပံ့ပိုးကူညီမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ယခုကဲ့သို့ လှူဒါန်းခဲ့မှုများသည် ယခု ကိုဗစ်-၁၉ ဖြစ်စဉ် အတွက်သာမက နောင်အခါ အခြားသောလူနာများအတွက်လည်း အသုံးချဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လှူဒါန်းမှုကို လက်ခံပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာချန်းဟိုင်ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ စတုတ္ထအကြိမ်မြောက် လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၀၆) သန်း တန်ဖိုးရှိ ဆေးရုံသုံး ပါးစပ်နှင့်နှာခေါင်းစည်း (၁၄၀,၀၀၀)၊ N95 Mask (၃၀,၀၀၀)၊ မျက်လုံးအကာမျက်မှန် (၃၀,၀၀၀) ခုနှင့်  ရောဂါကာကွယ်ရေးဝတ်စုံ (၁၂,၀၀၀) အား လှူဒါန်းခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)