ရန်ကုန်  ၅ မေ

 

ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် ပြည်သူများက ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများ လှူဒါန်းခြင်း အစီအစဉ်ကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပြုလုပ်သည်။ 

 

ယင်းလှူဒါန်းမှုကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံး၏ အစီအစဉ်ဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး အဆိုပါ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင် လေယာဉ်သည် ယနေ့ မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံရုံးတို့မှ တာဝန်ရှိသူများက ကြိုဆိုကြသည်။

 

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်) ကူမား က မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ ကုသရေး ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများအား လွှဲပြောင်းပေးအပ်ရာ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သာထွန်းကျော် က လက်ခံရယူသည်။ 

 

လှူဒါန်းမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီးက “မြန်မာအစိုးရရဲ့ အကူအညီ တောင်းခံလာမှုအရ အခုလိုလှူဒါန်းတာပါ။  ကိုဗစ်-၁၉ ရောဂါ ကုသတဲ့အခါမှာ အဓိက အရေးကြီးဆေးဝါးတွေအပြင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အထောက်အကူပြုပစ္စည်းတွေ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ရဲ့ ဆက်ဆံရေးဟာ အမြဲတမ်းတိုးတက်နေတာ ဖြစ်တဲ့အတွက် ဆက်လက်ပြီးတော့လည်း တစ်နိုင်ငံနဲ့ တစ်နိုင်ငံ လိုအပ်ချက်တွေကို ကူညီသွားဖို့ရှိပါတယ်” ဟု ပြောသည်။ 

 

ယနေ့လှူဒါန်းမှုမှာ အမေရိကန်ဒေါ်လာ ကိုးသိန်းခန့် တန်ဖိုးရှိ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်း ၁၃ မျိုးဖြစ်ပြီး ဆက်လက်လှူဒါန်းမှုများ ပြုလုပ်သွားရန် အစီအစဉ် ရှိကြောင်း သိရသည်။

 

အလားတူ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် တရုတ်၊ ကိုရီးယား၊ စင်ကာပူနှင့် ဂျပန်နိုင်ငံတို့ကလည်း ဆေးဝါး၊ စက်ပစ္စည်းနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအား ထောက်ပံ့ ကူညီလှူဒါန်းမှုများ ပြုလုပ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်ထံမှ သိရသည်။

 

သတင်း-ဇော်ကြီး၊ ဓာတ်ပုံ- ဖေဇော်