နေပြည်တော် ၁၅ ဇွန်
ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများအား ဘက်စုံခြုံငုံဆန်းစစ်သုံးသပ်ခြင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစည်းအဝေး ခန်းမမှ Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုနှစ် ဇန်နဝါရီလကတည်းက စတင် ဆောင်ရွက်ခဲ့သည် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် အားသွန်ခွန်စိုက်ဆောင်ရွက်နေကြသည့် ဝန်ကြီးဌာနမှ အဆင့်ဆင့်သော ဝန်ထမ်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုအဆင့်မှ လုပ်ငန်းလမ်းညွှန်နှင့် လုပ်ထုံးလုပ်နည်းများ ပြုစုဖြန့်ဝေခြင်းနှင့် နှီးနွှယ်ဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နေကာ တိုင်းဒေသကြီး/ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များ၌ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း၊ သတ်မှတ်နေရာအဆောင်အဦများတွင် အသွားအလာ ကန့်သတ်စောင့်ကြပ် ကြည့်ရှုခြင်း၊ ကွင်းဆင်းဆောင်ရွက်ခြင်း၊ ကျန်းမာရေးအသိ ပညာပေးနှိုးဆော်ခြင်း၊ ဆေးနှင့်ဆေးပစ္စည်းများဝယ်ယူဖြန့်ဖြူးခြင်း၊ ဓာတ်ခွဲစစ်ဆေးခြင်း၊ သီးခြားထားရှိ ကုသမှုပေးခြင်း၊ ဒေသဆိုင်ရာအာဏာပိုင်များ၊ လူမှုရေးအဖွဲ့ အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဆောင်ရွက်နေပြီး အဆိုပါလုပ်ငန်း များအားလုံးကို ခြုံငုံသုံးသပ်ဆွေးနွေးပြီး ရှေ့လုပ်ငန်းစဉ်များ ချမှတ်မည်ဖြစ်သဖြင့် ယခုအစည်းအဝေးသည် ဝန်ကြီးဌာနအတွက် အလွန်အရေးကြီးပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရရှိသော ဘဏ္ဍာငွေ၊ လူ့စွမ်းအားအရင်းအမြစ်၊ နိုင်ငံတကာတွင် ရောဂါဖြစ်ပွားပျံ့နှံ့မှုပုံစံနှင့် အတိုင်းအတာ၊ နိုင်ငံတွင်းသို့ ကုန်၊ ရေ၊ လေ လမ်းကြောင်းများမှ မိမိနိုင်ငံသားများနှင့် ခရီးသည်များ ဝင်ရောက်မှု၊ နိုင်ငံတွင်း ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု အခြေအနေများ အပါအဝင် ပြောင်းလဲ လျက်ရှိသော ကပ်ရောဂါဗေဒဆိုင်ရာ အခြေအနေအရပ်ရပ်တို့ကို လေ့လာသုံးသပ်၍ လုပ်ငန်းနည်းဗျူဟာ များကိုလည်း မွမ်းမံဆောင်ရွက်လျက်ရှိ ပါကြောင်း။
ယခုအစည်းအဝေးတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသော တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများက ဖြစ်ပေါ်လျက်ရှိသော ပကတိအခြေအနေ များအား နောက်ခံထား၍ အားသာချက်များ၊ အားနည်းချက်များနှင့် လိုအပ်ချက်များကို ပွင့်လင်းစွာ ဆွေးနွေးကြစေလိုပါကြောင်း၊ အဆိုပါ ဆွေးနွေးချက်နှင့် အကြံပြုချက်များ အပေါ်မူတည်၍ ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရှေ့လုပ်ငန်းစဉ်ကို ချမှတ်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိတွင် မိမိတို့မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း ပေါ့ဆ၍မရဘဲ လုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊ ထုတ်ပြန်ထားသော လုပ်ငန်းလမ်းညွှန်များ၊ လုပ်ထုံးလုပ်နည်းများနှင့် နည်းဗျူဟာများကို တသမတ်တည်းမဟုတ်ဘဲ ပြောင်းလဲနေသော အခြေအနေအရပ်ရပ်နှင့်အညီ မွမ်းမံပြုပြင်သွားရမည်ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ သည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်သော ရောဂါ ဖြစ်သဖြင့် ရောဂါထိန်းချုပ်မှုလုပ်ငန်းများ ဆောင်ရွက်ရသည်မှာ အခြားလမ်းကြောင်းများမှတစ်ဆင့် ကူးစက်သော ရောဂါများထက် ပိုမိုခက်ခဲပါကြောင်း၊ ကိုဗစ်-၁၉ သည် ရောဂါအသစ်လည်း ဖြစ်သဖြင့် ဤရောဂါ၏ ပြောင်းလဲလာသည့် သဘောသဘာဝ ပုံစံကို သိရှိနိုင်ရန် သတင်းအချက်အလက် ရှာဖွေစုဆောင်းရေးအဖွဲ့ကို ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်မှာ ကောင်းမွန်ပါကြောင်း၊ ကပ်ရောဂါ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်ခဲ့ပုံကို ဖြစ်စဉ်တစ်လျှောက်လုံးကို စနစ်တကျ မှတ်တမ်းထားရှိခြင်းသည် အရေးကြီးပါကြောင်း၊ ယခုဆောင်ရွက်လျက်ရှိ သည့် နည်းဗျူဟာများ ရည်မှန်းထားသလာက် ထိရောက်မှုမရှိပါက မှတ်တမ်းများကို ပြန်လည် သုံးသပ်၍ လိုအပ်သလို ပြုပြင်အားဖြည့် ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် အချိန်ကိုက်ချိတ်ဆက်၊ ပေါင်းစပ်၊ ညှိနှိုင်းဆောင်ရွက် နိုင်ရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအကြား သတင်း အချက်အလက်များကို အချိန်နှင့် တစ်ပြေးညီ ဖလှယ်နိုင်ရန် ကိုဗစ်-၁၉ သတင်းအချက် အလက်စနစ် ကောင်းမွန်စေရေးသည် အဓိကကျပါကြောင်း၊ လက်တလောကာလ၌ ပြည်ပမှ ပြန်လာသူများတွင် ရောဂါကူးစက်ဖြစ်ပွားမှုများ တွေ့ရှိနေရသဖြင့် ပြည်ပမှ ပြန်လာသူများအား အသွားအလာကန့်သတ်ထားရှိမှု လုပ်ငန်းများကို စနစ်တကျ စည်းကမ်းများ၊ လုပ်ငန်းလမ်းညွှန်များ နှင့်အညီ တိတိကျကျ အထူးအလေးထား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ယခုအချိန်၌ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး၊ ကပ်ရောဂါဗေဒ ရှုထောင့်များအပြင် လူမှုရေး၊ စီးပွားရေး၊ ကုန်သွယ်ရေး၊ နိုင်ငံတကာဆက်ဆံရေး၊ ခရီးသွားလာရေး စသည့် ရှုထောင့်များကပါစဉ်းစားဆောင်ရွက်ရန် အရေးကြီးလာပြီ ဖြစ်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (ရောဂါနှိမ်နင်းရေး) ဒေါက်တာသန္တာလွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ဗဟိုကူးစက်) ဒေါက်တာထွန်းတင်နှင့် ညွှန်ကြားရေးမှူး (ဗဟိုကူးစက်) ဒေါက်တာတိုးသီရိအောင်တို့ က အပြည်ပြည်ဆိုင်ရာ လေဆိပ်များနှင့် နယ်စပ် ဝင်ထွက်ပေါက်များတွင် ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း၊ အသွားအလာ ကန့်သတ်ခြင်း၊ လူနာနှင့်ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်း၊ ကွင်းဆင်းအဖွဲ့များမှ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ကျန်းမာရေး အသိပညာပေးနှိုးဆော်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် ဆောင်ရွက်နေမှုများ၊ ပြည်သူ့ကျန်းမာရေးနှင့် ရောဂါဗေဒရှုထောင့် တို့မှ အားနည်းချက် နှင့် အားသာချက် ဆန်းစစ်သုံးသပ် ချက်များနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း။
ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး (ကုသရေး) ဒေါက်တာမိုးခိုင် က ကုသရေးဦးစီးဌာနမှ လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဓာတ်ခွဲအတည်ပြုလူနာများအား သီးခြားထားရှိ ကုသမှုပေးခြင်း၊ စနစ်တကျကုသမှုလုပ်ငန်းများ ကြီးကြပ်ဆောင်ရွက်ရန် တိုင်းဒေသကြီး/ ပြည်နယ်များ၌ Clinical Management Committee များ ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းများကို လည်းကောင်း။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ဒုတိယညွှန်ကြားရေး မှူးချုပ် ပါမောက္ခဒေါက်တာဌေးဌေးတင်က ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုများကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာနတွင်သာမက ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) နှင့် ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) တို့တွင် တိုးချဲ့ဆောင်ရွက်ခဲ့မှု၊ လက်ရှိတွင် ဆောင်ရွက်နေမှုအခြေအနေ များနှင့် ဓာတ်ခွဲပစ္စည်းလက်ကျန်စာရင်းကိုလည်းကောင်း။
ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာဆွေဇင်ဝင်းက ဆေးနှင့် ဆေးပစ္စည်းများဝယ်ယူမှု၊ သိုလှောင်မှုနှင့် ဖြန့်ဖြူးမှုတို့နှင့် ပတ်သက်၍ အားနည်းချက်နှင့် အားသာချက်ဆန်းစစ်သုံးသပ်ချက်များ နှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းများကိုလည်းကောင်း တင်ပြဆွေးနွေးခဲ့ကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ နှင့် တာဝန်ရှိသူများက သက်ဆိုင်ရာ နေရာဒေသအလိုက် ဆောင်ရွက်ခဲ့သည့်၊ ဆောင်ရွက်နေသည့်လုပ်ငန်းများမှ အားနည်းချက်နှင့် အားသာချက်ဆန်းစစ်သုံးသပ်မှုများ၊ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြပြီး အကြံပြုချက်များ ပေးအပ်သည်။
ထိုသို့ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


