နေပြည်တော် ၂၃ ဇွန်
အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့အနေဖြင့် ရှမ်းပြည်နယ်နှင့် ကယားပြည် နယ်တို့ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက် ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အသိအမှတ်ပြုဂုဏ်ပြုခြင်းကို ယနေ့တွင် ဘုရားဖြူ ဓမ္မဥယျာဉ်၌ ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ဦးဆောင်အဖွဲ့အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ၊ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်၊ လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ဘုရားဖြူဓမ္မဥယျာဉ်၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့် နေရာသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံစဉ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ စေတနာ့ ဝန်ထမ်းများအတွက် သင်တန်းလက်စွဲစာအုပ် ပြုစုထုတ်ဝေပြီး လေ့ကျင့်သင်ကြားပေးမှု၊ Quarantine Center များ၏ အတွင်းစည်းတာဝန်ထမ်းဆောင်နေကြပြီး သင်တန်းမတက်ရောက်ရ သေးသည့် စေတနာ့ဝန်ထမ်းများအတွက် အွန်လိုင်းဖြင့် လေ့ကျင့်သင်ကြားပေးမှု၊ လိုအပ်သော ပံ့ပိုးကူညီမှုများ ဆောင်ရွက်မှုနှင့် အသိအမှတ်ပြုဂုဏ်ပြုလွှာများ ပေးအပ်မှုအခြေအနေများကို ရှင်လင်း ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ် များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များ အားလုံး အတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီးထံ ပေးအပ်ပြီး စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့်နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်နှင့် ပရဟိတကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၁၅၆) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၇၄) ဦး၊ အသက် (၆၀) နှင့်အထက် သက်ကြီးရွယ်အို (၁၅) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၃၅၀၀၀၀) ကို ပြည်ထောင်စုဝန်ကြီးက စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်သည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ကယားပြည်နယ်၊ လွိုင်ကော်မြို့သို့ရောက်ရှိပြီး လွိုင်ကော်ပညာရေးကောလိပ်၌ Quarantine Center အဖြစ်ဖွင့်လှစ်ထားသည့်နေရာတွင် ကယားပြည်နယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းစဉ်များတွင် ပါဝင်ကူညီဆောင်ရွက်ပေးကြသည့် စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များအားလုံးအတွက် အသိအမှတ်ပြုဂုဏ်ပြုလွှာများကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှို ထံပေးအပ်ပြီး စေတနာ့ဝန်ထမ်းရင်ထိုးတံဆိပ်များ၊ ပါးစပ်နှင့် နှာခေါင်းစည်းများနှင့် လက်သန့်ဆေးရည်များကို စေတနာ့ဝန်ထမ်းကိုယ်စားလှယ်နှင့် ပရဟိတ ကိုယ်စားလှယ်တို့ထံ ပေးအပ်သည်။
ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ရန်ပုံငွေဖြင့် ကယားပြည်နယ် Quarantine Center များရှိ ကိုယ်ဝန်ဆောင်မိခင် (၁၂) ဦး၊ အသက် (၅) နှစ်အောက် ကလေး (၈) ဦး၊ အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အို (၄) ဦးတို့အတွက် တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၃) သောင်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် (၇၂၀၀၀၀) ကို ပြည်ထောင်စု ဝန်ကြီးက စခန်းတာဝန်ခံတစ်ဦးထံသို့ ပေးအပ်သည်။
ယနေ့စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့က ရှမ်းပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၂၈၆၉) ဦး၊ ပရဟိတအဖွဲ့ (၂၅၄) ဖွဲ့၊ ကယားပြည်နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း (၇၅) ဦး၊ ပရဟိတအဖွဲ့ (၁၅) ဖွဲ့တို့အတွက် ပေးအပ်ခဲ့သည့် ဂုဏ်ပြုလွှာများကို သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့ တာဝန်ရှိသူများက အဆင့်ဆင့် စိစစ်၍ လက်ဝယ်အရောက် ဆက်လက်ပေးအပ်သွားမည်ဖြစ်သည်။
စေတနာ့ဝန်ထမ်း ဦးဆောင်အဖွဲ့အနေဖြင့် ဂုဏ်ပြုလွှာများပေးအပ်ခဲ့ပြီးသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စာရင်းကျန်ရှိခြင်းများရှိပါကလည်း စိစစ်၍ မြို့နယ်စေတနာ့ဝန်ထမ်းပံ့ပိုး ကူညီရေးအဖွဲ့ တာဝန်ရှိသူများကတစ်ဆင့် ဂုဏ်ပြုလွှာများ ထပ်မံပေးအပ်လျက်ရှိပြီး ကျန်ရှိသည့် တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ယနေ့ ရှမ်းပြည်နယ်နှင့် ကယားပြည်နယ်များအတွင်း ဂုဏ်ပြုလွှာများပေးအပ်ခြင်းနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရောဂါပြန့်ပွားမှုမရှိစေရေး လိုက်နာရန် ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)


