ရန်ကုန် ၂၉ ဧပြီ
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့ အသုံးပြုရန်အတွက် တိုင်းရင်းသားဘာသာစကား အသံဖိုင်များပါဝင်သည့် Hand Speaker များ လှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ကျင်းပသည်။
အခမ်းအနားတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက နှုတ်ခွန်းဆက် အဖွင့်အမှာစကား ပြောကြားပြီး အလှူရှင် ဒေါက်တာသန်းစိုးက လှူဒါန်းရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဒေါက်တာသန်းစိုးနှင့် ဇနီးဒေါ်တင်သူဇာတို့က ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးနှင့် စပ်လျဉ်း၍ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းရေးကော်မတီတို့ အသုံးပြုရန်အတွက် Hand Speaker အလုံး ၂၀ ကိုလှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
ဒေါက်တာသန်းစိုးက “ Hand Speaker နဲ့အတူ အသံဖိုင်ပါ တွဲသုံးလို့ရတာတွေကို လာလှူတာပါ။ အသံဖိုင်တွေ ကလည်း ကျန်းမာရေးနဲ့ အာကစားဝန်ကြီးဌာနကနေ ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို မူတည်ပြီးတော့ ထုတ်ထားတာပါ။ ရည်ရွယ်ချက်ကတော့ ကိုဗစ်-၁၉ နဲ့ ပတ်သက်ပြီး ဆောင်ရွက်တာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ Hand Speaker တွင် ကိုဗစ်-၁၉ အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို နိုင်ငံကျော် အနုပညာရှင်များ၊ တေးသံရှင်များနှင့် တိုင်းရင်းသားအနုပညာရှင်များက မေတ္တာဖြင့် ပါဝင်ကူညီပေးထား သည့် အသံဖိုင်များ ပါဝင်ကြောင်း သိရသည်။
“အသံဖိုင်တွေမှာ တိုင်းရင်းသား ဘာသာစကားအနေနဲ့ ရှမ်းဆိုရင် အောက်စဖိုဒ့် ဆရာတော်ကြီးက မိန့်မှာ ပေးထားတယ်။ ပိုးကရင်၊ စကောကရင် နှစ်ဘာသာနဲ့ ပြောပေးထားသလို တမီးလ်၊ ဟိန္ဒူ ၊ ဂေါ်ရခါးရ်၊ တရုတ်ပညာရှင် တွေကလည်း သူတို့ဘာသာစကားအလိုက် ကူညီပေးထားကြတယ်” ဟု ဒေါက်တာသန်းစိုးက ပြောသည်။
ကော်မတီဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ခင်ဇော်ဦးက “ Hand Speaker တွေ လာလှူတာ အဓိကက အဲဒီအထဲမှာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ တစ်ဦးချင်းကာကွယ်လိုက်နာရမယ့် ကိစ္စတွေ၊ သတင်းစကား တွေ၊ ထုတ်ပြန်ချက်တွေကို တိုင်းရင်းသားဘာသာစကားတွေ အပါအဝင် ဘာသာစကား (၁၀)မျိုး ထည့်သွင်းပေးထား ပါတယ်။ ကော်မတီကို စဖွဲ့ပြီလို့ သတင်းရတဲ့အချိန်မှာပဲ အခုလို ဆက်သွယ်လှူဒါန်းတာပါ။ အဲဒါတွေကို တိုင်းရင်းသား ဒေသတွေဆီ ဖြန့်ခွဲပေးသွားဖို့ ရှိပါတယ်” ဟု ပြောသည်။
သတင်း-ညွှန့်ကိုကို၊ ဓာတ်ပုံ-ဖိုးထောင်


