ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် လူဦးရေကို ဧပြီလကုန် အပြီးထိုးနှံနိုင်ရေး ကြိုးပမ်း ဆောင်ရွက်သွားကြရမည်

ပဲခူး ဧပြီ ၂၅
         
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဧပြီလ (၂၅) ရက်နေ့၊ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် (၈/၂၀၂၂) ကို Online Zoom Meeting System ဖြင့် ကျင်းပသည်။
         
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မိမိတို့နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို အမျိုးသားရေး ရည်မှန်းချက်တစ်ရပ်အနေဖြင့် အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက် ရှိသဖြင့် အခြားနိုင်ငံများကဲ့သို့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း၌လည်း မြို့နယ်အလိုက် ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမရှိသလောက် နည်းပါးခဲ့ရခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား အရှိန်အဟုန်ဖြင့် ထိုးနှံနိုင်ခဲ့ခြင်းကြောင့် ဖြစ်သော်လည်း ထပ်မံကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် လူဦးရေကိုလည်း ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း မှာကြားသည်။
         
ထို့နောက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား နေ့စဉ်သတ်မှတ်လူဦးရေအတိုင်း ဧပြီလကုန်အပြီး ထိုးနှံနိုင်ရေးနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြကြသည်။
 
ယင်းနောက် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးက နိုင် (၄) စာရင်းများ Server အတွင်းသို့ ဧပြီလကုန်အပြီး ထည့်သွင်းဆောင်ရွက်နိုင်ရေးကိုလည်းကောင်း၊ အစိုးရအဖွဲ့အတွင်းရေးမှူး က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးရမည့် သတ်မှတ်လူဦးရေအတိုင်း အပြည့်အဝ ထိုးနှံပေးနိုင်ရေးကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးချုပ် မြတ်ကိုက လိုအပ်ပါက လုံခြုံရေးနှင့် တပ်မတော်ဆေးတပ်ဖွဲ့များ ကူညီဆောင်ရွက်ပေးသွားမည့် အခြေအနေကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်