၁၅ ဩဂုတ်
ကိုဗစ်- ၁၉ ကာကွယ်ဆေးနဲ့ ကာကွယ်ကုသမှုတွေကို ရှာဖွေရာမှာ အမေရိကန်ဒေါ်လာ ဘီလီယံချီပြီး ရင်းနှီးမြှုပ်နှံကြဖို့ ကမ္ဘာ့နိုင်ငံများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ ကိုဗစ် -၁၉ အကျပ်အတည်းကြောင့် စီးပွားရေးပျက်စီးဆုံးရှုံးမှု အကြီးအကျယ်ဖြစ်နေတာနဲ့စာရင် အခုလို ရင်းနှီးမြှုပ်နှံမှုပြုတာဟာ မပြောပလောက်ဘူးလို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။
ဟန်ကျတဲ့လောင်းကြေးတစ်ခု
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့ကပ်ရောဂါရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ အမေရိကန်ဒေါ်လာ ထရီလီယံချီပြီး ကုန်ကျနေတာထက် စာရင် အခုလို ကာကွယ်ဆေးထုတ်တဲ့နေရာမှာ ပုံအော လိုက်တာက ဟန်ကျတဲ့ လောင်းကြေးတစ်ခုပါပဲလို့ ပြောကြားလိုက်ပါတယ်။
ကုလသမဂ္ဂအေဂျင်စီတစ်ခုရဲ့ အကြီးအကဲဖြစ်တဲ့ တက်ဒရော့စ်အက်ဒါနွမ်ဂီဘရီယက်စ်ဆုစ်က ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ဦးဆောင်နေတဲ့ ACT- Accelerator programe မှာ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ တောင်းဆိုထား ပါတယ်။ အဲဒီအစီအစဉ်က ကိုဗစ်-၁၉ ကို တိုက်ဖျက်ဖို့ ကမ္ဘာ့သုတေသနပြုလုပ်ဆောင်ရွက်ချက်တွေနဲ့ ဖွံ့ဖြိုး တိုးတက်မှုတွေ၊ ထုတ်လုပ်မှုတွေနဲ့ ဝယ်ယူတာတွေကို မျှဝေသွားမှာ ဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ကိုဗစ်- ၁၉ ကြောင့် နှစ်နှစ်ကျော် အတွင်းမှာ အမေရိကန်ဒေါ်လာ ၁၂ ထရီလီယံလောက် ကုန်ဆုံးသွားတယ်ဆိုတဲ့ ဖော်ပြချက်ကို ကိုးကားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့အကြီးအကဲက ကမ္ဘာ့နိုင်ငံတွေကို ကိုဗစ် -၁၉ နဲ့ ပတ်သက်ပြီး အဖြေစုပေါင်းထုတ်တဲ့ နေရာမှာ ပိုက်ဆံတွေကို သုံးစွဲဖို့လည်း တိုက်တွန်းထား ပါတယ်။
ရင်းနှီးမြှုပ်နှံနိုင်တဲ့အကောင်းဆုံးအရာ
ဒါဟာကမ္ဘာကြီးတစ်ခုလုံး ရင်းနှီးမြှုပ်နှံနိုင်တဲ့ အကောင်းဆုံး စီးပွားရေးလှုံ့ဆော်မှုပေးတဲ့အရာ တစ်ခုဖြစ်ကြောင်း တက်ဒရော့စ်က ပြောကြားလိုက်ပါတယ်။
ACT- Accelerator အစီအစဉ်ထဲကို ရန်ပုံငွေ စိုက်ထည့်ဖို့ အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၃ ဘီလီယံ လိုအပ်နေပါတယ်။ ထို့အပြင် သူက စွန့်စားမှုတွေ ကိုမျှဝေပြီး ရလဒ်တွေကို အတူခံစားတာက တစ်ဦး တစ်ယောက်တည်း လုပ်ဆောင်ရတာထက်စာရင် ပိုကောင်းပါတယ်လို့ သူကပြောပါတယ်။ တစ်ဦးတစ်ယောက်ချင်း စွန့်စားရတာ ပိုမို အကုန် အကျများပြီး အန္တရာယ်ရှိတဲ့ လောင်းကစားတစ်ခုဖြစ် ကြောင်း သူက ဆက်ပြောပါတယ်။
ကာကွယ်ဆေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင် ရတာကြာပြီး ရှုပ်ထွေးကာ အန္တရာယ်လည်းများသလို အကုန်အကျလည်းများပြီး ကာကွယ်ဆေးအများစု အစောပိုင်းဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရာမှာ ကျဆုံးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အကောင်းဆုံးတစ်ခုကို ရွေးဖို့လို
ကာကွယ်ဆေးအမျိုးမျိုး ဖော်စပ်နေတဲ့သူတွေအနေနဲ့ အမျိုးမျိုးသော ကာကွယ်ဆေးပုံစံများကို ထုတ်လုပ် လျက်ရှိရာ သူတို့ထဲက အကောင်းဆုံးတစ်ခုကို ရွေးဖို့လိုကြောင်း တက်ဒရော့စ်က ပြောကြားလိုက်ပါတယ်။
ရုရှားနိုင်ငံက ဩဂုတ် ၁၁ ရက်တွင် ကိုဗစ် -၁၉ ကာကွယ်ဆေးကို အတည်ပြုနိုင်ခဲ့ပြီဖြစ်ကြောင်း ကြေညာ ခဲ့ပါတယ်။ သို့သော်လည်း နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ လူပေါင်း ၂၀၀၀ ကျော် ပါဝင်စမ်းသပ်ဖို့ လိုအပ်နေပြီး အဆိုပါ စမ်းသပ်မှုကို ဩဂုတ် ၁၂ ရက်တွင် စတင်လုပ်ဆောင် ခဲ့ကြောင်း သိရပါတယ်။
ACT- Accelerator အစီအစဉ်ကို ဦးဆောင်နေသူ ဘရုစ်အာရယ်ဝက်ဒ်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကို မော်စကိုရဲ့ နောက်ထပ်အသေးစိတ်အချက်အလက်တွေကို ထပ်မံစောင့်ဆိုင်းဖို့ လိုသေးတယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်
မိမိတို့ဟာ လတ်တလောမှာ နောက်ထပ် သတင်း အချက်အလက်တွေရဖို့ ရုရှားနဲ့ ဆွေးနွေးမှုတွေ လုပ်ဆောင် နေကြောင်း၊ ထုတ်လုပ်ခြင်းနဲ့ စမ်းသပ်ခြင်းစတဲ့ အဆင့်တွေကိုနားလည်ကြောင်းနဲ့ နောက်ထပ်အဆင့်တွေကို စိတ်ဝင်စားမိကြောင်းလည်း ဘရုစ်အာရယ်ဝက်ဒ်က ပြောပါတယ်။
ကာကွယ်ဆေးပေါင်း ၁၆၈ မျိုးကို ကမ္ဘာတစ်ဝန်း လုပ်ဆောင်လျက်ရှိကြောင်း၊ အဆိုပါကာကွယ်ဆေးများ ထဲတွင် ကာကွယ်ဆေး ၂၈ မျိုးကို လူသားများတွင် စတင် စမ်းသပ်လျက်ရှိကြောင်း၊ အဲဒီ ၂၈ မျိုးထဲက ကိုးမျိုးဟာ ACT- Accelerator အစီအစဉ်ပဲဖြစ်ကြောင်း၊ အဆိုပါ ကိုးမျိုးတွင် ရုရှားကာကွယ်ဆေး မပါဝင်ကြောင်း ဘရုစ်အာရယ်ဝက်ဒ်က ဆက်လက်ပြောကြားပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဆေးဘက်ဆိုင်ရာဆန်းစစ် အကဲဖြတ်သူ အကြီးအကဲ မာရီယမ်ဂီလာဆီမိုက ကာကွယ် ဆေးဖော်စပ်ဖို့ အဖွဲ့တွေအတော်များများ ကြိုးစားလျက် ရှိပြီး ဘယ်သူကရှေ့မှာ ပြေးနေသလဲ၊ ဘယ်တစ်ခုက တကယ်ထိရောက်မလဲဆိုတာကို မသိနိုင်သေးဘူးလို့ ပြောပါတယ်။
ကမ္ဘာ့အဆင့်ဆက်သွယ်ဆောင်ရွက်
မိမိတို့အနေနဲ့ ကမ္ဘာ့အဆင့်နဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ နိုင်ငံတွေကို အားပေးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကမ္ဘာ့ အဆင့် ဆက်သွယ်ဆောင်ရွက်မယ်ဆိုရင် ပိုကောင်းတဲ့ နည်းလမ်းတွေကို မျှဝေသိရှိနိုင်လို့ပဲဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
ဥရောပသမဂ္ဂက အမေရိကန်ဆေးကုမ္ပဏီဖြစ်တဲ့ ဂျွန်ဆင်အင်န်ဂျွန်ဆင်က ထုတ်လုပ်တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၄၀၀ ကို ကြိုတင်မှာထားတယ်လို့ ဩဂုတ် ၁၃ ရက်က ပြောပါတယ်။
ဇူလိုင် ၃၁ ရက်ကလည်း ဥရောပကော်မရှင်က နောက်ထပ် ပြင်သစ်ကုမ္ပဏီဖြစ်တဲ့ ဆနိုဖီက ထုတ်လုပ် တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေး သန်း ၃၀၀ ကိုလည်း ကြိုတင်မှာထားခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလတွင် တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားလာသော ကိုဗစ် -၁၉ ရောဂါကြောင့် ကမ္ဘာပေါ်မှာ လူပေါင်း ၇၅၀၀၀၀ ကျော်သေဆုံးခဲ့ပြီး ၂၁ သန်းနီးပါး ကူးစက်ပျံ့နှံ့ခဲ့ကြောင်း သိရသည်။
မုန်တိုင်းရဲ့အလယ်ကိုရောက်နေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရေးပေါ်အခြေအနေဆိုင်ရာ ညွှန်ကြားရေးမှူး မိုက်ကယ်ရန်က ကမ္ဘာ့လူဦးရေ အနည်းဆုံးပမာဏသာ ကိုဗစ် -၁၉ ကူးစက်ခံထားရ သေးတယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။ တကယ်လို့ ကျွန်တော်တို့က သူ့ကို ခွင့်ပြုလိုက်မယ် ဆိုရင် သူက အချိန်ကြာကြာ လောင်ကျွမ်းနေလိမ့် မယ်လို့ ပြောပါတယ်။ ကျန်ရှိနေတဲ့ အများစုလည်း ဗိုင်းရပ်စ်ကူးစက်နိုင်တယ်လို့ သူက သတိပေးထားပါ တယ်။ မိမိတို့ဟာ မုန်တိုင်းရဲ့ အလယ်ကိုရောက်နေတယ်လို့ သူကဆက်ပြောပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကိုဗစ်-၁၉ နည်းပညာပိုင်းဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ မာရီယာဗန်ကာခေါ့ဗ်က တနိုင်ငံတွေက တစ်ဦးတည်းနေလည်း ကိုဗစ်-၁၉ ကူးစက်နိုင်တယ်လို့ ပြောကြားထားပါတယ်။ သို့သော်လည်း အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။
ကိုဗစ် -၁၉ ကို ကမ္ဘာကြီးတစ်ခုလုံး စုပေါင်းတွန်းလှန်မှ အောင်မြင်နိုင်မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်တည်း၊ တစ်နိုင်ငံတည်းဖြေရှင်းတာထက်စာရင် အားလုံးစုပေါင်းဖြေရှင်းခြင်းဟာ အချိန်ကုန်လည်းသက်သာသလို ထိထိရောက်ရောက်လည်း ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ ။
ကိုးကား-အေအက်ဖ်ပီ