မြိတ်၊ ၃၁ ‌ဇန်နဝါရီ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ ကန်ကြီးနယ်မြေ သာကေတရပ်ကွက် ကမ်းနားလမ်း မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံးရှိ (၇)လွှာ အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၃၁ နံနက် ၉ နာရီခွဲက ကိုဗစ်-၁၉  ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော်သို့ လွှဲပြောင်းလှူဒါန်းမည့် အလှူငွေကျပ်သိန်း (၃၀၀၀) လှူဒါန်းပွဲကျင်းပခဲ့ကြောင်း သိရသည်။

အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက နိုင်ငံတော်အတွက် လိုအပ်နေသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဝယ်ယူနိုင်ရေးအတွက် ယခုကဲ့သို့ မြိတ်ဒေသအနေဖြင့် တစ်ဖက်တစ်လမ်းမှ ပူးပေါင်းပါဝင်ကူညီသည့်အတွက် အလွန်ဝမ်းသာ ဂုဏ်ယူမိကြောင်း ပြောကြားသည်။ ဆက်လက်၍ မြိတ်ခရိုင် ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြိတ်ခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးက ယခုလှူဒါန်းမှုသည် နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဝယ်ယူရေးအတွက် များစွာအထောက်အကူရမည် ဖြစ်သည့်အတွက် တနင်္သာရီတိုင်းဒေသကြီးအတွက် ဂုဏ်ယူကြောင်း၊ အလှူရှင်များကိုလည်း ကျေးဇူးတင်ရှိကြောင်းနှင့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်၍ မြိတ်ခရိုင်အတွင်း စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှသန်းက ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် ကမ်းဝေး (ငါးဖမ်း၊ ငါးသယ်၊ ကင်းမွန်) ရေလုပ်ငန်းရှင်များနှင့် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်တို့က အလှူငွေပေအပ်လှူဒါန်းခဲ့ရာ တနင်္သာရီတိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုနှင့် ကိုယ်စားလှယ်များက လက်ခံခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူနိုင်ရန်အတွက် မြိတ်မြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များနှင် ဒေသခံပြည်သူများ လှူဒါန်းပေးအပ်ထားသည့် အလှူငွေများမှာ ကျပ်‌သိန်းပေါင်း (၆၄၀၀) ကျော် ရရှိနေပြီဖြစ်သည်။ ထိုသို့ အများပြည်သူ လှူဒါန်းပေးအပ်ထားသည့် အလှူငွေများကို မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အထောက်အကူပြုကော်မတီနှင့် မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်းကော်မတီမှ လွှဲပြောင်းလက်ခံထားပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရရှိရေးအတွက် ရန်ပုံငွေစီမံခန့်ခွဲမှုဆပ်ကော်မတီ မြန်မာ့စီးပွားရေးဘဏ်(နေပြည်တော်)သို့ တစ်ဆင့် လွှဲပြောင်းလှူဒါန်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

မြင့်ဉီး(မြိတ်)