ကိုဗစ်-၁၉ ကာကွယ်ရေး စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့အတွက် စားသောက်ကုန်များထောက်ပံ့

မယ်စဲ့  ၅   မေ

           

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ ပူးပေါင်းအဖွဲ့ဖြင့် နေ့စဉ် ကျန်းမားရေးစစ်ဆေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ စစ်ဆေးရေးဂိတ်များတွင် တာဝန်ထမ်းဆောင်နေသော ပူးပေါင်းအဖွဲ့များ စားသောက်ရေး အဆင်ပြေစေရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သည့် စားသောက်ကုန်များအား ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရသည်။

           

ထိုသို့ထောက်ပံ့ရာတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းပန်ဖ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက မယ်ဆည်နမ်စစ်ဆေးရေးဂိတ်နှင့် နမ့်မန်း စစ်ဆေးရေးဂိတ်တို့တွင် တာဝန်ကျနေသည့် ပူးပေါင်းအဖွဲ့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ စစ်ဆေးရေးဂိတ် တစ်ဂိတ်လျှင် (၁၅)ရက်စာ ဆန် ၂၁ ပြည်၊ ဆီ ၂ ပိဿာ ၃၅ ကျပ်သား၊ ဆား ၇၅ ကျပ်သား၊ ငရုတ်သီးခြောက် ၄၅ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ ၃၅ ကျပ်သား၊ ပဲ ၅ ပိဿာ ၃၅ ကျပ်သား၊ အာလူး ၁ ပိဿာ ၁၀ ကျပ်သားနှင့် မယ်စဲ့မြို့နယ် လွှတ်တော်ကိုယ်စားလှယ်များမှ စစ်ဆေးရေးဂိတ် တစ်ဂိတ်လျှင် ဆန် ၂၄ ပြည်၊ ဆီ ၉၀ ကျပ်သား၊ ဆား ၁ ပိဿာ ၅၀ ကျပ်သားတို့ကို သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)