မြိတ် ၁၃ ဇွန်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ်ကွက်ရှိ တပ်ပြင်ဈေးအရှေ့၌ ပြည်သူမျာအား “ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး” ပညာပေးမြေစိုက်ပိုစတာကို ဇွန် ၁၃ ရက် နံနက် ၁၀ နာရီက ငါးလုပ်ငန်းဦးစီးဌာနမှ စိုက်ထူ၍ ပြည်သူများနှင့် ဈေးသူဈေးသားများအား လက်ကမ်းစာစောင် ဖြန့်ဝေပညာပေးခဲ့ကြသည်။
“ကိုဗစ်-၁၉ ကာကွယ်ရန် ငါးရိက္ခာတွေ များများစားသုံးပေးနိုင်ဖို့အတွက် အများပြည်သူ ကျယ်ပြန့်စွာ သိရှိရအောင် ပညာပေးပိုစတာတွေ စိုက်ထူခြင်းဖြစ်ပါတယ်။ ငါးပုစွန်တွေစားသုံးခြင်းအားဖြင့် ခန္ဓာကိုယ်မှာလိုအပ်တဲ့ဓာတ်တွေ အများစုကိုရရှိမယ်။ ရရှိတဲ့အခါကျတော့ ကိုယ်ခံအားတွေကောင်းလာမယ်။ ကိုယ်ခံအားတွေ ကောင်းလာခြင်းအားဖြင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကိုဗစ်-၁၉ ရောဂါကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ငါးလုပ်ငန်းဦးစီးဌာနအနေနဲ့ အများပြည်သူသိအောင် တစ်နိုင်ငံလုံး ကျယ်ပြန့်စွာ လိုက်လံဆောင်ရွက်နေခြင်း ဖြစ်ပါတယ်” မြိတ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးရန်ကင်းက ပြောသည်။
ပညာပေးမြေစိုက်ပိုစတာတွင် ငါးစားသုံးခြင်းသည် ကျန်းမာရေး (အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး) အတွက် အကျိုးရှိစေခြင်း၊ ငါးအသားဓာတ်တွင် ပါဝင်သော အသားဓာတ်ရာခိုင်နှုန်း၊ ငါးအာဟာရဓာတ်၊ ငါးပုံမှန်စားသုံးခြင်းဖြင့် ရရှိလာသော အကျိုးကျေးဇူးများနှင့် ကလေးငယ်များ စားသုံးသင့်သည့် ငါးအာဟာရဓာတ်များ စသည့် အကြောင်းအရာများ ဖော်ပြပါရှိသည်။
မြေစိုက်ပိုစတာကို တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင့်အောင်၊ မြိတ်ခရိုင်/မြို့နယ် ဦးစီးမှူးနှင့် ဝန်ထမ်းများက စိုက်ထူခဲ့ကြပြီး ဈေးအတွင်းတွင် ဈေးသူဈေးသားများနှင့် ဈေးဝယ်လာသူများအား “ကိုဗစ်-၁၉ ကာကွယ်ရေး ငါးရိက္ခာများစားသုံးပေး” ပညာပေးလက်ကမ်း စာစောင်ကို ဖြန့်ဝေပညာပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


