နေပြည်တော် ၂၀ မတ်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်အောက်ရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများနှင့် ပြည်ပနိုင်ငံများသို့ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများကို လတ်လော ဖြစ်ပွားနေသော ကူးစက်ရောဂါ ကိုဗစ်-၁၉ တားဆီးကာကွယ်နိုင်ရန်အတွက် ပြည်ပသို့ အလုပ်သမားစေလွှတ်ခြင်းကို မတ် ၁၈ ရက်မှစတင်၍ ယာယီဆိုင်းငံ့ထားကြောင်း သိရှိရသည်။
ပြည်ပသို့ အလုပ်သမားစေလွှတ်ခြင်းအပြင် ရန်ကုန်မြို့၊ ဘားအံမြို့၊ မြဝတီမြို့နှင့် ကော့သောင်း မြို့များတွင် အလုပ်ရှင်၊ အလုပ်သမား အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ် ချုပ်ဆိုခြင်း၊ ရန်ကုန်မြို့၊ မြဝတီမြို့နှင့် ကော့သောင်းမြို့များတွင် ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြားထုတ်ပေးခြင်း၊ ပြည်ပ အလုပ်အကိုင် လမ်းညွှန်သင်တန်းများ ဖွင့်လှစ်ခြင်း၊ ပြည်ပအလုပ် အကိုင်အကျိုးဆောင် လိုင်စင်ရ အေဂျင်စီများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် အလုပ်ခေါ်စာများ တင်ပြဆောင်ရွက်ခြင်း၊ အလုပ်သမားသံအရာရှိများမှ အလုပ်ခေါ်စာ စိစစ်ထောက်ခံခြင်း စသည့် လုပ်ငန်းစဉ်များအားလုံးကိုလည်း ယာယီဆိုင်းငံ့ထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရှိရသည်။
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာမည့် မြန်မာ ရွှေ့ပြောင်းအလုပ်သမားများသည် သက်ဆိုင်ရာ နိုင်ငံများ၏ ကိုရိုနာဗိုင်းရပ်စ် ရောဂါဖြစ်စဉ် ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ညွှန်ကြားချက်များကို တိကျစွာလိုက်နာကြရန် လိုအပ်ကြောင်း အဆိုပါ ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။
ပြည်ပနိုင်ငံများတွင် ရောက်ရှိနေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် အခက်အခဲ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက သက်ဆိုင်ရာနိုင်ငံရှိ မြန်မာသံရုံးများအပြင် ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံတို့ရှိ မြန်မာအလုပ်သမား သံအရာရှိ ရုံးများသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်းကိုလည်း ယနေ့ရက်စွဲဖြင့် ဝန်ကြီးဌာနမှ ကြေညာချက် ထုတ်ပြန်ထားသည်။
ခင်ရတနာ
အလုပ်သမားသံအရာရှိများ
| ကိုရီးယားသမ္မတနိုင်ငံ | ဦးဇေယျာတင်ဝင်းထင် | (၀၀၈၂) ၀၁၀၃၇၉၉၄၆၉၀ |
| ထိုင်းနိုင်ငံ | ဦးမျိုးမြင့်နိုင် | (၀၀၆၆) ၀၉၄ ၈၈၄၅ ၄၈၄ |
| ဦးကျော်စိုးဝေ | (၀၀၆၆) ၀၆၅ ၂၂၀၆ ၉၅၁ | |
| ဦးရဲရန်အောင် | (၀၀၆၆) ၀၆၅ ၂၂၀၆ ၉၅၂ | |
| ဦးဝေလင်းမောင် | (၀၀၆၆) ၀၆၅ ၂၂၀၆ ၉၅၃ | |
| ဦးဇော်မင်းထွေး | (၀၀၆၆) ၀၉၉ ၀၅၉၂ ၃၅၂ | |
| မလေးရှားနိုင်ငံ | ဦးကျော်လင်းထွန်း | (၀၀၆၀) ၀၁၇ ၂၂၃ ၆၄၉၀ |
| ဦးအောင်ဇော်မင်း | (၀၀၆၀) ၀၁၇ ၂၂၃ ၆၅၁၅ |


